International News

ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂများအနေဖြင့် လုပ်ခလစာများကို ၃၁ နှစ်အတွင်း အမြင့်ဆုံးနှုန်းထားသို့ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့

Last Updated:

ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂများအနေဖြင့် လုပ်ခလစာများကို ၃၁ နှစ်အတွင်း အမြင့်ဆုံးနှုန်းသို့ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြောင်း ဂျပန်နိုင်ငံ၏အကြီးဆုံးအလုပ်သမားသမဂ္ဂက ၇-၃-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

အဆိုပါသတင်းတွင် အလုပ်သမားသမဂ္ဂများနှင့် စီးပွားရေးလုပ်ငန်းများအကြား Shunto ဟုခေါ်သည့် လုပ်ခလစာဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို လုပ်ခလစာအသစ်များသတ်မှတ်လေ့ရှိသည့် ဘဏ္ဍာနှစ်သစ်ဖြစ်သည့် ဧပြီလမတိုင်မီ နှစ်စဉ်မတ်လတွင် ကျင်းပလေ့ရှိကြောင်း၊ အစည်းအဝေးတွင် ဆွေးနွေးမှုရလဒ်များသည် နိုင်ငံ၏ငွေကြေးမူဝါဒအပေါ် သက်ရောက်လေ့ရှိသဖြင့် ယခုနှစ်အစည်းအဝေးကိုလည်း စီးပွားရေးပညာရှင်များက အလေးထားစောင့်ကြည့်လျက်ရှိကြောင်း၊ လစာနှုန်းထားများကို ငွေကြေးဖောင်းပွမှုနှုန်းထားနှင့်အညီ တိုးမြှင့်ပေးနိုင်ရေး အစိုးရအနေဖြင့် မျှော်မှန်းလျက်ရှိပြီး၊ ထိုသို့တိုးမြှင့်နိုင်မည်ဆိုပါက ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းတိုးမြှင့်သွားနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အဖွဲ့ဝင် ၇ သန်းကျော်ရှိသည့် ဂျပန်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ရေးသမဂ္ဂဖြစ်သည့် Rengo ၏ အဖွဲ့ဝင်သမဂ္ဂများမှ တောင်းဆိုထားသည့် ပျမ်းမျှအခြေခံလစာတိုးမြှင့်မှုနှုန်းမှာ ၅.၈၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အဆိုပါနှုန်းထားမှာ ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁.၃၆ ရာခိုင်နှုန်းများပြားခဲ့ကြောင်း၊ ယခုတောင်းဆိုသည့် အခြေခံလစာတိုးမြှင့်မှုနှုန်းမှာ ၁၉၉၃ ခုနှစ်မှစ၍ အမြင့်ဆုံးနှုန်းဖြစ်ခဲ့ကြောင်း၊ ထိုစဉ်က လစာတိုးမြှင့်ပေးရန် တောင်းဆိုခဲ့သည့်နှုန်းထားမှာ ၇.၁၅ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြ ထားပါသည်။ လစာတိုးမြှင့်ပေးရန် တောင်းဆိုခဲ့သည့် သမဂ္ဂပေါင်း ၃၇၂၆ ခုအနက် ၉၂.၆ ရာခိုင်နှုန်းဖြစ်သည့် ၃၄၄၉ ခုမှာ လစဉ်လစာနှုန်းထားမှာ တိုးမြှင့်ပေးရန်လည်း တောင်းဆိုခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် လစာနှုန်းထားတိုးမြှင့်မှုနှုန်းကို ၃.၆ ရာခိုင်နှုန်းတိုးမြှင့်ပေးရန် တောင်းဆိုခဲ့ပြီး၊ လစဉ်အခြေခံလစာနှင့်လုပ်သက်အလိုက်လစာတိုးမြှင့်ပေးရန်အတွက်လည်း တောင်းဆိုခဲ့ကြကြောင်း ဖော်ပြထားပါသည်။

လက်ရှိတွင် ယန်းငွေတန်ဖိုး ပြန်လည်အားကောင်းလာသည့်အတွက် မတ်လ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပမည့် ဂျပန်ဗဟိုဘဏ်၏ မူဝါဒဆိုင်ရာအစည်းအဝေးတွင် Negative Interest Rate ကို အဆုံးသတ်ရန် မျှော်လင့်လျက်ရှိကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံရှိ ကုမ္ပဏီကြီးများအနေဖြင့် လုပ်ခလစာဆိုင်ရာ ညှိနှိုင်းမှုများကို မတ်လ ၁၃ ရက်နေ့တွင် အပြီးဆွေးနွေးသွားပြီး မတ်လ ၁၅ ရက်နေ့တွင် ဆွေးနွေးမှုရလဒ်များကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်အစိုးရအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် သိသာထင်ရှားသည့် သက်ရောက်မှုများဖြစ်ပေါ်စေရန်အတွက် အခြေခံလစာတိုးမြှင့်မှုနှုန်းထားအား ကုန်စည်ဈေးနှုန်းများမြင့်တက်မှုနှုန်းနှင့်အညီ တိုးမြှင့်ပေးနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းများအား တိုက်တွန်းလျက်ရှိပါသည်။ အကြီးစားကုမ္ပဏီများအနေဖြင့် လစာတိုးမြှင့်မှုနှုန်းကို ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးရန်၊ အလတ်စားကုမ္ပဏီများအနေဖြင့် လစာတိုးမြှင့်မှုနှုန်းကို ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးရန်၊ အငယ်စားကုမ္ပဏီများအနေဖြင့် ၁.၅ ရာခိုင်နှုန်းမှ ၂.၅ ရာခိုင်နှုန်းအကြား တိုးမြင့်ပေးရန် တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး၊ ထိုသို့လစာတိုးမြှင့်ပေးသည့် ကုမ္ပဏီများအား အစိုးရအနေဖြင့် အခွန်ဆိုင်ရာ ခုနှိမ်ခွင့်အနေဖြင့် အကြီးစားနှင့်အလတ်စားကုမ္ပဏီများအတွက် ၃၅ ရာခိုင်နှုန်းနှင့် အသေးစားကုမ္ပဏီများကို ၄၅ ရာခိုင်နှုန်းအထိ ခုနှိမ်ပေးသွားရန် ဆောင်ရွက်လျက်ရှိပါသည်။

Source: The Nikkei Asia (၇-၃-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News