International News

ထိုင်းနိုင်ငံတောင်သူများသည် လူကြိုက်များသော ဗီယက်နမ်စပါး မျိုးစိတ်များကို ရွေးချယ်စိုက်ပျိုးလာ နိုင်သောကြောင့် ပြည်တွင်းစပါးမျိုးစိတ်များ မျိုးသုဉ်းမှုအန္တရာယ် ကြုံတွေ့လာနိုင်ဖွယ်ရှိ

Last Updated:

ထိုင်းတောင်သူများသည် ပျော့ပျောင်းမှုကြောင့် လူသိများသော ဗီယက်နမ်စပါးမျိုးစိတ်ကို စုပြုံစိုက်ပျိုးလာသောကြောင့် နိုင်ငံ၏ စပါးမျိုးစိတ်များ မျိုးသုဉ်းမှုအန္တရာယ် ကြုံတွေ့လာနိုင်ဖွယ်ရှိကြောင်း ဆန်တင်ပို့သူများက သတိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ပသူသနီ ရနံ့ပါဆန်နှင့် KB 79 ဆန်အမျိုးအစား၏ ထုတ်လုပ်မှုကျဆင်းခဲ့ပြီး ထွက်နှုန်းမြင့်၍ စိုက်ပျိုးချိန်တိုတောင်းသော Khao Hom Phuang သို့မဟုတ် စပယ် ၈၅ ဟု လူသိများသည့် ဗီယက်နမ် မျိုးစိတ်များကို အစားထိုးစိုက်ပျိုးလာသောကြောင့် ပြည်တွင်းဆန်ကဏ္ဍသည် မရေရာသော အခြေ အနေတွင် ရှိနေကြောင်း၊ ထိုင်းနိုင်ငံတွင် ရောင်းချနေသော ထုပ်ပိုးထားသည့် ဆန်အိတ်များ၏ ၈၀ ရာခိုင်နှုန်းသည် ဗီယက်နမ် Khao Hom Phuang များ ဖြစ်ကြောင်း၊ ထို့ကြောင့် ပသူသနီရနံ့ပါဆန် သည် ဈေးကွက်အတွင်းမှ ပျောက်ကွယ်လုနီးပါး ဖြစ်နေကြောင်း၊ ဗီယက်နမ် Khao Hom Phuang သည် ၁ ရိုင်လျှင် ၁,၂၀၀ ကီလိုဂရမ်မှ ၁,၅၀၀ ကီလိုဂရမ် ထွက်ရှိပြီး စိုက်ပျိုးချိန်သည် ရက် ၉၀ မှ ၁၀၀ အတွင်းသာဖြစ်သည့်အပြင် ၁ နှစ်ပတ်လုံး စိုက်ပျိုးနိုင်ကြောင်း၊ ပသူသနီရနံ့ပါဆန်သည် ၁ ရိုင်လျှင် ၈၀၀ ကီလိုဂရမ်မှ ၉၀၀ ကီလိုဂရမ်သာထွက်ရှိပြီး စိုက်ပျိုးချိန်မှာ ၄ လကြာမြင့်သည့်အပြင် ၁ နှစ်လျှင် ၁ ကြိမ်သာ စိုက်ပျိုးနိုင်ကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း ဥက္ကဋ္ဌ Mr. Charoen Laothamatas  က ပြောကြားခဲ့ပါသည်။

တောင်သူများသည် Hom mali စပါးကို လျော့နည်းစိုက်ပျိုးလာကြပြီး ၁ နှစ်လျှင် ၂ ကြိမ် စိုက် ပျိုးနိုင်၍ ထွက်နှုန်းမြင့်မားသော ဆန်ဖြူကို ရွေးချယ်စိုက်ပျိုးကြပါကြောင်း၊ ထိုင်းနိုင်ငံသည် တောင်သူ များ လိုလားချက်နှင့် ကိုက်ညီသည့် စပါးမျိုးစေ့များ လုံလုံလောက်လောက်မထုတ်ပေးနိုင်ကြောင်း၊ ယင်းကြောင့် ပြည်ပမျိုးစိတ်များကို ရှာဖွေကြခြင်းဖြစ်ပြီး အထူးသဖြင့် အစိုးရက R&D အတွက် အထောက်အပံ့ပေးသည့် ဗီယက်နမ်နှင့် တရုတ်မျိုးစိတ်များ ဖြစ်ကြောင်း၊ ဆန်ဦးစီးဌာနအနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာပြီး ထွက်နှုန်းမြင့်မားသည့် စပါးမျိုးစိတ်သစ်များ ဖော်ထုတ်ခြင်းကို R&D ဆောင်ရွက်ခြင်းဖြင့် အရှိန်မြှင့်တင်စေလိုကြောင်း၊ ထိုင်းစပါးမျိုးစိတ်များ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ပြည်ပမျိုးစိတ်များ စိုက်ပျိုးမှုကို ခွင့်ပြုထားသည့် စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၏ စည်းမျဉ်းများကို ပြင်ဆင်စေလိုကြောင်း Mr. Charoen က ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းအစိုးရအနေဖြင့် ဈေးကွက်လိုလားချက်နှင့် ကိုက်ညီသည့် ဆန်စပါးမျိုးစိတ်များ ဖော်ထုတ် ခြင်းဖြင့် စပါးကဏ္ဍကို မြှင့်တင်စေလိုကြောင်း၊ ဗီယက်နမ်သည် ပို့ကုန်အတွက် ဆန်ပျော့ကဲ့သို့ ဆန် အမျိုးအစားကို ဈေးနှုန်းချိုသာပြီး အရည်အသွေးမြင့်သော ဆန်အဖြစ် ပြောင်းလဲ ထုတ်လုပ်လာပါ ကြောင်း၊ အမေရိကန်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၅ ခုနှစ်တွင် အိန္ဒိယသည် ကမ္ဘာ့ဆန်တင်ပို့မှု အများ ဆုံးနေရာတွင် ရပ်တည်နေမည်ဖြစ်ပြီး ယင်းနောက် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြောင်း၊ ထိုင်း နိုင်ငံအနေဖြင့် ယခုကြုံတွေ့နေရသော ပြဿနာကို ကိုင်တွယ်ဖြေရှင်းခြင်းမပြုပါက အဓိက ဆန်တင်ပို့ နေသည့် နိုင်ငံများ၌ ၎င်း၏ ဈေးကွက်ဝေစု ကျဆင်းလာနိုင်ကြောင်း၊ ထိုင်းနိုင်ငံ၏ အိန္ဒိယသို့ တင်ပို့ လျက်ရှိသည့် ပေါင်းဆန် ပို့ကုန်ဈေးကွက် ပျောက်ဆုံးခဲ့ပြီးဖြစ်ကြောင်း၊ အီရတ်၊ အင်ဒိုနီးရှားနှင့် အာဖရိက နိုင်ငံအချို့သို့ တင်ပို့နေရဆဲဖြစ်သော ထိုင်းဆန်ဖြူသာလျှင် ရှိကြောင်း Mr. Charoen က သုံးသပ်ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News