International News

အီးယူတွင် လျှပ်စစ်ကားများအတွက် အားသွင်းရန်နေရာများ လုံလောက်မှုမရှိဟု ACEA က ပြောကြား

Last Updated:

ဥရောပသမဂ္ဂ ဒေသနယ်ပယ် (Bloc) အတွင်း အားသွင်းရန်နေရာများ နည်းပါးလွန်းနေပြီး လျှပ်စစ်ကားများ သုံးစွဲမှုမြင့်မားလာသည်နှင့်အမျှ ၂၀၃၀ ပြည့်နှစ်တွင် အားသွင်းရန်နေရာပေါင်း (၈.၈) သန်းခန့် လိုအပ်မည်ဖြစ်ကြောင်း ဥရောပကားထုတ်လုပ်သူများက ပြောကြားခဲ့ကြသည်။

လမ်းများပေါ်တွင် သွားလာသုံးစွဲနေကြသော လျှပ်စစ်ကားအရေအတွက် တိုးတက်များပြား လာသည့်အပေါ် အားသွင်းရန်နေရာများမှ အမှီမလိုက်နိုင်တော့ကြောင်း ဥရောပကားထုတ်လုပ် သူများက ၂၉-၄-၂၀၂၄ ရက်တွင် ပြောကြားခဲ့ကြသည်။

ဥရောပမော်တော်ယာဉ်ထုတ်လုပ်သူများအသင်း (European Automobile Manufacturers' Association-ACEA) ၏ အစီရင်ခံစာတစ်ခုအရ လျှပ်စစ်ကား (EV) ရောင်းချမှုသည် တဖြည်း ဖြည်းမြင့်မားလာခဲ့ရာ ၂၀၁၇ ခုနှစ်တွင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း (၂၇) နိုင်ငံ၌ တပ်ဆင်ထားခဲ့သည့် EV Charging Points အရေအတွက်ထက် သုံးဆခန့် ပိုမိုလျှင်မြန်စွာ မြင့်တက်လာကြောင်း သိရှိရပါသည်။ ၂၀၅၀ ပြည့်နှစ်တွင် ဥရောပ၌ ကာဗွန်ကင်းစင်ရမည်ဟူသော EU target ပြည့်မီနိုင်ရန် လူအများအနေဖြင့် လျှပ်စစ်ကားများ ပိုမိုဝယ်ယူသုံးစွဲနိုင်ရေးအတွက် စိတ်ပါဝင်စားမှုရရှိရေးတွင် လျှပ်စစ်ကားများဆိုင်ရာ အခြေခံအဆောက်အအုံမှာ အဓိကဖြစ် ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ဥရောပသမဂ္ဂ ဒေသနယ်ပယ် (Bloc) အတွင်း ၂၀၃၀ ပြည့်နှစ်တွင် အားသွင်းရန် နေရာပေါင်း (၈.၈) သန်းခန့်  လိုအပ်မည်ဖြစ်ရာ ယင်းပမာဏသည်  ဥရောပသမဂ္ဂရှိ လက်ရှိ Charging Points ပမာဏ၏ (၈) ဆခန့်ဖြစ်နေသဖြင့် ယခုအချိန်မှစ၍ တစ်ပတ်လျှင် Charging Point (၂၂,၀၀၀)ခန့် တပ်ဆင်သွားရမည်ဖြစ်ကြောင်း  ACEA က ပြောကြားခဲ့ပါသည်။ သို့သော်လည်း ဥရောပကော်မရှင်ကမူ ၂၀၃၀ ပြည့်နှစ်တွင် Bloc အတွင်း၌ Charging Point (၃.၅) သန်းခန့်သာ လိုအပ်လိမ့်မည်ဟု ခန့်မှန်းထားပါသည်။

၂၀၂၁ ခုနှစ်တွင် အတည်ပြုခဲ့သော ဥရောပရာသီဥတုဆိုင်ရာဥပဒေတွင် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့်  ၂၀၃၀ ပြည့်နှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၁၉၉၀ ပြည့်နှစ်မှ စတင်ခဲ့သော ယခုအခြေအနေမှ အနည်းဆုံး ၅၅ ရာခိုင်နှုန်းအထိ လျှော့ချရန် တရားဝင်ပြဋ္ဌာန်းထားပါသည်။ ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ကင်းစင်ရမည်ဟူသော EU target ဆိုသည်မှာ ဥရောပသမဂ္ဂတစ်ခုလုံး၌ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု သုညဖြစ်ရမည်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ဥရောပ၏ ရည်မှန်းချက်ဖြစ်သော ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ချရေးအစီအစဉ်ကို အကောင် အထည်ဖော်နိုင်ရေးအတွက် လျှပ်စစ်ကားဈေးကွက်ကို ချဲ့ထွင်ရမည်ဖြစ်ကြောင်းနှင့် နယ်မြေဒေသများအတွင်း အများပြည်သူသုံးစွဲနိုင်မည့် Charging Station များ ကျယ်ကျယ်ပြန့်ပြန့်မရှိပါက လျှပ်စစ်ကားဈေးကွက် ဖြစ်ထွန်းလာမည်မဟုတ်ကြောင်း ACEA ၏ Director General ဖြစ်သူ Ms. Sigrid de Vrie က သတင်းထုတ်ပြန်ချက်တစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

 

Source:         https://www.dw.com/en/not-enough-charging-points-for-electric-cars-in-eu-acea/a-68943584

(ဒေါ်သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်)

 

Category: International News