International News

အိန္ဒိယမှ ပဲမျိုးစုံဝယ်ယူမှုမြင့်တက်၊ ပဲနီလေး၊ မတ်ပဲနှင့် ပဲစဉ်းငုံတို့ကို တင်သွင်းမှုအများဆုံးဖြစ်

Last Updated:

အိန္ဒိယနိုင်ငံသည် လက်ရှိဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံခြားတိုင်းပြည်များမှ ပဲမျိုးစုံတင်သွင်းမှု နှစ်ဆကျော်မြင့်တက်ခဲ့သည်။ အကြောင်းမှာ နိုင်ငံ၏အဓိကပဲစိုက်ပျိုးရာဒေသများတွင် အနောက်တောင်မုတ်သုန်မိုးနည်းပါးခဲ့ပြီး ပဲစိုက်ပျိုးထွက်ရှိမှုအပေါ် ထိခိုက်မှုရှိခဲ့သည့်အတွက်ဖြစ်ကြောင်း The Hindu Business Line သတင်းဌာနက ယခုလ ၂၉ ရက်နေ့က ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံမှ ပဲမျိုးစုံဝယ်ယူမှုမြင့်တက်လာမှုအခြေပြဇယား

အရေအတွက်/တန်ဖိုး/လ

ဧပြီလမှ စက်တင်ဘာလ ၂၀၂၃

ဧပြီလမှ စက်တင်ဘာလ ၂၀၂၂

တိုးတက်မှု %

အရေအတွက် (တန်ချိန်)

1485557

698154

112.78

တန်ဖိုး (ကန်ဒေါ်လာသန်း)

1265

595

112.6၀

တန်ဖိုး (ရူပီး ကာရိုး)

10440

4695

122.36

ဇစ်မြစ်။ Directorate General of Commercial Intelligence and Statistics (DGCIS)

နောက်ဆုံးရရှိသော တရားဝင်စာရင်းများအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လတာအတွင်း အိန္ဒိယနိုင်ငံမှ ပဲမျိုးစုံဝယ်ယူမှုပမာဏတန်ချိန် ၁၄ ဒသမ ၈၅ သိန်းရှိခဲ့ကြောင်း သိရသည်။ ယခင်ဘဏ္ဍာနှစ်ကာလတူရှိ တန်ချိန် ၆ ဒသမ ၉၈ သိန်းသာရှိ၍ ၁၁၃ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်ဒေါ်လာအရကြည့်လျှင် တန်ဖိုးအားဖြင့် ယမန်နှစ်ကာလတူက ၅၉၅ သန်းသာရှိခဲ့ရာမှ ယခုနှစ်အဆိုပါကာလအတွင်း ၁ ဒသမ ၂၆ ဘီလီယံကျော်သို့ မြင့်တက်ခဲ့ကြောင်းတွေ့ရသည်။ ရူပီးအားဖြင့် လွန်ခဲ့သောနှစ်ကာလတူက ၄၆ ဒသမ ၉၅ ဘီလီယံရှိခဲ့ပြီး၊ ယခုနှစ်တွင် ၁၀၄ ဒသမ ၄၀ ဘီလီယံရှိသည့်အတွက် ၁၁၂ ရာခိုင်နှုန်းမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။

အဆိုပါပဲမျိုးစုံဝယ်ယူတင်သွင်းမှုများအနက် ပဲနီလေး၊ ပဲစဉ်းငုံနှင့် မတ်ပဲတို့က အများဆုံးဖြစ်သည်။ ၂၀၂၃ ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ပဲနီလေးတန်ချိန် ၈ ဒသမ ၀၂ သိန်းတင်သွင်းခဲ့ပြီး၊ ယမန်နှစ်ကာလတူက တန်ချိန် ၂ ဒသမ ၈၁ သိန်းသာတင်သွင်းခဲ့သည့်အတွက် ၁၈၄ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း သိရပါသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံသည် အမေရိကန်ပြည်ထောင်စုမှ ပဲနီလေးတန်ချိန် ၈ ဒသမ ၅၈ သိန်းတင်သွင်းခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ အိန္ဒိယနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုမှတင်ပို့သော ပဲနီလေးအပေါ် တန်ပြန်ခွန်များ(retaliatory customs tariff)စည်းကြပ်ကောက်ခံမှုကို မကြာသေးမီက ဖယ်ရှားလိုက်သည့် အတွက် ပဲနီလေးတင်ပို့မှု နှစ်ဆမြင့်တက်လာကြောင်းတွေ့ရှိရပြီး၊ ယခုနှစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အကုန်တွင် တန်ချိန် ၁ သန်းကျော်မည်ဟု ခန့်မှန်းထားပါသည်။

အိန္ဒိယနိုင်ငံ၏ပဲနီလေးစိုက်ပျိုးမှုအခြေအနေမှာ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ရာဘီ(ဆောင်းသီးနှံ) ဟက်တာ ၁၂ ဒသမ ၇၄ သိန်းရှိပြီး၊ ယခင်နှစ်ကာလတူက ဟက်တာ ၁၂ ဒသမ ၀၃ သိန်းရှိခဲ့သည့်အတွက် အနည်းငယ်တိုးတက်လာကြောင်းတွေ့ရပါသည်။ သို့သော် ပုံမှန်ရှိရမည့် ပဲနီလေးစိုက်ပျိုးဧရိယာမှာ ဟက်တာ ၁၄ ဒသမ ၃၇ သိန်းဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ကုလားပဲစိုက်ဧကကျဆင်းလာမှုနှင့်အတူ ကျန်ပဲမျိုးစုံစိုက်ဧကများလည်း ကျဆင်းလာလျက်ရှိကြောင်း တွေ့ရပါသည်။

အိန္ဒိယနိုင်ငံမှ ပဲစဉ်းငုံတင်သွင်းမှုမှာ ယခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ တန်ချိန် ၂ ဒသမ ၇၄ သိန်းနှင့် ယခင်နှစ်ကာလတူက တန်ချိန် ၁ ဒသမ ၅၆ သိန်းရှိခဲ့သည့်အတွက် ၇၅ ရာခိုင်နှုန်းတိုးမြင့်လာပါသည်။ အလားတူ မတ်ပဲတင်သွင်းမှုမှာ တန်ချိန် ၂ ဒသမ ၄ သိန်းရှိပြီး၊ ယခင်နှစ် ကာလတူက တန်ချိန် ၁ ဒသမ ၇၂ သိန်းရှိခဲ့သည့်အတွက် ၃၉ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း သိရသည်။ ပဲစဉ်းငုံတင်သွင်းမှုမှာ အများဆုံးဖြစ်ကြောင်းတွေ့ရသော်လည်း မကြာသေးမီက မိုဇန်ဘစ်နိုင်ငံကဲ့သို့ အရှေ့အာဖရိကနိုင်ငံများတွင် ပဲတင်ပို့မှုများ၌ နှောင့်နှေးကြန့်ကြာမှုများရှိခဲ့သည်။ အိန္ဒိယနိုင်ငံသည် ၂၀၂၂-၂၀၂၃ ခုနှစ်က ပဲစဉ်းငုံနှင့် မတ်ပဲကို  တန်ချိန် ၈ ဒသမ ၉၄ သိန်းနှင့် ၅ ဒသမ ၂၄ သိန်း အသီးသီးတင်သွင်းခဲ့ကြောင်း သိရသည်။

ပဲမျိုးစုံတင်သွင်းမှုဆက်လက်တိုးမြင့်လာဖွယ်ရှိပြီး၊ လက်ရှိဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ထက် တင်သွင်းမှုပိုမိုများပြားလာမည်ဖြစ်ကြောင်း၊ အကြောင်းမှာ လာမည့်နှစ် ဇန်နဝါရီလကုန်ပိုင်းမှသာ ပဲစဉ်းငုံနှင့် မတ်ပဲအသစ်များပေါ်မှာဖြစ်သည့်အတွက်ဟု IGrain India မှ ကျွမ်းကျင်သူ Rahul Chauhan က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် မတ်ပဲတန်ချိန် ၆ ဒသမ ၅ သိန်းခန့်နှင့် ပဲစဉ်းငုံတန်ချိန် ၅ သိန်းခန့်ထွက်ရှိမည်ဟု ၎င်းက ခန့်မှန်းပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံတန်ချိန် ၁၅ ဒသမ ၂၉ သိန်း တင်သွင်းခဲ့သည်။ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ ပထမအကြိမ်ကြိုတင်ခန့်မှန်းချက်အရ ယခုနှစ် ပဲစင်းငုံထွက်ရှိမှုသည် ယမန်နှစ်နှင့်အလားတူတန်ချိန် ၃၄ ဒသမ ၂၁ သိန်းရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

အိန္ဒိယနိုင်ငံသည် ပြည်တွင်း၌ ရာသီဥတုဖေါက်ပြန်မှုကြောင့် ပဲစိုက်ဧကများကျဆင်းကာ ပြည်ပဝယ်ယူမှုအပေါ် ပိုမိုမှီခိုနေရသည့်အနေအထားဖြစ်ပါသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ပထမနှစ်ဝက်အတွင်း ပဲနီလေး၊ ပဲစဉ်းငုံနှင့် မတ်ပဲအပါအဝင် ပဲမျိုးစုံကို စံချိန်တင်ဝယ်ယူတင်သွင်းခဲ့ပြီး အဆိုပါဝယ်ယူတင်သွင်းမှုမှာ ဆက်လက်၍ တိုးမြင့်လာဦးမည်ဟု ခန့်မှန်းလျက်ရှိပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် အဆိုပါအခြေအနေအပေါ်အသာစီးရယူ၍ အိန္ဒိယနိုင်ငံသို့ ပဲမျိုးစုံပိုမိုတိုးမြှင့်တင်ပို့နိုင်မည့် အခွင့်အလမ်းများရှိနေကြောင်း လေ့လာသုံးသပ်တင်ပြလိုက်ရပါ သည်။

ရည်ညွှန်းချက်။ The Hindu Business Line သတင်းဌာန၊ “Surge in pulses imports led by higher purchases of masur, arhar and urad”၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်။

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News