International News

ရုရှားသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက်စိုက်ပျိုးရေးထုတ်ကုန်များတင်ပို့သည့် နိုင်ငံဖြစ်လာကြောင်း သမ္မတပူတင်ပြောကြား

Last Updated:

ရုရှားနိုင်ငံသည် စိုက်ပျိုးရေးထုတ်ကုန်များတင်ပို့မှုအရ ကမ္ဘာပေါ်တွင် စတုတ္ထမြောက်နိုင်ငံဖြစ်လာပြီး ၎င်းမှရရှိသည့်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၄၃.၅ ဘီလီယံရှိကာ ထိုကဲ့သို့သောရလဒ်များ မကြုံခဲ့ဖူးကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က လယ်သမားများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရုရှားသည် စိုက်ပျိုးရေးထုတ်ကုန်များတင်ပို့ရာ၌ ကမ္ဘာ့စတုတ္ထမြောက်နိုင်ငံဖြစ်လာပြီး ဂျုံတင်ပို့မှုတွင် ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်လာခဲ့ကြောင်း၊ ပြီးခဲ့သောနှစ်တွင် ပြည်ပဈေးကွက်၌ ရောင်းချခဲ့သော ထုတ်ကုန်များ၏ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၄၃.၅ ဘီလီယံရှိပြီး တင်ပို့မှုဝင်ငွေသည် အဆ ၃၀ တိုးလာခြင်းဖြစ်ကြောင်း၊ ရုရှားသည် ကမ္ဘာတွင် အသားထုတ်လုပ်မှုအမြင့်ဆုံးနိုင်ငံများထဲက တစ်နိုင်ငံဖြစ်ပြီး ၎င်းသည် စိုက်ပျိုးရေးလုပ်ငန်းများနှင့်လည်း ဆက်စပ်လျက်ရှိကြောင်း သမ္မတမှ ပြောကြားခဲ့သည်။

ပြီးခဲ့သည့်စိုက်ပျိုးရေးရာသီ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ရုရှားကောက်ပဲသီးနှံတန်ချိန် ၅၃.၅ သန်းခန့်တင်ပို့ခဲ့ပြီး လာမည့်နှစ် ၂၀၂၃-၂၀၂၄(၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိ) ခုနှစ်တွင် တန်ချိန် ၆၅ သန်းအထိ တင်ပို့နိုင်မည်ဟု ခန့်မှန်းကြောင်း၊ ရုရှားစိုက်ပျိုးရေးထုတ်ကုန်များကို ပိတ်ဆို့အရေးမှုများကြားမှ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ နီးပါးသို့ တင်ပို့ပေးခဲ့ကြောင်း သမ္မတမှ ပြောကြားခဲ့သည်။

ရုရှားတွင် ကောက်ပဲသီးနှံရိတ်သိမ်းမှုပမာဏသည် ၂၀၂၂ ခုနှစ်တွင် တန်ချိန် ၁၅၇ သန်းနှင့် ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၁၄၇ သန်းအထိ စံချိန်တင်ခဲ့ကြောင်း ပူတင်က မှတ်ချက်ပြုခဲ့သည်။

ရုရှားသမ္မတ၏ပြောကြားမှုအရ လက်ရှိတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် အစားအသောက်တင်သွင်းမှုအပေါ် မှီခိုမှုမရှိသလောက်နည်းပါးသွားပြီဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်များအတွင်း စိုက်ပျိုးရေးကဏ္ဍသည် များစွာပြောင်းလဲခဲ့ကြောင်း၊ ၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံအတွက် စားနပ်ရိက္ခာထောက်ပံ့ရန်နှင့် အခြေခံအစိတ်အပိုင်းအားလုံးနီးပါးသည် တင်သွင်းမှုအပေါ် မူတည်ခဲ့ကြောင်း၊ လက်ရှိတွင် ထိုကဲ့သို့မှီခိုမှုမျိုးမရှိတော့၍ စိုက်ပျိုးရေးလုပ်သားများ၏ အောင်မြင်မှုများကို ချီးကျူးကြောင်း သိရှိရပါသည်။

Source :    https://tass.ru/ekonomika/20160805

               https://ria.ru/20240305/agroproduktsiya-1931283030.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News