International News

ထိုင်းနိုင်ငံ၏ လေဆိပ်စီမံခန့်ခွဲမှုစနစ်တွင် ဘေဂျင်းလေဆိပ်တွင် ဆောင်ရွက်လျက်ရှိသည့် ဉာဏ်ရည် တု (Artificial Intelligence-AI) စနစ်ကဲ့သို့ ဆောင်ရွက်သွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံကို ဒေသတွင်း လေကြောင်းအချက်အချာအဖြစ် ဆောင်ရွက်သွားမည့် အစိုးရ၏ အစီ အစဉ်တစ်ခုတွင် အပါအဝင်ဖြစ်သော လေဆိပ်စီမံခန့်ခွဲမှုစနစ် မြှင့်တင်နိုင်ရေးအတွက်  ဉာဏ်ရည်တု (Artificial Intelligence-AI) စနစ် လက်ခံကျင့်သုံးသွားရန်ရှိကြောင်း ပို့ဆောင်‌ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

ဝန်ကြီးချုပ် Mr. Srettha Thavisin နှင့် ပို့ဆောင်ရေးဝန်ကြီး Mr. Suritya Jungrungreangkit တို့ ဘေဂျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်၏ နောက်ဆက်တွဲအဖြစ် လေဆိပ်စီမံခန့်ခွဲမှုစနစ်တွင် AI အသုံးပြုမည့် နည်းလမ်းကို ချပြခဲ့ခြင်းဖြစ်ကြောင်း၊ AI အကူအညီဖြင့် လေယာဉ်များမှ ခရီးသည်တို့၏ လက်ဆွဲအိတ်များ အတင်အချ၊ လေယာဉ်သန့်ရှင်းရေးနှင့် လေယာဉ် မထွက်ခွာမီလိုအပ်သော ပြင်ဆင်မှုများအတွက် လိုအပ်သော အချိန်ကို လျှော့ချနိုင်ခဲ့ကြောင်း၊ AI နည်း ပညာသုံးစီမံခန့်ခွဲမှုစနစ်သည် ခရီးသည်များပြန်လည်ထွက်ခွာရာ၌ ခရီးသည်တစ်ဦးချင်းစီ၏ ရောက်ရှိ ချိန်နှင့် ပြန်လည်ထွက်ခွာချိန်ကြား ပျမ်းမျှကြာချိန်ကို တွက်ချက်ပေးနိုင်ပြီး ခြေရာခံလိုက်ရာတွင်လည်း အထောက်အကူပြုပါကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

အများသုံးသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတွင် ရောက်ရှိလာသည့် ခရီးသည်များ အချိန်မည်မျှကြာအောင် စောင့်ဆိုင်းနေရသည်ကို သိရှိနိုင်ရန် အချက်အလက်ကောက်ယူပေးနိုင်သဖြင့် ဝန်ဆောင်မှု တိုးတက်စေရေးအတွက် အချက်အလက်များမှ အထောက်အကူပြုပါကြောင်း၊ ဘေဂျင်းလေဆိပ်သည် ၁၉၉၉ ခုနှစ်မှစ၍ ယခုအချိန်ထိ ဂိတ်အဆောက်အအုံ ၃ ခု၊ လေယာဉ်ဆိုက်ကပ်နေရာ (Aprons) ၃၇၂ ခု နှင့် ပြေးလမ်း ၃ လမ်းရှိနေပြီဖြစ်ကြောင်း၊ လမ်းကြောင်း ၂၂၁ ခုကို လေကြောင်းလိုင်း ၈၂ ခုက လည် ပတ်လျက်ရှိပြီး ပြည်တွင်း ၁၃၈ ခုနှင့် အပြည်ပြည်ဆိုင်ရာ ၁၃၈ ခုဖြစ်ကြောင်း၊  ဘေဂျင်း လေဆိပ်တွင် Real-time ကို လုံခြုံရေးကင်မရာ ၁၆,၀၀၀ မှတစ်ဆင့် စောင့်ကြည့်လျက်ရှိပြီး ရွေ့လျားနောက်ယောင် ခံစက် ၂၂,၀၀၀ ရှိကြောင်း၊ သုဝဏ္ဏဘူမိလေဆိပ်ကို AI စနစ်ဖြင့် အဆင့်မြှင့်တင်ရန်အတွက် ဘေဂျင်း လေဆိပ်သည် စံနမူနာဖြစ်ပါကြောင်း၊ သုဝဏ္ဏဘူမိလေဆိပ်ရှိ  အလိုအလျောက်နိုင်ငံကူး လက်မှတ် စစ်ဆေးသည့်လမ်းကြောင်းသစ်ကို မူလအဟောင်းနေရာတွင် အစားထိုး အသုံးပြုခြင်းကို ၁၅-၅-၂၀၂၄ ရက်နေ့မှ စတင်အသုံးပြုသွားမည်ဖြစ်ပြီး ဇွန်လ ၄ ရက်နေ့အထိဖြစ်ရာ အဆိုပါ နေရာ၌ လူတန်းရှည် ဖြစ်ပွားလာနိုင်ပါကြောင်းဝန်ကြီးက သုံးသပ်ပြောကြားပါသည်။

ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်ဂိတ်အသစ်သည် အသုံးပြုနိုင်သော နေရာ ၇၀,၀၀၀ စတု ရန်းမီတာရှိကြောင်း Airports of Thailand (AoT) Plc က ဓာတ်ပုံများ လွှင့်တင်ထားပါကြောင်း၊ ဂိတ် သည် ခေတ်မီသော Lanna ပုံစံဖြစ်ပြီး မသန်စွမ်းသူများပါ အသုံးပြုနိုင်သည့် ဒီဇိုင်းဖြစ်ပါကြောင်း၊ စီမံကိန်း၏ ပထမအဆင့်အတွက် ကုန်ကျမည့်ငွေပမာဏ ဘတ် ၁၅ သန်းကို အစိုးရအဖွဲ့က ခွင့်ပြုခဲ့ ပါက ၂၀၂၅ ခုနှစ်တွင် စတင်မည်ဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် အပြီးသတ်နိုင်မည် ဖြစ်ပါကြောင်း၊ ပထမ အဆင့် ပြီးစီးသွားပါက လေဆိပ်ကိုင်တွယ်နိုင်မှု စွမ်းရည်သည် ၁ နှစ်လျှင် ၁၆.၅ သန်းသို့ မြင့်တက်လာ နိုင်ကြောင်း AoT က ပြောကြားချက်အရ သိရှိရပါသည်။

ထိုင်းနိုင်ငံကို ဒေသတွင်းလေကြောင်းအချက်အချာအဖြစ် အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်၏ ထုတ်ဖော်ပြောကြားထားချက်အရ လေဆိပ်စီမံခန့်ခွဲမှုစနစ်များတွင် AI နည်းပညာအသုံး ပြုရန် အစိုးရ၏ လျာထားချက်ဖြစ်ကြောင်း သုံးသပ်ရပါသည်။ ကမ္ဘာ့နိုင်ငံများ၏ လားရာ လမ်းကြောင်း ဖြစ်သော AI နည်းပညာအသုံးချမှုကို မြန်မြန်ဆန်ဆန်လက်ခံကျင့်သုံးသွားခြင်းဖြင့် ထိုင်းနိုင်ငံအနေဖြင့် လည်း ဒီဂျစ်တယ်အသွင်ပြောင်းလဲခြင်းတစ်ခုလည်း ဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News