Local News

ဗီယက်နမ် ပို့ကုန်ဆန် ဈေးနှုန်းများ စံချိန်သစ်တင် မြင့်တက်

Last Updated:

     ကမ္ဘာ့ဆန်ကုန်သွယ်မှု၏ ၄၀ ရာခိုင်နှုန်းကျော် တင်ပို့သည့် အိန္ဒိယနိုင်ငံသည် ပြည်တွင်းဆန်ဈေးတက်နေသည်ကို ထိန်းညှိဖို့အတွက် ဘာစမာတီမဟုတ်သည့် ဆန်ဖြူတင်ပို့မှုကို ဇူလိုင် ၂၀ ရက်က တားမြစ်လိုက်သည့်အတွက် ကမ္ဘာဈေးကွက်ထဲ ဆန်စီးဝင်မှု ကျဆင်းသွားပြီး ဆန်ဈေးနှုန်းများ မြင့်တက်ကုန်သည်။ ကမ္ဘာဈေးကွက်ထဲ ဆန်စီးဝင်မှု ကျဆင်းသွားသည့်အတွက် ဗီယက်နမ်နိုင်ငံ ပို့ကုန်ဆန်ဈေးနှုန်းသည် ယခုအပတ်တွင် တစ်တန် ကန်ဒေါ်လာ ၆၆၀ အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်ကထက် ၁၂ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ပါသည်။

     ပထမ၃လပတ်တွင် ပျမ်းမျှ တတန် ကန်ဒေါ်လာ ၄၅၀ ရှိခဲ့ရာမှ ယခုဩဂုတ်လဆန်းတွင် ကန်ဒေါ်လာ ၅၉၀ သို့ ရောက်ရှိနေသည်ဟု ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်ရှိ ကုန်သွယ်မှုဌာန အကြီးအကဲ Tran Duy Dong က ပြောကြားသည်။ အချို့ကုမ္ပဏီများသည် ယခုအခါ ဗီယက်နမ်နိုင်ငံဆန်များကို ကန်ဒေါ်လာ ၆၂၀ - ၆၆၀ ဖြင့် ရောင်းချနေကြသည်။ Can Tho မြို့ရှိ ဆန်တင်ပို့သူ Ngoc Hoa ၏ ကိုယ်စားလှယ် ငုယင်သီဘစ်ဟွာက ကြုံဖူးသမျှ ဈေးအမြင့်ဆုံ ဈေးနှုန်းဟု ပြောကြားပါသည်။

    ဆန်ဈေး ခုန်တက်ခြင်းကြောင့် ဆန်တင်ပို့သူတွေ အခက်အခဲ ကြုံကြရသည်။ ၎င်းတို့ထဲမှ အများစုသည် ယခင်ပေါက်ဈေးဖြင့် ဆန်တင်ပို့ပေးရန် ဝယ်သူများနှင့် စာချုပ်ချုပ်ထားကြသည်။ ဗီယက်နမ်နိုင်ငံလယ်သမားများသည် ယခုအခါ ပိုမိုမြင့်မားသော ဈေးနှုန်းများကို ဈေးခေါ်နေကြသည်။ သို့ဖြစ်ရာ ပို့ကုန်လုပ်ငန်းရှင်များသည် ဆန်စပါးကို အမြင့်ဈေးပေးပြီး ဝယ်ယူကာ ယခင်ဈေးနှုန်းဟောင်းဖြင့် ချုပ်ဆိုထားသော စာချုပ်များကို တင်ပို့ကြရသဖြင့်  ဆုံးရှုံးမှုများကြုံတွေ့ရမည်ဖြစ်သည်။

     ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမခုနစ်လအတွင်း ဆန် ကန်ဒေါ်လာ ၂ ဒသမ ၅၈ ဘီလီယံဖိုး တင်ပို့ခဲ့သည်။ တင်ပို့သည့် ဗီယက်နမ်နိုင်ငံဆန်များတွင် ၇၇% ကို အာရှမှ ဝယ်ယူခဲ့သည်။ဗီယက်နမ်နိုင်ငံသည် ယခုနှစ်တွင် ဆန်တန်ချိန် သန်း ၂၀ ထုတ်လုပ်ရန် လျာထားသည်။ ပြည်တွင်းစားသုံးမှုနှင့် ပို့ကုန်အတွက် လုံလောက်သည်ဟု စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ ပြောကြားသည်။ ဗီယက်နမ်နိုင်ငံစားနပ်ရိက္ခာအဖွဲ့ ဥက္ကဋ္ဌ ငုယင်ငုနမ်က ယခုအချိန်တွင် ဗီယက်နမ်နိုင်ငံသည် ထိုင်းနိုင်ငံကို ကျော်လွန်ကာ အိန္ဒိယနိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယမြောက် ဆန်အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်လာကြောင်း ပြောကြားသည်။ ယခင်နှစ်က ထိုင်းနိုင်ငံသည် ဒုတိယနေရာတွင်ရှိနေပြီး ဗီယက်နမ်နိုင်ငံက တတိယနေရာတွင် ရှိနေခဲ့သည်။

     ယခုနှစ်အတွက် ပြည်ပသို့ ဆန်တန်ချိန် ၂ ဒသမ ၂ သန်း ကျန်ရှိနေဆဲဖြစ်သည်။ ၎င်းပမာဏ တင်ပို့ရန်အတွက် ဗီယက်နမ်နိုင်ငံတွင် ဆန်အလုံအလောက် ရှိနေသည်ဟု ၎င်းက ပြောကြား သည်။ “ကျွန်တော်တို့ရဲ့ ဆန်အရည်အသွေးဟာ ကမ္ဘာ့ဈေးကွက်အများစုရဲ့ အရည်အသွေးလိုအပ်ချက်များအတွက် အဆင့်မီပါတယ်။ နှစ်မကုန်ခင် ကျန်လများအတွင်း ကမ္ဘာ့ဆန်ဝယ်လိုအား မြင့်မားလာမယ်”ဟု ၎င်းက ပြောကြားသည်။ ပို့ကုန်လုပ်ငန်းရှင်များအတွက် ဝယ်သူအသစ်များနှင့် စျေးကွက်ရှာဖွေရန် ရွှေအခွင့်အလမ်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။ ဗီယက်နမ်နိုင်ငံသည် ပြည်တွင်းလိုအပ်နေသော စားနပ်ရိက္ခာဖူလုံမှုကို ပံ့ပိုးပေးရင်း ကမ္ဘာ့ကုန်သွယ်ရေးတွင် ၎င်း၏ ဆန်အမှတ်တံဆိပ်များကို ထူထောင်ပေးဖို့ လိုအပ်သည်ဟု စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး ငုယင်ဟောင်ဒင်က ပြောကြားခဲ့သည်။

Source: https://www.foodindustrydirectory.com.mm

Category: Local News