Local News

မတ်ပဲဈေးအတက်နှင့်ဈေးကွက်အလားအလာ

Last Updated:

ဧရာဝတီတိုင်းဒေသကြီးအတွင်း မတ်ပဲဈေးနှုန်းများမှာ လွန်ခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ် အတွင်းက ၁ တင်းဈေးနှုန်း ကျပ် ၇၅၀၀၀ အောက်သို့ ရောက်ရှိနေခဲ့ရာမှ ဇူလိုင်လကုန်ရက်အတွင်း မှစတင်၍ ဈေးနှုန်းအနည်းငယ် ပြန်တက်လာကြောင်းတွေ့ရသည်။

တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ ဇူလိုင်လ ၃၁ ရက်နေ့တွင် ၁ တင်း ဈေးနှုန်း ကျပ် ၇၆၀၀၀၊ ဩဂုတ်လ ၂ ရက်နေ့တွင် ကျပ် ၇၆၅၀၀၊ ၃ ရက်နေ့တွင် ကျပ် ၇၇၀၀၀၊ ၄ ရက်နေ့တွင် ကျပ် ၇၇၆၀၀၊ ၅ ရက်နေ့တွင် ကျပ် ၇၇၀၀၀၊ ၇ ရက်နေ့တွင် ကျပ် ၇၆၅၀၀ အသီးသီး ဖြစ်ခဲ့ပါသည်။

မြန်မာငွေကြေးဈေးနှုန်းအတက်အကျနှင့် မတ်ပဲအဓိကဝယ်လက်နိုင်ငံ၏ ရာသီဥတုအခြေအနေ၊ မတ်ပဲစိုက်ဧကအပြောင်းအလဲများကို မြန်မာမတ်ပဲကုန်သည်များက စောင့်ကြည့်လျက်ရှိပြီး လက်ကျန်မတ်ပဲများကို လက်ဝယ်ထားရှိကာ ဈေးအပြောင်းအလဲကို ဆက်လက်စောင့်ကြည့်လျှက်ရှိကြောင်း သိရှိရသည်။

အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံ၏ ပြည်တွင်းမတ်ပဲဈေးနှုန်းသည်လည်း ပဲခွဲစက် များ၏ ဝယ်လိုအားကောင်းနေခြင်းကြောင့် ဈေးနှုန်းဆက်လက်မြင့်တက်နေကြောင်း IPGA က ဆိုထားသည်။ အိန္ဒိယနိုင်ငံ၏ မိုးစိုက်မတ်ပဲ စိုက်ဧကသည် ယခင်နှစ်ကာလတူနှိုင်းယှဥ်လျှင် ၁၃.၇၉% ကျဆင်းသွားကြောင်း တွေ့ရသည်။ တောင်သူများက အကျိုးအမြတ်ပိုများသော၊ စိုက်စရိတ်သက်သာသော မြေပဲနှင့် ပဲပုတ်ကို ပြောင်းလဲစိုက်ပျိုးလာခြင်းကြောင့်ဖြစ်ကြောင်းလည်း IPGA ကတင်ပြထားသည်။

 

မြန်မာမတ်ပဲလက်ကျန် တန်ချိန် ၃.၅ - ၄ သိန်းခန့် ကျန်ရှိနေဦးမည်ဖြစ်ပြီး ယခုနှစ်မတ်ပဲ ဈေးနှုန်းအရ လာမည့် မတ်ပဲစိုက်ရာသီတွင် မတ်ပဲစိုက်ဧက ၁၀ - ၁၅ % ခန့် တိုးလာနိုင်သဖြင့် မတ်ပဲထွက်ရှိမှု တန်ချိန် ၆.၅-၇ သိန်းခန့်ရှိမည်ဟု အိန္ဒိယဘက်မှ ခန့်မှန်းထားသည်။

ဩဂုတ်လ ၂ ရက်နေ့တွင် ပဲမျိုးစုံကွန်တိန်နာ ၃၂၀ လုံး ပါရှိသော သင်္ဘော ၁ စီး၊ ၈ ရက် နေ့တွင် ပဲမျိုးစုံကွန်တိန်နာ ၃၄၀ လုံးပါရှိသော သင်္ဘော ၁ စီး၊ ၁၅ ရက်နေ့တွင် ပဲမျိုးစုံ ကွန်တိန်နာ ၃၀၀ပါရှိသော သင်္ဘော ၁ စီး နှင့် ၂၅ ရက်နေ့တွင် ဒုတိယသင်္ဘော ၁ စီး၊ စုစုပေါင်း သင်္ဘော ၄ စီး သည် မြန်မာ မှ ချနိုင်းဆိပ်ကမ်းသို့ ထွက်ခွာမည်ဖြစ်ပြီး ကွန်တိန်နာ အရေအတွက်၏ ၇၅ % မှာ မတ်ပဲ တင်ဆောင်ထားခြင်းဖြစ်ကြောင်း IPGA ကဖော်ပြထားသည်။

အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံ၏ ရာသီဥတုအခြေအနေ၊ မတ်ပဲစိုက်ဧက ကျဆင်း လာမှု၊ ပဲခွဲစက်များ၏ ဝယ်လိုအားအခြေအနေများအရ မြန်မာမတ်ပဲဆက်လက် ဈေးကောင်းရနေ နိုင်ကြောင်း သုံးသပ်ရရှိပါသည်။

ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News