International News

အမေရိကန်ပြည်ထောင်စု သမ္မတဟောင်း ထရမ့်ကို သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံ ရနိုင်မည့် အလားအလာမြင့်မားနေချိန်ဖြစ်သည့် ၂၀၂၄ ခုနှစ်၊ ပထမ ၆ လအတွင်း တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုတွင် ကုန်သွယ်မှုပိုငွေစံချိန်တင်မြင့်မား

Last Updated:

၂၀၂၄ ခုနှစ်၊ ပထမ ၆ လအတွင်း တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုသို့ ကားတင်ပို့မှုမြင့်မားခဲ့ခြင်းကြောင့် နှစ်နိုင်ငံကုန်သွယ်မှုတွင် ကုန်သွယ်မှုပိုငွေစုစုပေါင်း အမေရိကန် ဒေါ်လာ ၂၈.၇ ဘီလီယံအထိ ရရှိခဲ့ကြောင်း၊ အဆိုပါပမာဏသည် ယခင်နှစ် အလားတူကာလက ထက် ၅၅.၁ ရာခိုင်နှုန်းမြင့်မားခဲ့သည့်အတွက် မှတ်တမ်းတင်ဖွယ်ပမာဏဖြစ်ခဲ့ကြောင်း ကုန်သွယ် ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန (Ministry of Trade, Industry and Energy- MOTIE) နှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအဖွဲ့အစည်း (Korea International Trade Association- KITA) တို့မှ ထုတ်ပြန်ထားပါသည်။

၂၀၂၄ ခုနှစ်၊ ပထမ ၆ လအတွင်း တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် နှစ်နိုင်ငံကုန်သွယ်မှုတွင် ပိုငွေပြမှုပမာဏ (အမေရိကန်ဒေါ် လာ ၂၈.၇ ဘီလီယံ) သည် နိုင်ငံတကာနှင့် ကုန်သွယ်မှုတွင် ပိုငွေပြမှုပမာဏစုစုပေါင်းဖြစ်သည့် ၂၃.၁ ဘီလီယံထက်ပင်ပိုမိုခဲ့ကြောင်း MOTIE နှင့် KITA တို့မှ ထုတ်ပြန်ထားပါသည်။

တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်မှုတွင် ပိုငွေပြမှု သည်၂၀၁၉ ခုနှစ်မှစ၍ နှစ်စဉ် တိုးတက်လာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်က နှစ်နိုင်ငံကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ ၄၄.၄ ဘီလီယံ ပိုငွေပြခဲ့ပြီး ပိုငွေပြမှုအများဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် မှတ် တမ်းဝင်လာခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ပထမ ၆ လအတွင်း အမေရိကန်ပြည်ထောင်စုသို့ ကားတင် ပို့မှုသည် ယခင်နှစ်ကထက်၂၈.၉ ရာခိုင်နှုန်းမြင့်မားခဲ့သည့်အပြင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ ကားပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ ကွန်ပျူတာများနှင့် ဘက်ထရီများတင်ပို့ရမှု မြင့်မားခဲ့ခြင်း ကြောင့် ကုန်သွယ်မှုပိုငွေပြမှု မှတ်တမ်းတင်ဖွယ်မြင့်မားခဲ့ကြောင်း၊ သမ္မတဂျိုးဘိုင်ဒင်အစိုးရအဖွဲ့ လက်ထက်တွင် ပြဌာန်းခဲ့သော ငွေကြေးဖောင်းပွမှုလျှော့ချရေးဥပဒေ (Inflation Reduction Act) သည် ပြည်တွင်းရောင်းလိုအားကွင်းဆက်နှင့် သန့်ရှင်းသောစွမ်းအင်သုံးစွဲမှုတို့ကို အားပေးမြှင့်တင် ပေးခဲ့ခြင်းက အမေရိကန်ပြည်ထောင်စုသို့ တင်ပို့မှုမြင့်မားလာခြင်းအကြောင်းရင်းတစ်ရပ်အဖြစ် ကူညီခဲ့ကြောင်း ကိုရီးယားနိုင်ငံတကာ စီးပွားရေးမူဝါဒတက္ကသိုလ် (Korea Institute for International Economic Policy- KIIEP) ၏ လေ့လာချက်တွင် ဖော်ပြထားပါသည်။

လက်ရှိတွင် အမေရိကန်ပြည်ထောင်စုသို့ တောင်ကိုရီးယားနိုင်ငံမှ ပို့ကုန်တင်ပို့မှုမြင့်မားနေသော်လည်း ယခင်သမ္မတဟောင်းထရမ့်ကို သမ္မတအဖြစ်ပြန်လည်ရွေးကောက်ခံရပါက ၎င်း၏ အမေရိကန်သာ ပထမမူဝါဒများ ("America First" policies) အရ ကိုရီးယားစီးပွားရေး လုပ်ငန်း များအတွက် အလားအလာမကောင်းနိုင်ပါကြောင်း၊ ယခင်သမ္မတဟောင်းထရမ့်သည် သွင်းကုန် အားလုံးအပေါ် ၁၀ ရာခိုင်နှုန်းစည်းကြပ်ခွန်အသစ်ကို အဆိုပြုခဲ့သည့်အပြင် လက်ရှိ မဲဆွယ်ကာလ တွင်လည်း အမေရိကန်ပြည်ထောင်စု၏ ကုန်သွယ်မှုလိုငွေပြမှုသည် တောင်ကိုရီးယားနိုင်ငံ၊ ဂျပန် နိုင်ငံ၊ ဥရောပနိုင်ငံများ၊ မက္ကဆီကိုနိုင်ငံ၊ ကနေဒါနိုင်ငံတို့မှတင်သွင်းသောကားနှင့် ကားပစ္စည်းများ ကြောင့် ဖြစ်သည်ဟု ရည်ညွှန်းပြောဆိုလျက်ရှိပါကြောင်း KIIEP ၏ လေ့လာချက်တွင် ဖော်ပြထား ပါသည်။

၁၈-၇-၂၀၂၄ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ Milwaukee မြို့ရှိ ရီပတ်ဘလစ်ကန် အမျိုးသားညီလာခံတွင် ကျင်းပခဲ့သည့် သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းမှုကို လက်ခံ သည့်အခမ်းအနား၌ ထရမ့်မှ ပြောကြားသည့် မိန့်ခွန်းတွင် “ကားထုတ်လုပ်မှုကဏ္ဍတွင် အမေရိ ကန်ပြည်ထောင်စုထုတ်ကုန်များ (Made-in-America) ကို အားပေးမည်” ဟု ကတိပြုပြောကြား ခဲ့ ပါ သည်။ အကယ်၍ တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ သွင်းကုန်အားလုံးအ ပေါ် ၁၀ ရာခိုင်နှုန်း စည်းကြပ်ခွန်အသစ်ကို ရင်ဆိုင်ရပါက အမေရိကန်ပြည်ထောင်စုသို့ တင်ပို့မှု သည် အမေရိကန်ဒေါ်လာ ၁၅.၂ ဘီလီယံဖိုးနီးပါး လျော့နည်းသွားမည်ဖြစ်သည့်အပြင် အခြားနိုင်ငံ များသို့ တင်ပို့မှုသည်လည်း သွယ်ဝိုက်သောနည်းဖြင့် ကျဆင်းသွားနိုင်ကြောင်း၊ ခန့်မှန်းအားဖြင့် အမေရိကန်ဒေါ်လာ ၇ ဘီလီယံဖိုးနီးပါး လျော့နည်းသွားနိုင်ကြောင်း ကိုရီးယားနိုင်ငံတကာ စီးပွား ရေးမူဝါဒတက္ကသိုလ် (Korea Institute for International Economic Policy-KIIEP) ၏ လေ့ လာချက်တွင် ဖော်ပြထားပါသည်။

ထရမ့်က ၎င်း၏ သမ္မတသက်တမ်းပထမနေ့၌ပင် Electric Vehicle Mandate ကို အဆုံး သတ်မည်ဖြစ်ကြောင်း၊ ၂၀၃၀ ပြည့်နှစ်၌ အမေရိကန်ပြည်ထောင်စုရှိ ကားအသစ်များ ရောင်းချမှု စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းသည် Electric Vehicle ဖြစ်ရမည်ဆိုသည့် သမ္မတဂျိုးဘိုင်ဒင် အစိုးရ အဖွဲ့၏ ရည်မှန်းချက်ကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်ပြည်တွင်းထုတ်ကား များကို အသုံးပြုခြင်းဖြင့် ပြည်တွင်း၌ အလုပ်အကိုင်များစွာ ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း ရွေးကောက် ပွဲမဲဆွယ်ချိန်များတွင် ပြောကြားခဲ့သဖြင့်   Hyundai Motor Group သည် Georgia ပြည်နယ်ရှိ Hyundai Motor Group Metaplant America (HMGMA) ကို EV ကားများသာ ထုတ်လုပ်သည့် စက်ရုံ (EV-only Factory) အဖြစ် ရည်ရွယ်ထားခဲ့ရာမှ Hybrid Vehicles  များ ပြောင်းလဲ ထုတ် လုပ်နိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း၊  ၂၀၂၄ ခုနှစ်၊ စတုတ္ထလေးလပတ်တွင် လုပ်ငန်း စတင်လည်ပတ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း HMGMA က ပြောကြားခဲ့ပါသည်။

 

Source: The Korea Herald (21-7-2024)

ဒေါ်ပပ၊ စီးပွားရေးသံမှူး၊ ဆိုလ်းမြို့။

Category: International News