International News

အိန္ဒိယခရီးသွားများအတွက် ကြိုတင်ခွင့်ပြုချက်ဖြင့်ဆိုက်ရောက်ဗီဇာကို ယူအေအီးမှ ထုတ်ပေး

Last Updated:

ယူအေအီးနိုင်ငံသည် လေကြောင်းလိုင်းနှင့်ခရီးသွားရန် ကြိုတင်စာရင်းသွင်းထားသော အိန္ဒိယပတ်စပို့ကိုင်ဆောင်သူများအတွက် ကြိုတင်ခွင့်ပြုထားသည့် ဆိုက်ရောက်ဗီဇာအထောက်အပံ့ကို မိတ်ဆက်ပေးရန်အတွက် ကမ္ဘာတစ်ဝှမ်းရှိအစိုးရများနှင့်သံတမန်ရေးရာမစ်ရှင်များအတွက် ကမ္ဘာ့အကြီးဆုံးဗီဇာထုတ်ပေးရေးနှင့် နည်းပညာဝန်ဆောင် မှုအထူးကျွမ်းကျင်သည့် ကုမ္ပဏီတစ်ခုဖြစ်သော VFS Global နှင့် သီးသန့်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

ဒူဘိုင်းဗီဇာလုပ်ဆောင်မှုစင်တာ(DVPC)မှ ဖြည့်ဆည်းပြီး ၁၄ ရက်တစ်ကြိမ် ပြည်ဝင်ခွင့်ဗီဇာအဖြစ် ထုတ်ပေးသည့် အဆိုပါအစီအစဉ်သစ်သည် ယူအေအီးနိုင်ငံ၏ဖောက်သည်များအား ဒူဘိုင်းသို့ ရောက်ရှိချိန်တွင် တန်းစီစောင့်ဆိုင်းနေရခြင်းကို ကျော်ဖြတ်နိုင်မည်ဖြစ်ပြီး၊ အကောက်ခွန်မှ မထွက်ခွာမီ ၎င်းတို့၏ ဆိုက်ရောက်မှုပုံစံများကို ရိုးရှင်းလွယ်ကူစေရန် ဆောင်ရွက်ပေးထားမည်ဖြစ်ပါသည်။

ယူအေအီးနိုင်ငံသုံးစွဲသူများသည် ၎င်းတို့၏လေယာဉ်ခရီးစဉ်များကို  emirates.com သို့မဟုတ် ၎င်းတို့၏နှစ်သက်ရာခရီးသွားအေးဂျင့်မှတဆင့် ကြိုတင်မှာယူနိုင်ပြီး emirates.com တွင် 'လက်ရှိ ကြိုတင်မှာယူမှုကို စီမံခြင်း' Tab Link မှတစ်ဆင့် ၎င်းတို့၏ကြိုတင်မှာယူမှုများကို ပြန်လည်ရယူပြီးနောက်၊ သုံးစွဲသူများသည် 'UAE ဗီဇာလျှောက်ထားရန်' Tab Link ကို နှိပ်ရမည်ဖြစ်ပါသည်။ ၎င်းတို့သည် ဗီဇာလျှောက်ထားမှုလုပ်ငန်းစဉ်ကို ချောမွေ့စေရန်လိုအပ်ချက်များ၊ စည်းကမ်းသတ်မှတ်ချက်များကို သတ်မှတ်ပေးသည့် VFS Global Services မှ ပံ့ပိုးပေးသော အွန်လိုင်း UAE ဗီဇာလျှောက်လွှာ Website သို့ ပြန်ညွှန်းမည်ဖြစ်ပါသည်။

ဝန်ဆောင်မှုသည် တရားဝင်ခြောက်လကြာ US ဗီဇာ၊ US Green Card၊ EU Residency သို့မဟုတ် UK Residency ဖြင့် အိန္ဒိယပတ်စပို့ကိုင်ဆောင်သူများအတွက် သီးသန့်ရရှိနိုင်မည်ဖြစ်ပါသည်။ ဗီဇာထုတ်ပေးခြင်းသည် နေထိုင်ခွင့်အထွေထွေညွှန်ကြားမှုဦးစီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့၏ လုံးဝဆုံးဖြတ်ပိုင်ခွင့်တွင် ရှိနေကြောင်းကိုလည်း ဖော်ပြထားပါသည်။

ရွေးချယ်ခံစားမှု၊ အသက်အရွယ်နှင့် ဘဏ္ဍာရေးစသည်တို့နှင့်ကိုက်ညီသည့် ဆွဲဆောင်မှုများနှင့် နေရာထိုင်ခင်းရွေးချယ်စရာများအစုံအလင်ဖြင့် အိန္ဒိယခရီးသွားများအတွက် ဒူဘိုင်းမြို့သည် ပထမဦးစားပေးနေရာအဖြစ် ဆက်လက်တည်ရှိနေပြီး အိန္ဒိယနှင့်ကမ္ဘာတစ်ဝှမ်းမှ မိသားစုများနှင့် ၎င်းတို့၏မိတ်သင်္ဂဟများကို မကြာခဏကြိုဆိုလက်ခံနေရသည့် တက်ကြွသော အိန္ဒိယအသိုင်းအဝိုင်း၏ အခြေချရာနေရာတစ်ခုလည်းဖြစ်ပါသည်။ ဒူဘိုင်းခရီးသွားလုပ်ငန်းစာရင်းဇယားများအရ ဒူဘိုင်းသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း အိန္ဒိယနိုင်ငံမှ ညအိပ်ဧည့်သည် ၂ သန်းကို ကြိုဆို ခဲ့ပါသည်။

ယူအေအီးနိုင်ငံသည် လက်ရှိတွင် အိန္ဒိယရှိ ခရီးစဉ်ဒေသကိုးခုအား အပတ်စဉ်လေယာဉ်ပျံသန်းမှုပေါင်း ၁၆၇ ခုဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပြီး ခရီးသွားများကို ဒူဘိုင်းသို့ ချိတ်ဆက်ကာ ကမ္ဘာလုံးဆိုင်ရာခရီးစဉ်ဒေသပေါင်း ၁၄၀ ကျော်ရှိသည့် နိုင်ငံတကာကွန်ရက်သို့ ပြေးဆွဲလျက်ရှိပါသည်။ အိန္ဒိယရှိ လေကြောင်းလိုင်း၏ကွန်ရက်တွင် Ahmedabad၊ Bengaluru၊ Chennai၊ Delhi၊ Hyderabad၊ Kochi၊ Kolkata၊ Mumbai နှင့် Thiruvananthapuram စသည့်ခရီးစဉ်ဒေသများတို့ ပါဝင်ကြောင်း ၎င်းသတင်းဌာနမှ ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ယူအေအီးနိုင်ငံသို့ အိန္ဒိယခရီးသွားများ၏ခရီးသွားလာမှုများအပေါ် လွှမ်းမိုးသည့်အချက်များတွင် စီးပွားရေးအခြေ အနေများနှင့် ငွေလဲလှယ်မှုနှုန်းထားများ၊ ပထဝီဝင်နိုင်ငံရေးတည်ငြိမ်မှုနှင့် ခရီးသွားစည်းမျဉ်း/စည်းကမ်းများ လွယ်ကူလျှင်မြန်စေမှုအပြင် မူဝါဒပိုင်းဆိုင်ရာများအပြောင်းအလဲများ၊ ပွဲတော်များ၊ စီးပွားရေးလုပ်ငန်းများ၊ ပြပွဲနှင့်ဆွေးနွေးပွဲများအပါအဝင် ယူအေအီးနှင့်ဒူဘိုင်းရှိ အိန္ဒိယအသိုင်းအဝိုင်းများ၊ ၎င်းနှင့်ယဉ်ကျေးမှုဆိုင်ရာ ပွဲလမ်း သဘင်များကဲ့သို့သော အခမ်းအနားများသည် ယူအေအီးနိုင်ငံသို့ လာရောက်လည်ပတ်သော အိန္ဒိယခရီးသွားအရေ အတွက်အပေါ် သက်ရောက်မှုရှိစေသည်ကိုတွေ့ရှိရကြောင်း တင်ပြလိုက်ရပါသည်။

Source: Dubai Media Office

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News