International News

မလေးရှားအစိုးရ၏ ကြားဝင်ဆောင်ရွက်မှုများကြောင့် မလေးရှားနိုင်ငံ၏ ကြက်မွေးမြူရေးလုပ်ငန်းအနေဖြင့် ထုတ်လုပ်မှုလျှော့ချရန် စဉ်းစားလာ

Last Updated:

မလေးရှားနိုင်ငံ၏ ကြက်မွေးမြူထုတ်လုပ်မှုကို ထိန်းကျောင်းရန်နှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရန်အတွက် ကြက်ဥနှင့် ကြက်သားဈေးနှုန်းများနှင့်စပ်လျဉ်း၍ လွန်ခဲ့သည့် ၁၈ လအတွင်း ရင်းဂစ်ဘီလီယံနှင့်ချီ၍ မလေးရှားနိုင်ငံအစိုးရက ကြားဝင်ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ကြက်သားဈေးနှုန်းအပေါ် မလေးရှားအစိုးရက ရင်းဂစ် ၂ ဘီလီယံ(စင်ကာပူဒေါ်လာ ၅၈၀.၇ သန်း)ကို ထောက်ပံ့ပေးခဲ့ပြီး ပြုပြင်ထားသည့်ကြက်သား ၁ ကီလိုဂရမ်ကို အမြင့်ဆုံးဈေးရင်းဂစ် ၉.၄၀ သတ်မှတ်ခဲ့ပါသည်။ အဆိုပါသတ်မှတ်ချက်သည် ၂၀၂၃ ခုနှစ်၊ ဇွန်လအထိဖြစ်ပြီး ဈေးကွက်လိုအပ်ချက်အရ ကြက်သား ဈေးနှုန်းအတက်အကျဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

ကြက်မွေးမြူထုတ်လုပ်ရေးလုပ်ငန်းရှင်များက အစိုးရ၏ထောက်ပံ့မှုသည် ဈေးကွက်တွင် ကြက်သားရရှိနိုင်မှုကို တည်ငြိမ်စေပြီး စားသုံးသူများအနေဖြင့် ထိုက်သင့်သည့်ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေကြောင်း၊ သို့ရာတွင် ယခု ကဲ့သို့ကြက်မွေးမြူထုတ်လုပ်ရေးကဏ္ဍတွင် အစိုးရ၏ကာလရှည်ကြားဝင်ဆောင်ရွက်မှုသည် ရေရှည်၌ ဆိုးကျိုးများဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

Federation of Livestock Farmers’ Associations of Malaysia ၏ အကြံပေးဖြစ်သူ Jeffrey Ng က အစိုးရ၏ ကာလရှည်ကြားဝင်ဆောင်ရွက်ပေးမှုသည် Market Dynamics ကို ထိခိုက်နိုင်ပြီး ကြက်မွေးမြူထုတ်လုပ်သူများကို အားလျော့စေကြောင်း၊ ကြက်သား ၁ ကီလိုဂရမ်ကို အမြင့်ဆုံးဈေး ရင်းဂစ် ၉.၄၀ သတ်မှတ်သည့်ကာလကဲ့သို့သော ချမှတ်ခဲ့သည့်မူဝါဒသည် ကြက်မွေးမြူထုတ်လုပ်သူများကို ပိုမိုခက်ခဲစေနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

Center for Market Education ၏ Chief Executive Officer ဖြစ်သူ Carmelo Ferlito က ပုံသေသတ်မှတ်ထားသည့် ကြက်သားဈေးနှုန်းသည် ထုတ်လုပ်မှုနှင့် စားသုံးမှုအတွက် ကောင်းမွန်သည့် ဆောင်ရွက်မှုမဖြစ်နိုင်ကြောင်း၊ အမြင့်ဆုံးဈေးနှုန်းသတ်မှတ်ချက်သည်လည်း ဈေးကွက်ကို မျှခြေသို့ရောက်ရှိရန် နှောင့်နှေးစေနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

မလေးရှားနိုင်ငံသည် အာရှနိုင်ငံများတွင် ကြက်သားစားသုံးမှုမြင့်သည့်နိုင်ငံဖြစ်ပြီး လူတစ်ဦးသည် တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် ၅၀ ကီလိုဂရမ်စားသုံးပါသည်။ Department of Statistics of Malaysia ၏ အချက်အလက်များအရ ပျမ်းမျှကြက်သားလက်လီဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ရင်းဂစ် ၁၀.၂၀ ရှိပါသည်။ ၁၉၈၅ ခုနှစ်မှစ၍ မလေးရှားနိုင်ငံတွင် ကြက်သားထုတ်လုပ်မှု လောက်ငှခဲ့ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လုပ်သားရှားပါးမှုဖြစ်ပေါ်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ကြက်သားထုတ်လုပ်မှု ကျဆင်းခဲ့ပါသည်။ ထို့ကြောင့် မလေးရှားအစိုးရက ၂၀၂၂ ခုနှစ်၊ မေလတွင် စင်ကာပူနိုင်ငံသို့ ကြက်သားတင်ပို့ခွင့်ကို တားမြစ်ခဲ့ပါသည်။

The Ministry of Agriculture and Food Industries, Malaysia ၏ အချက်အလက်များအရ မလေးရှားနိုင်ငံသားများသည် တစ်နိုင်ငံလုံးအတိုင်းအတာအရ တစ်နေ့လျှင် ပျမ်းမျှအားဖြင့် ကြက်သား ၁.၈ သန်းစားသုံးပြီး ပြည်တွင်းစားသုံးမှုကို ပြည့်မီရန်အတွက် ထုတ်လုပ်မှုအနေဖြင့် ၁၀၄ ရာခိုင်နှုန်းလိုအပ်မည်ဖြစ်ပါသည်။ ၂၀၀၀ ပြည့်နှစ်တွင် ထုတ်လုပ်မှု ၁၁၀ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ထုတ်လုပ်မှုမှာ ၁၀၀ ရာခိုင်နှုန်းအောက်ကျဆင်းခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၉၀ ရာခိုင်နှုန်းခန့်သာရှိမည်ဟု ခန့်မှန်းထားကြောင်း၊ အဆိုပါခန့်မှန်းချက်အတိုင်းဖြစ်လာပြီး အမြင့်ဆုံးဈေးနှုန်းသတ်မှတ်ချက်ကို ဆက်လက်ထားရှိပါက ကြက်မွေးမြူထုတ်လုပ်သူများ၏ ထုတ်လုပ်မှုပမာဏအပေါ် သက်ရောက်မှုရှိနိုင်ပြီး ထုတ်လုပ်မှုများလျှော့ချမှုဖြစ်လာနိုင်ကြောင်း၊ ထိုမှတစ်ဆင့် ပြည်ပသို့ကြက်သားတင်ပို့မှု လျော့ကျလာနိုင်ပြီး ပြည်တွင်းစားသုံးမှုလိုအပ်ချက်အတွက် ပြည်ပမှတင်သွင်းမှုအပေါ် အားထားရသည့်အခြေ အနေသို့ ရောက်ရှိနိုင်ကြောင်း၊  မလေးရှားနိုင်ငံ၏ ကြက်မွေးမြူထုတ်လုပ်ရေးလုပ်ငန်းမှာ အစိုးရ၏ထောက်ပံ့ပေးမှု လိုအပ်နေဆဲဖြစ်သော်လည်း အချို့သောအသုံးစရိတ်များကို ဂေဟစနစ်မြှင့်တင်စေနိုင်သည့် နယ်ပယ်များနှင့်ကြက် မွေးမြူရေးလုပ်ငန်းငယ်များ၊ မွေးမြူရေးဆိုင်ရာသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစသည့်ကဏ္ဍတို့တွင် ထောက်ပံ့ပေးသင့်ကြောင်း Jeffrey Ng က ပြောကြားခဲ့ပါသည်။

မလေးရှားနိုင်ငံ၏ကြက်မွေးမြူထုတ်လုပ်မှုမှာ အချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် ပြည်တွင်းစားသုံးမှုကိုပြည့်မီရန် ရာခိုင်နှုန်းလိုအပ်ချက်ထက် ၁၄ ရာခိုင်နှုန်းနည်းနေသည်ဖြစ်ရာ မြန်မာမွေးမြူရေးလုပ်ငန်းရှင်များအတွက် အခွင့်အလမ်းတစ်ရပ်ဟု သုံးသပ်ရပါသည်။ ထို့ပြင် မွေးမြူရေးကဏ္ဍကို ထောက်ပံ့ပေးရာ၌ ဈေးနှုန်းအပေါ် ထောက်ပံ့ပေးခြင်းနည်းလမ်းအပြင် ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျော့ကျစေမည့်၊ အထောက်အကူဖြစ်စေမည့် နည်းလမ်းများကိုလည်း ထည့်သွင်းစဉ်းစား၍ ထောက်ပံ့မှုများဆောင်ရွက်ပေးသင့်ပါကြောင်း လေ့လာသိရှိရပါ သည်။

ရင်းမြစ်။        The Straits Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News