International News

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ကနေဒါနိုင်ငံ၏ ကုန်ပစ္စည်းအချို့အပေါ် ၅၀%  သွင်းကုန်ခွန်ထပ်မံစည်းကြပ်ရန်ကြေညာခဲ့

Last Updated:

အမေရိကန်နိုင်ငံ၏ထုတ်ကုန်များအပေါ် ကနေဒါနိုင်ငံ၏ခွဲခြားဆက်ဆံမှုကိုတုံ့ပြန်သည့်အနေဖြင့် အမေရိကန်နိုင်ငံ၏ ၁၉၃၀ ပြည့်နှစ်၊ အခွန်အကောက်အက်ဥပဒေ ပုဒ်မ ၃၃၈(Section 338 of the Tariff Act of 1930)အရ ကနေဒါနိုင်ငံ၏ ကုန်ပစ္စည်းအချို့အပေါ် ၅၀% သွင်းကုန်ခွန်ထပ်မံစည်းကြပ် နိုင်ရေးအတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်တွင် သမ္မတ၏ ကြေညာချက်(၃)စောင်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့ပါသည်။ ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် ကနေဒါနိုင်ငံသည် အမေရိကန်နိုင်ငံအပေါ်ခွဲခြားဆက်ဆံမှုကြောင့် အမေရိကန်နိုင်ငံ၏ကူးသန်းရောင်း ဝယ်ရေးကဏ္ဍအပေါ် ဝန်ထုပ်ဝန်ပိုးနှင့်ထိခိုက်နစ်နာမှုများဖြစ်ပေါ်စေမှုကို လျော့ပါးစေမည်ဖြစ်ပြီး အမေရိကန်နိုင်ငံ၏အဓိကပို့ကုန်များဖြစ်သည့် မော်တော်ကားများ၊ အဖျော်ယမကာများနှင့် နို့ထွက်ပစ္စည်းများအတွက် မျှတသောယှဉ်ပြိုင်မှုကိုဖြစ်ပေါ်စေမည်ဖြစ်ကြောင်း သမ္မတအိမ်ဖြူတော်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားပါသည်။

အဆိုပါထုတ်ပြန်ကြေညာချက်တွင် ကနေဒါနိုင်ငံ၏ သွင်းကုန်ပစ္စည်းအမျိုးအစားအုပ်စုများ အပေါ်တွင် ၅၀% အခွန်စည်းကြပ်ခြင်းဖြစ်ကြောင်း၊ အမေရိကန်-မက္ကဆီကို-ကနေဒါသဘောတူညီချက်(USMCA)အရပင်ရင်းနိုင်ငံသတ်မှတ်ချက်ပြည့်မီခြင်း ရှိ၊ မရှိနှင့်မသက်ဆိုင်ဘဲ အကျုံးဝင်သည့်ကုန်ပစ္စည်းအားလုံးအပေါ် သက်ရောက်မည်ဖြစ်ကြောင်း၊ အခွန်စည်းကြပ်မှုများသည် စွမ်းအင်၊ ပိုတက်ရှ်ဓာတ်မြေဩဇာ၊ ၁၉၆၂ ခုနှစ်၊ ကုန်သွယ်မှုချဲ့ထွင်ရေးအက်ဥပဒေ(Trade Expansion Act of 1962) ပုဒ်မ ၂၃၂ အရ အခွန်စည်းကြပ်မှုများသက်ရောက်သည့် ထုတ်ကုန်များနှင့် ငါး (သို့မဟုတ်)အရေးပါသည့်သတ္တုများ ကဲ့သို့သောအခြားကုန်ပစ္စည်းအချို့အပေါ် သက်ရောက်မည်မဟုတ်ကြောင်း၊ အခွန်စည်းကြပ်မှုများသည် လက်မှတ်ရေးထိုးပြီးနောက် ရက်ပေါင်း(၃၀)အကြာတွင် အသက်ဝင်မည်ဖြစ်ကြောင်းဖော်ပြထားပါ သည်။

၁၉၃၀ ပြည့်နှစ်၊ အခွန်အကောက်အက်ဥပဒေပုဒ်မ ၃၃၈ သည် နိုင်ငံတစ်နိုင်ငံက အမေရိကန်နိုင်ငံ၏ပို့ကုန်များအပေါ် အခြားနိုင်ငံများ၏ပို့ကုန်များထက် ထိခိုက်နစ်နာမှုဖြစ်ပေါ်စေပါက သမ္မတအနေဖြင့် အခွန်ကောက်ခံနိုင်သည့် အခွင့်အာဏာကို ပေးအပ်ထားသည့် ဥပဒေပုဒ်မဖြစ်ပြီး၊ ကနေဒါနိုင်ငံအနေဖြင့် မော်တော်ကား၊ အဖျော်ယမကာနှင့် နို့ထွက်ပစ္စည်းကဏ္ဍများတွင် အမေရိကန်နိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများရှိကြောင်း အောက်ပါအတိုင်းဖော်ပြထားပါသည်-

(က) ကနေဒါနိုင်ငံသည် အမေရိကန်နိုင်ငံမှ ကနေဒါနိုင်ငံသို့ တင်သွင်းသော မော်တော်ကားများအပေါ် သွင်းကုန်ခွန်အချို့နှင့်ခွဲတမ်းသတ်မှတ်ချက်များ ဆောင်ရွက်ထားသော်လည်း  အခြားနိုင်ငံများမှ တင်သွင်းမှုများအပေါ်ဆောင်ရွက်မှုမရှိကြောင်း၊ ကနေဒါနိုင်ငံ၏ အဆိုပါခွဲတမ်းများသတ်မှတ်ခြင်းသည် အမေရိကန်မော်တော်ကားကုမ္ပဏီများအား အမေရိကန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့်အစား ကနေဒါနိုင်ငံတွင် ရင်းနှီးမြှုပ်နှံစေရန် အတင်းအကြပ်ဆောင်ရွက်သည့် စီမံခန့်ခွဲမှုဖြစ် ကြောင်း၊

(ခ)   ကနေဒါနိုင်ငံ၏ ပြည်နယ်နှင့် နယ်မြေဒေသအများစုတွင် အမေရိကန်နိုင်ငံထုတ်အဖျော်ယမကာများဝယ်ယူခြင်း၊ ဖြန့်ဖြူးခြင်း(သို့မဟုတ်)လက်လီရောင်းချခြင်းကို ခွင့်မပြုသော်လည်း အခြားနိုင်ငံများအပေါ် အလားတူကန့်သတ်ချက်များ ချမှတ်ထားခြင်းမရှိကြောင်း၊

(ဂ)   ကနေဒါနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂ နှစ်ခုလုံးနှင့် ကုန်သွယ်ရေးသဘောတူညီချက်များချုပ်ဆိုထားသော်လည်းအမေရိကန်နိုင်ငံထုတ် ဒိန်ခဲတင်သွင်းမှုအပေါ် Tariff-Rate Quotas(TRQ)သတ်မှတ်ရာတွင် ဥရောပသမဂ္ဂ နိုင်ငံများမှ တင်သွင်းသည့်အလားတူပစ္စည်းအပေါ် သတ်မှတ်ချက်ထက်ပိုမိုတင်းကျပ်စွာချမှတ်ထားကြောင်း။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေဖြင့် ၎င်း၏ကတိကဝတ်အတိုင်း အမေရိကန်အလုပ်သမားများ၊ လယ်သမားများနှင့်စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုကောင်းမွန်သည့်ရလဒ်များရရှိရေး၊ ကုန်သွယ်မှုတွင် အပြန်အလှန်တန်းတူညီမျှမှုရှိရေးနှင့် အမျိုးသားလုံခြုံရေးခိုင်မာအားကောင်းစေရေးတို့အတွက် သွင်းကုန်ခွန်ကောက်ခံမှုကို အသုံးပြုခြင်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ “အမေရိကန်ပဓာနကုန်သွယ်မှုမူဝါဒ”သည် အမေရိကန်အလုပ်သမားများနှင့် မိသားစုများ၏အကျိုး ခံစားခွင့်အတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ယင်းမူဝါဒသည် အမေရိကန်ပို့ကုန်များအတွက် ကမ္ဘာ့ဈေးကွက်ဝင်ရောက်ခွင့်ကို သိသာစွာချဲ့ထွင်ပေးခဲ့ကာ အလုပ်သမားများ၏ ဝင်ငွေတိုးပွားစေခြင်း၊ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများပြန်လည်ဖော်ဆောင်ပေးခြင်းနှင့် ကုန်သွယ်မှုလိုငွေပြမှုလျှော့ချနိုင်ခြင်းတို့ကို ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ အမေရိကန်သမ္မတအနေဖြင့် အမျိုးသားစီးပွားရေးလုံခြုံမှုအတွက် အရေးပါသော ကုန်ထုတ်လုပ်မှုကို ကာကွယ်ရန်နှင့် အားကောင်းစေရန်အတွက် ၁၉၆၂ ခုနှစ်၊ ကုန်သွယ်မှုချဲ့ထွင်ရေးအက်ဥပဒေ(Trade Expansion Act of 1962) ပုဒ်မ ၂၃၂ အရ အရေးယူဆောင်ရွက်မှုများပြုလုပ်ခဲ့ပြီး သံမဏိ၊ အလူမီနီယမ်၊ ကြေးနီ၊ ထရပ်ကားများနှင့်မော်တော်ကားများ၊ သစ်ခွဲသား၊ သစ်လုံးများနှင့် ဆေးဝါးများကဲ့သို့သောအဓိကကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်ချမှတ်ခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သမ္မတအိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ကနေဒါနိုင်ငံအပေါ်သွင်းကုန်ခွန်ကောက်ခံရာတွင် မော်တော်ကား၊ အဖျော်ယမကာနှင့် နို့ထွက်ပစ္စည်းကဏ္ဍများနှင့်စပ်လျဉ်း၍ ကဏ္ဍတစ်ခုချင်းအလိုက် သွင်းကုန်ခွန် ၅၀% ကောက်ခံမည်ဖြစ်ကြောင်းနှင့် အဆိုပါသွင်းကုန်ခွန်စည်းကြပ်မှုသည် ယခုကြေညာချက်ကို လက်မှတ်ရေးထိုးပြီး ရက်ပေါင်း (၃၀) ပြည့်မြောက်သည့် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်တွင်စတင်မည်ဖြစ်ကြောင်းကို သမ္မတ၏ သီးခြားကြေညာချက်(၃)စောင်ဖြင့်ထုတ်ပြန်ခဲ့ပြီး၊ အဆိုပါကဏ္ဍတစ်ခုချင်းအလိုက် သွင်းကုန်ခွန်စည်းကြပ်မည့် အသေးစိတ်အချက်အလက်များကို အမေရိကန်နိုင်ငံ၏ Harmonized Tariff Schedule of the United States(HTSUS)အရ နောက်ဆက်တွဲ(၁)၊ (၂)ပါသတ်မှတ်ချက်များအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

Source: The White House

(ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News