International News

အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်နိုင်ငံအနေဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုး

Last Updated:

နှစ် ၅၀ ပြည့် အာဆီယံ-ဂျပန်သံတမန်ဆက်ဆံရေးအထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံနှင့် အာဆီယံနိုင်ငံများအနေဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူစာချုပ်များကို လက်မှတ်ရေးထိုးလျက်ရှိပြီး၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့၌ တိုကျိုမြို့တွင် ကျင်းပခဲ့သည့် ဖိုရမ်တွင် Japan External Trade Organization (JETRO) နှင့်အခြားသောအဖွဲ့အစည်းများအနေဖြင့် ပေါ်ထွန်းစလုပ်ငန်းသစ်များတည်ထောင်နိုင်ရေးကို ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ကာဗွန်ကင်းစင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာထောက်ပံ့ခြင်းများနှင့် ချေးငွေများချေးယူခွင့်ပြုနိုင်ရေးအတွက် ဂျပန်နိုင်ငံ၏ အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်သည့် Trade Insurance Organization နှင့် MUFG Bank ပါဝင်သည့် အဖွဲ့တစ်ခုကို ထူထောင်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် အဆင့်မြင့်နည်းပညာများ ပိုင်ဆိုင်ထားပြီး အာဆီယံအနေဖြင့် တဟုန်ထိုးဖွံ့ဖြိုးတိုးတက်မှုများရရှိလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါအားသာချက်များကို အသုံးပြုခြင်းဖြင့် ယုံကြည်မှုနှင့်အပြန်အလှန်အကျိုးဖြစ်ထွန်းမှုကိုအခြေခံကာ အာဆီယံနိုင်ငံများ၏ ရည်မှန်းချက်များဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး Nishimura Yasutoshi က ပြောကြားထားပါသည်။

အာဆီယံ ၁၀ နိုင်ငံစုစုပေါင်းသည် ကမ္ဘာ့ကုန်သွယ်မှုနှင့်လူဦးရေ၏ ၈ ရာခိုင်နှုန်းကျော်ရှိကြောင်း၊ အာဆီယံ-ဂျပန်ချစ်ကြည်ရေးပိုမိုခိုင်မြဲစေရေးအတွက် နှစ်(၅၀)ပြည့်ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအထိမ်းအမှတ်အဖြစ် အထူးထိပ်သီးအစည်းအဝေး(Special Summit)ကို ယခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အာဆီယံဒေသတွင်းနိုင်ငံများမှ ခေါင်းဆောင်များအား ဖိတ်ကြားသွားရန် စီစဉ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

Source : NHK World Japan  (5-6-2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

 

Category: International News