International News

အိန္ဒိယအစိုးရက အရန်ရိက္ခာသိုလှောင်မှုအနေဖြင့် ယခုနှစ်တွင် ကြက်သွန်နီတန်ချိန် ငါးသိန်း၀ယ်ယူရန် စီစဉ်လျက်ရှိ

Last Updated:

အိန္ဒိယအစိုးရက ကြက်သွန်နီဈေးနှုန်းမြင့်တက်လာပါက ဈေးကွက်အတွင်း ဝင်ရောက်ထိန်းကျောင်းနိုင်စေရန်အတွက် ယခုနှစ်တွင် ကြက်သွန်နီတန်ချိန် ၅ သိန်း၀ယ်ယူရန် စီစဉ်နေကြောင်း၊  အိန္ဒိယအမျိုးသားစားသုံးသူရေးရာသမဝါယမအဖွဲ့ချုပ်(NCFF)နှင့် အိန္ဒိယအမျိုးသားသမဝါယမနှင့် ဈေးကွက်ရှာဖွေရေးအဖွဲ့ချုပ်(NAFED)ကဲ့သို့သောအေဂျင်စီများသည် အစိုးရကိုယ်စား ကြက်သွန်နီကို ၀ယ်ယူမည်ဖြစ်ကြောင်းနှင့် စားနပ်ရိက္ခာနှင့် စားသုံးသူရေးရာဝန်ကြီးဌာနသည် ယမန်နှစ်ကလည်း ကြက်သွန်နီအရန်ရိက္ခာတန်ချိန် ၅ သိန်းသိုလှောင်ခဲ့ပြီး ယင်းအနက် တန်ချိန် ၁ သိန်းကျန်ရှိနေသေးကြောင်း သိရှိရသည်။

အစိုးရက အရန်သိုလှောင်ထားသည့် ကြက်သွန်နီများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းသည် ဈေးနှုန်းထိန်းချုပ်ရာတွင် အထောက်အကူဖြစ်ကြောင်း သတင်းရင်းမြစ်များအရ သိရှိရပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ တားမြစ်ထားသည့် ကြက်သွန်တင်ပို့မှုတားမြစ်ချက်ကို ရုတ်သိမ်းရန် အစိုးရက ယခုလနှောင်းပိုင်းတွင် ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

အစိုးရ၏ ကြက်သွန်နီအရန်သိုလှောင်မှုအစီအစဉ်သည် 2023-24 ခုနှစ်အတွင်း ကြက်သွန်အထွက်နှုန်းကျဆင်းလာချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

စိုက်ပျိုးရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာချက်အရ ယခင်နှစ်က ကြက်သွန်နီတန်ချိန် ၃၀၂.၀၈ သိန်းထွက်ရှိခဲ့သော်လည်း ၂၀၂၃-၂၄ ခုနှစ်တွင် မဟာရက်ရှ်ထရာပြည်နယ်၊ ကာနာတကာပြည်နယ်၊ အင်ဒရာပရာဒက်ရှ်ပြည်နယ်နှင့် ရာဂျစ်စတန်ပြည်နယ်တို့တွင် အထွက်နှုန်းများလျော့နည်းခဲ့သည့်အတွက် တန်ချိန် ၂၅၄.၇၃ သိန်းဝန်းကျင်သာ ထွက်ရှိမည်ဟု မျှော်မှန်းထားကြောင်း၊ ၂၀၂၃-၂၄ တွင် ကြက်သွန်နီထုတ်လုပ်မှုသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ စာရင်းများအရ ၂၀၂၁-၂၂ တွင် ကြက်သွန်နီတန်ချိန် ၃၁၆.၈၇ သိန်းထွက်ရှိခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယသည် ပွဲတော်ရာသီချိန်များဖြစ်သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ကြက်သွန်နီဝယ်လိုအားများပြားသည့်အတွက် ကြက်သွန်နီဈေးနှုန်းများ ဆတိုးမြင့်တက်လေ့ရှိသည်ကို တွေ့ရှိရပြီး ယင်းအချိန်တွင် အစိုးရမှ သိုလှောင်ထားသည့် အရန်ကြက်သွန်များကို ဈေးကွက်အတွင်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းဖြင့် ဈေးကွက်ကို ထိန်းကြောင်းမှုများဆောင်ရွက်သည်မှာ အလုပ်ဖြစ်ခဲ့သည်ကို တွေ့ရှိရသဖြင့် သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: Center plans to procure five lakh tonnes of onions this year for buffer stock, The Economic Times, March 8, 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News