International News

ထိုင်းနိုင်ငံ၊ လျှပ်စစ်မော်တော်ကားဈေးကွက်အလားအလာအပေါ် အကျိုးကျေးဇူးရရှိနိုင်မည်ဟု GAC Aion က မျှော်မှန်းလျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ ရယောင်းတွင် ဘတ် ၂.၃ ဘီလီယံရင်းနှီးမြှုပ်နှံ၍ လျှပ်စစ်မော်တော်ကား တပ်ဆင် ရေး စက်ရုံကို မကြာသေးမီက ဖွင့်လှစ်ခဲ့သည့် Guangzhou Automobile Corporation (GAC) ၏ လျှပ်စစ်မော်တော်ကားထုတ်လုပ်သူ GAC Aion New Energy Automobile က ထိုင်းနိုင်ငံ၏ လျှပ်စစ်မော်တော်ကားဈေးကွက်သည် ကြီးထွားလာလျက်ရှိရာ အကျိုးကျေးဇူးများ ရရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။

ကုမ္ပဏီအနေဖြင့် ပြည်တွင်းသုံးနှင့် ပို့ကုန်အတွက် ရည်ရွယ်၍ ၁ နှစ်လျှင် မော်တော်ကား အစီး ရေ ၇၀,၀၀၀ ထုပ်လုပ်ရန် လျာထားပါကြောင်း၊ လျှပ်စစ်မော်တော်ကား ထုတ်လုပ်သူများနှင့် ဝယ်ယူသူ များကို ထောက်ပံ့ပေးမည့် ထိုင်းနိုင်ငံ အစိုးရ၏ အရောင်းမြှင့်တင်ရေးမူဝါဒများကြောင့် ထိုင်းနိုင်ငံတွင် လျှပ်စစ်မော်တော်ကားဈေးကွက်အလားအလာ မြင့်မားပါကြောင်း GAC Aion ၏ အရှေ့တောင်အာရှ အထွေထွေမန်နေဂျာ Mr. Ma Haiyang က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ အစိုးရက ၂၀၃၀ ပြည့်နှစ်တွင် စုစုပေါင်း မော်တော်ကားထုတ်လုပ်မှု၏ ၃၀ ရာခိုင် နှုန်းကို ဘတ္တရီလျှပ်စစ်မော်တော်ကားများဖြစ်ရန်အတွက် ထုတ်လွှတ်မှုလုံးဝမရှိသည့် မော်တော်ကား ၇၂၅,၀၀၀ စီး၊ လျှပ်စစ်မော်တော်ဆိုင်ကယ် ၆၇၅,၀၀၀ စီးနှင့် လျှပ်စစ်ဘတ်စ်ကားနှင့် ကုန်တင်ကား ၃၄,၀၀၀ စီး ထုတ်လုပ်ရန် ရည်မှန်းထားပါကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ မေလအထိ အသစ် မှတ်ပုံ တင်လာသည့် ဘတ္တရီလျှပ်စစ်မော်တော်ကား အစီးရေ ၄၃,၉၂၁ နှင့် နှစ်မျိုးသုံး လျှပ်စစ်မော်တော်ကား ၅၉,၃၁၇ စီး ရှိကြောင်း ကုန်လမ်းပို့ဆောင်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများကို ကိုး ကား၍ ထိုင်းစက်မှုအသင်းချုပ်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

GAC စက်ရုံမှ ကနဦးအဆင့်တွင် လျှပ်စစ်မော်တော်ကား ၂၀,၀၀၀ စီးထုတ်လုပ်သွားမည် ဖြစ်ပြီး ဈေးကွက်လိုအပ်ချက်ပေါ် မူတည်၍ အစီးရေ ၇၀,၀၀၀ ထိ တိုးမြှင့်ထုတ်လုပ်သွားရန် လျာထားပါ ကြောင်း၊ ထိုင်းနိုင်ငံသည် GAC ကုမ္ပဏီ၏ တရုတ်နိုင်ငံပြင်ပတွင် ရင်းနှီးမြှုပ်နှံသည့် ပထမဆုံးနိုင်ငံ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများစွာ တိုးမြှင့်သွားရန် စီစဉ်ထားပါကြောင်း၊ လာမည့် ၃ နှစ်မှ ၅ နှစ်အတွင်း ထိုင်းနိုင်ငံ၏ လျှပ်စစ်မော်တော်ကားကဏ္ဍတွင် ဘတ် ၆ ဘီလီယံရင်းနှီးမြှုပ်နှံမည့် အစီအစဉ်ကို ၂၀၂၃ ခုနှစ်တွင် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ယင်းပမာဏတွင် လျှပ်စစ်မော်တော်ကား ထုတ်လုပ်သည့် စက်ရုံ၊ ဘတ္တရီစက်ရုံနှင့် ပြည်တွင်းနှင့် ပို့ကုန်ဈေးကွက်မြှင့်တင်မည့် အခြားသော လုပ်ငန်းစဉ်များ လည်း ပါဝင်ပါကြောင်း၊ GAC Aion အနေဖြင့် လျှပ်စစ်မော်တော်ကားများအတွက် တိုးတက်မှုအလား အလာရှိသည့် ဗီယက်နမ်၊ စင်ကာပူနှင့် မြန်မာကဲ့သို့သော အရှေ့တောင်အာရှ နိုင်ငံများတွင် ဈေးကွက်ချဲ့ထွင်သွားရန် ရှာဖွေလျက်ရှိကြောင်း Mr. Ma Haiyang က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News