Local News

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလတွင် ကွမ်းသီးစိမ်းအလုံးရေ ၄၅၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလတွင် ကွမ်းသီးစိမ်းအလုံးရေ ၄၅၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ကျိုက်လတ်မြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်မြင့်မော်က ပြောပြ၍ သိရသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ကွမ်းသီးစိမ်းအလုံးရေ ၃၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေ‌ဖော်ဝါရီလ ၁ ရက်နေ့မှ ၂၉ ရက်နေ့ထိ ကွမ်းသီးစိမ်း အလုံးရေ ၄၅၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါ ကွမ်းသီးစိမ်းအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၅၅၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

“ပြည်ပဈေးကွက်က အမှာကုန်များလာလို့ ရန်ကုန်ဈေးကွက်ကို တင်ပို့ကုန်အများအပြား တင်ပို့နေရတာဖြစ်ပါတယ်။ တင်ပို့နေရတဲ့ ကွမ်းသီးကတော့ အရည်အသွေးကောင်းဖို့ လိုအပ်ပါတယ်။ သန့်ရှင်းဖို့လဲ လိုပါတယ်။ လက်ရှိကွမ်းသီးစိမ်းအလုံး‌ရေ ၁၀၀ ကို ငွေကျပ် ၅၅၀၀ ထိ ဈေးပေါက်နေပါတယ်။ ရန်ကုန်ဈေးကွက်ကို ကွမ်းသီးစိမ်းတွေ အများအပြားတင်ပို့ရောင်းအားကောင်းလာတော့ ကွမ်းသီးစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာပါတယ်” ဟု ကျိုက်လတ်မြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်မြင့်မော်က ပြောပြသည်။

ကျိုက်လတ်မြို့နယ်က ထွက်ရှိသည့် ကွမ်းသီးစိမ်းများကို ကုန်သည်များက ကွမ်းသီးခြံများအရောက်သွားရောက်ဝယ်ယူပြီး စနစ်တကျ ရွေးချယ်ထုပ်ပိုးကာရန်ကုန်မြိုသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါကွမ်းသီးစိမ်းများကို ရန်ကုန်မြို့မှတစ်ဆင့် အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ဒေါ်မြင့်မြင့်မော်က ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News