International News

ရုရှားတွင် ဧပြီလ၌ အလုပ်လက်မဲ့နှုန်းသည် သမိုင်းဝင်အနိမ့်ဆုံးသို့ရောက်ရှိ

Last Updated:

ရုရှားနိုင်ငံတွင် ဧပြီလ၌ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(ILO) ၏ နည်းစနစ်အရ အလုပ်လက်မဲ့နှုန်းပမာဏမှာ ၃.၃ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ၎င်းသည် သမိုင်းဝင်အနိမ့်ဆုံးနှုန်းသို့ ရောက်ရှိလာကြောင်း၊ အလုပ်အကိုင်စင်တာများတွင် မှတ်ပုံတင်ထားသော အလုပ်လက်မဲ့အရေအတွက်သည် လူပေါင်း ၅၂၃၀၀၀ ရှိပြီး ယခုနှစ်အစောပိုင်းနှင့်ယှဉ်လျှင် ၄၁၀၀၀ လျော့နည်းခဲ့ကြောင်း ရုရှားဒုတိယဝန်ကြီးချုပ် Mrs. Tatyana Golikova က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၊ Rosstat စာရင်းအင်းဌာန၏ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် ဧပြီလတွင် အလုပ်လက်မဲ့နှုန်းသည် ၃.၃ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ၁၉၉၁ ခုနှစ်မှစ၍ ညွှန်းကိန်း၏ အနိမ့်ဆုံးတန်ဖိုးနှင့်ကိုက်ညီကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလနှင့်မတ်လတွင် ၃.၅ ရာခိုင်နှုန်း၊ ဇန်နဝါရီလတွင် ၃.၆ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ယင်းမတိုင်မီ ၂၀၂၂ ခုနှစ် နိုဝင်ဘာလနှင့်ဒီဇင်ဘာလတွင် အလုပ်လက်မဲ့နှုန်းသည် ၃.၇ ရာခိုင်နှုန်း၊ စက်တင်ဘာလနှင့်အောက်တိုဘာလတွင် ၃.၉ ရာခိုင်နှုန်း၊ သြဂုတ်လတွင် ၃.၈ ရာခိုင်နှုန်း၊ မေလနှင့်ဇူလိုင်လတွင် ၃.၉ ရာခိုင်နှုန်း၊ ဧပြီလတွင် ၄ ရာခိုင်နှုန်း၊ မတ်လနှင့်ဖေဖော်ဝါရီလတွင် ၄.၁ ရာခိုင်နှုန်းနှင့်  ဇန်နဝါရီလတွင် ၄.၄ ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။

တစ်ချိန်တည်းမှာပင် စာရင်းဇယားများအရ စက်မှုကုန်ထုတ်လုပ်မှုတွင် ၅.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမှန်တကယ်လုပ်အားခသည် မတ်လတွင် ၂.၇ ရာခိုင်နှုန်းတိုးလာကြောင်း၊ နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်းသည် မတ်လတွင် ၃.၅၁ ရာခိုင်နှုန်းရှိရာမှ ဧပြီလတွင် ၂.၃၁ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ ပထမသုံးလပတ်တွင် ရင်းနှီးမြှုပ်နှံမှုသည် ၀.၇ ရာခိုင်နှုန်းသို့ တိုးလာကြောင်း၊ ရုရှားစီးပွားရေးသည် တည်ငြိမ်မှုကို ပြသနေကြောင်း သိရှိရသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏အဆိုအရ ရုရှားစီးပွားရေးသည် ဧပြီလတွင် တစ်နှစ်အတွင်း ပထမဆုံးအကြိမ် တိုးတက်လာကြောင်း၊ ဧပြီလတွင် GDP သည် ၃.၃ ရာခိုင်နှုန်းသို့ တိုးတက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်၊ ဧပြီလနှင့်နှိုင်းယှဉ်ပါက ၀.၆ ရာခိုင်နှုန်းကျဆင်းနေသေးကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် ၁.၂ ရာခိုင်နှုန်းရှိမည်ဟု ဝန်ကြီးဌာနက ခန့်မှန်းထားရာမှ ၂ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်သည်ဟု ပထမဒုတိယဝန်ကြီးချုပ် Mr. Andrey Belousov က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source :       https://www.interfax.ru/business/904153

                    https://ria.ru/20230605/bezrabotitsa-1876223915.html

                    https://ria.ru/20230602/blinken-1875803094.html

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News