International News

ဂျပန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား  စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်နိုင်ရေး သဘောတူညီခဲ့

Last Updated:

အာရှဒေသတွင်း၌ တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုကြီးမားလာသည်နှင့်အမျှ အာရှဒေသရှိ ဂျပန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်သွားရန် ၇-၃-၂၀၂၄ ရက်နေ့တွင် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများအကြား သဘောတူညီမှု ရရှိခဲ့ပါသည်။

အဆိုပါသတင်းတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး၊ Ms. Yoko Kamikawa နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး၊ Mr. Subrahmanyam Jaishankar တို့အနေဖြင့် ကာကွယ်ရေးဆိုင်ရာစက်ပစ္စည်းများနှင့် နည်းပညာများလွှဲပြောင်းပေးခြင်းအပါအဝင် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရန်သဘောတူညီခဲ့ကြကြောင်း၊ ထို့ပြင် အာကာသနှင့်ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဖော်ထုတ်သွားရန် သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားပါသည်။

Quad အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဂျပန်၊ အိန္ဒိယ၊ အမေရိကန်နှင့် ဩစတြေးလျနိုင်ငံတို့အနေဖြင့် ဒေသတွင်း၌ တရုတ်နိုင်ငံ၏ စီးပွားရေးနှင့်စစ်ရေးအရ လွှမ်းမိုးလာနိုင်မှုများကို စိုးရိမ်လျက်ရှိသည့်အတွက် အဖွဲ့ဝင်နိုင်ငံများအကြား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့အနေဖြင့် တူညီသည့်တန်ဖိုး၊ သမိုင်းကြောင်းနှင့် အကျိုးစီးပွားများရှိကြသည့်အားလျော်စွာ အင်ဒိုပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် သာယာဝပြောရေးတို့အတွက် အိန္ဒိယနိုင်ငံအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ၎င်း၏ ၃ ရက်တာ ဂျပန်ခရီးစဉ်အတွင်း ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

ကမ္ဘာ့နိုင်ငံများအကြား မဟာဗျူဟာဆက်ဆံရေးအခြေအနေများ လျင်မြန်စွာပြောင်းလဲလျက်ရှိပြီး၊ လုံခြုံရေးအခြေအနေဆိုးရွားလာသည်နှင့်အမျှ ဂျပန်နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့် ဆွေးနွေးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းအားဖြင့် ကမ္ဘာ့ရေးရာစိန်ခေါ်မှုများကို အတူတကွကျော်လွှားနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားကြောင်း ဖော်ပြထားပါသည်။ ထို့အတူ နှစ်နိုင်ငံအကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုများလည်း တိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပါသည်။

နှစ်နိုင်ငံအကြား စီးပွားရေးလုံခြုံမှုမြှင့်တင်ရေး၊ ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက် ပိုမိုခိုင်မာအားကောင်းလာစေရေးလက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့စေသည့် နည်းပညာများနှင့် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ အသွင်ကူးပြောင်းမှုများစသည့်ကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြထားပါသည်။ ထို့ပြင် အိန္ဒိယနိုင်ငံတွင် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် အမြန်ရထားလမ်းတည်ဆောက်ရေးစီမံကိန်းကိုလည်း ဂျပန်အစိုးရအနေဖြင့် ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်းပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

၂၀၂၃ ခုနှစ်၊ မတ်လတွင် ဝန်ကြီးချုပ်ခီရှိဒ၏ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း ဝန်ကြီးချုပ်ခီရှိဒက လွတ်လပ်၍ ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသ(Free and Open Indo-Pacific)တစ်ခုကို ဖော်ဆောင်မည့် အစီအစဉ်သစ်ကို ပြောကြားခဲ့ပါသည်။ ထို့ပြင် ဂျပန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား အထူးမဟာဗျူဟာမြောက်နှင့် ကမ္ဘာလုံးဆိုင်ရာမိတ်ဖက်ဆက်ဆံရေး(Japan-India Special Strategic and Global Partnership)နှင့် လွတ်လပ်၍ ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသဖြစ်ပေါ်စေရေးတို့ အတွက် နှစ်နိုင်ငံအကြား ပိုမိုနက်ရှိုင်းသည့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။

ကမ္ဘာ့နိုင်ငံများအကြား ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးအရ တင်းမာမှုများ ပိုမိုပြင်းထန်လာချိန်တွင် အင်ဒိုပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် သာယာဝပြောရေးတို့ကို ဖော်ဆောင်နိုင်ခြင်းဖြင့် နှစ်နိုင်ငံလုံး၏ ဘုံအကျိုးစီးပွားကို ဖြစ်ထွန်းစေနိုင်မည် ဖြစ်သည့်အတွက် အင်ဒို-ပစိဖိတ်ဒေသတွင်း အင်အားကြီးနိုင်ငံများဖြစ်သည့်အပြင် ကမ္ဘာ့စီးပွားရေးစတုတ္ထနှင့် ပဥ္စမအကြီးဆုံးနိုင်ငံများ ဖြစ်ကြသည့် ဂျပန်နှင့်အိန္ဒိယနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်လာခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။                                         

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Asahi Shimbum (၈-၃-၂၀၂၄)

Category: International News