International News

အိန္ဒိယအစိုးရသည် ကုန်သည်များအနေဖြင့် မြန်မာနိုင်ငံမှ ပဲမျိုးစုံဝယ်ယူတင်သွင်းသည့်အခါ လွယ်ကူစွာပေးချေမှုပြုနိုင်ရန် ရူပီး/ကျပ် တိုက်ရိုက်ပေးချေမှုစနစ်အားဆောင်ရွက်

Last Updated:

အိန္ဒိယအစိုးရသည် ၎င်း၏ကုန်သည်များအနေဖြင့် မြန်မာနိုင်ငံမှ ပဲမျိုးစုံဝယ်ယူတင်သွင်းသည့်အခါ လွယ်ကူစွာပေးချေမှုပြုနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၎င်းတို့သည် ရူပီး/ကျပ်တိုက်ရိုက်ပေးချေမှုစနစ်ခေါ် အထူးပေးချေမှုစနစ်ကို ပန်ဂျပ်နေရှင်နယ်ဘဏ်(Punjab National Bank)မှတစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါစနစ်ကို အထူးရူပီးဗိုစတိုစာရင်း(Special Rupee Vostro Account-SRVA)ဟုခေါ်ကြောင်း The Economic Times သတင်းဌာနမှ ယခုလ ၁၃ ရက်နေ့က ဖော်ပြသည်။

အိန္ဒိယစားသုံးသူရေးရာ အတွင်းဝန် Nidhi Khare သည် မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းအပြောင်း အလဲများဖြစ်ပေါ်နေပြီး ကုန်သည်များက ကုန်များကိုလက်ဝယ်ထိန်းသိမ်းကာ ရောင်းချနေသည့်အတွက် သွင်းကုန် ပဲဈေးနှုန်းများတည်ငြိမ်မှုမရှိသည့်ကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတာဝန်ရှိသူများနှင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါငွေပေးချေမှုစနစ်နှင့်စပ်လျဉ်း၍ အိန္ဒိယအစိုးရက ယခုလ ၁၃ ရက်နေ့က တရားဝင်ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် ပဲမျိုးစုံကို ပြည်တွင်း၌ လိုအပ်ချက်ပြည့်မီအောင် မထုတ်လုပ်နိုင်သည့် အတွက် ပဲစင်းငုံနှင့် မတ်ပဲကဲ့သို့ပဲများကို မြန်မာနိုင်ငံမှတင်သွင်းလျက်ရှိသည်။ အိန္ဒိယနိုင်ငံ စားသုံးသူရေးရာဝန်ကြီးဌာနက ကုန်သည်များအနေဖြင့် ကုန်သွယ်မှုကို ပိုမိုလွယ်ကူမြန်ဆန်အောင် အဆိုပါပေးချေမှုစနစ်သစ်အား အသုံးပြုရန်လိုအပ်ကြောင်း ပြောကြားခဲ့ သည်။

အဆိုပါပေးချေမှုစနစ်အသစ်ကို ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှစတင် မိတ်ဆက်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၎င်းနှင့်စပ်လျဉ်းသော လမ်းညွှန်ချက်များကိုလည်း ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးမှ အိန္ဒိယအစိုးရထံ ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းသို့ပေးချေမှုစနစ်ကို အသုံးပြုခြင်းအားဖြင့် ကုန်သည်များအနေဖြင့် ငွေကြေးများကို အကြိမ်ကြိမ်ပြောင်းလဲရန်မလိုအပ်သည့်အတွက် ကုန်သွယ်မှုကို ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့အပြင် အိန္ဒိယအစိုးရက ကုန်သည်လုပ်ငန်းရှင်များကို ပဲမျိုးစုံကုန်လက်ကျန်နှင့်ပတ်သက်၍ အစိုးရဝက်ဘ်ဆိုက်တွင် အပတ်စဉ်ထုတ်ဖေါ်ကြေညာသွားရန်လည်း တိုက်တွန်းပြောကြားထားသည်။ အကယ်၍ မည်သူမဆို အဆိုပါကိစ္စနှင့်ပတ်သက်၍ မဟုတ်မမှန်ဖေါ်ပြခြင်း၊ ထိန်ချန်ဖုံးကွယ်ထားခြင်းမျိုးရှိကြောင်း စစ်ဆေးပေါ်ပေါက်ပါက ထိရောက်စွာအရေးယူသွားမည်ဟု အစိုးရက သတိပေးထားသည်။ ထို့အပြင် ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေအသီးသီးရှိ တာဝန်ရှိသူ များကိုလည်း အဆိုပါကိစ္စရပ်အပေါ် တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

ရည်ညွှန်း။  The Economic Times, Payment mechanism for traders importing pulses from Myanmar simplified: Govt, April 13, 2024

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News