International News

စင်ကာပူနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ခဲ့သည့် (၇) ကြိမ်မြောက်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကော်မတီအစည်းအဝေး

Last Updated:

စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန(Ministry of Trade and Industry - MTI) နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(Ministry of Commerce of the People’s Republic of China – MOFCOM)တို့အကြား (၇) ကြိမ်မြောက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကော်မတီအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး Gan Kim Yong နှင့်တရုတ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး Wang Wentao တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် နှစ်နိုင်ငံဝန်ကြီးများအနေဖြင့် အစိမ်းရောင်စီးပွားရေးတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနားလည်မှုစာချွန်လွှာ(MOU on Promoting Cooperation in Green Economy)၊ ဒီဂျစ်တယ်စီးပွားရေးတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနားလည်မှုစာချွန်လွှာ(MOU on Enhancing Cooperation in Digital Economy)၊ အီလက်ထရောနစ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ(MOU on Electronic Commerce Cooperation)စသည့်နားလည်မှုစာချွန်လွှာများသည် နှစ်နိုင်ငံအကြား ဆက်လက်ပူပေါင်းဆောင်ရွက် ရမည့် နယ်ပယ်ကဏ္ဍများဖြစ်ကြောင်းကို အသိအမှတ်ပြုခဲ့ပါသည်။ ဒီဂျစ်တယ်စီးပွားရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ကြိုဆိုခဲ့ကြပြီး နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် စီးပွားရေးအရပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုဆောင်ရွက်သွားကြရန် ကတိကဝတ်ပြုခဲ့ပါသည်။

နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုခိုင်မာအားကောင်းစေရေး၊ ၂၀၂၄ ခုနှစ်တွင် တည်ထောင်မှုနှစ် ၃၀ ပြည့်မည့် China-Singapore Suzhou Industrial Park၊ China-Singapore (Chongqing) Connectivity Initiative၊ China-Singapore Guangzhou Knowledge City စသည့် စီမံကိန်းများပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ ပေကျင်း၊ ချုံချင့်၊ ရှန်ဟိုင်း၊ စူးကျိုးမြို့များအပါအဝင် တရုတ်နိုင်ငံ၏မြို့များနှင့် စာရွက်စာတမ်းလွတ်ကုန်သွယ်မှုအဖြစ် ဒီဂျစ်တယ်စနစ်ဖြင့် ကုန်သွယ်နိုင်ရေးဆောင်ရွက်နေမှုများ စသည်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး SGTraDex ကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုစင်္ကြံများမှတစ်ဆင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ကြရန် တိုက်တွန်းအားပေးခဲ့ပါသည်။

ဒီဂျစ်တယ်စီးပွားရေးနှင့် အစိမ်းရောင်စီးပွားရေးသည် စင်ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံတို့အတွက် အရေးပါသည့် ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍများဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများနှင့် စီးပွားရေးကဏ္ဍအတွက် အကျိုးဖြစ်ထွန်းနိုင်မည့် နယ်ပယ်အသစ်များကို ဆွေးနွေးခဲ့ကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် လာမည့်နှစ်များတွင် ဖွံ့ဖြိုးတိုးတက်မှုများဆက်လက်ရရှိမည်ဟု ယုံကြည်ပါကြောင်း စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး Gan Kim Yong က ပြောကြားခဲ့ပါသည်။

နှစ်နိုင်ငံအကြား ရေးထိုးထားသည့်နားလည်မှုစာချွန်လွှာများ၊ စင်ကာပူနိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးဦးတည်ချက်များ၊ ဒီဂျစ်တယ်စနစ်အခြေပြုစီးပွားရေးကို ပုံဖော်နေမှုများအရ စင်ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများသည် ဒီဂျစ်တယ်နှင့် အစိမ်းရောင်စီးပွားရေးကဏ္ဍတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လာမည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ရင်းမြစ်။        Ministry of Trade and Industry

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News