International News

ဖိလစ်ပိုင်နိုင်ငံ၌ ဆန်ဈေးနှုန်း အမြင့်ဆုံးသတ်မှတ်ချက်ကို ရုတ်သိမ်းခဲ့

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးအရာရှိချုပ်အဖြစ် တာဝန်ယူဆောင်ရွက်နေသည့် သမ္မတ ဖာဒီနန်မားကို့စ်သည် ဆန်ရည်ညွှန်းဈေးနှုန်း အမြင့်ဆုံးပမာဏသတ်မှတ်ချက်ကို ရုတ်သိမ်းလိုက် ကြောင်း Taguig မြို့တွင် ၄-၁၀-၂၀၂၃ ရက်၊ ဗုဒ္ဓဟူးနေ့၌ ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့ပါသည်။ စက်တင်ဘာလ ၅ ရက်နေ့တွင် ၎င်းကိုယ်တိုင် လက် မှတ်ရေးထိုးခဲ့သော ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၃၉) ကို ထုတ်ပြန်ပြီး တစ်လ ခန့်အကြာတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆန်ရည်ညွှန်းဈေးနှုန်း အမြင့်ဆုံးသတ်မှတ်ချက်သည် နိုင်ငံတစ်ဝန်းစိုက်ပျိုးထုတ် လုပ်သည့် ပုံမှန်စက်ကြိတ်အဆင့်ဆန်နှင့် ကောင်းမွန်စွာကြိတ်ခွဲမှု အဆင့်ရှိသောဆန် နှစ်မျိုးလုံး နှင့် အကျုံးဝင်မှုရှိပြီး နိုင်ငံ၏အဓိကအခြေခံစားကုန်ဖြစ်သော ဆန်ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ် ရန်အတွက် ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အမိန့်အရ ပုံမှန် စက်ကြိတ်အဆင့်ရှိသော ဆန် ၁ ကီလိုဂရမ်လျှင် ၄၁ ပီဆိုနှုန်းနှင့် ကောင်းမွန်စွာကြိတ်ခွဲမှု အဆင့်ရှိသောဆန် ၁ ကီလိုဂရမ်လျှင် ၄၅ ပီဆိုနှုန်း ဈေးနှုန်းသတ်မှတ်ထားခဲ့သည်။ အဆိုပါ အမြင့်ဆုံးဈေးနှုန်း သတ်မှတ်ချက်များကို ရုတ်သိမ်းလိုက်သော်လည်း တောင်သူများသို့ ထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု အစိုးရရက ကတိပြုထားသည်။

သီးခြားညွှန်းကိန်းများအပေါ် အခြေခံသည့် အကြံပြုချက်များအရ အဆိုပါ ဆန်ဈေးနှုန်း အမြင့်ဆုံး သတ်မှတ်ချက်များ ရုတ်သိမ်းမှုကို စိုက်ပျိုး‌ရေးဌာနနှင့် ကုန်သွယ်ရေးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ တောင်သူများလက်ဝယ်မှ ရောင်းချရာတွင် ဆန် ၁ ကီလိုဂရမ်၏ ပျမ်းမျှ ဈေးနှုန်းများမှာ ၁၄ ပီဆို မှ ၂၃ ပီဆိုအတွင်း ထိန်းသိမ်းထားစဉ် ပျမ်းမျှလက်လီ ရောင်းဈေးများမှာ အမြင့်ဆုံးသတ်မှတ် ဈေးနှုန်းများနှင့် နီးကပ်လာခဲ့သည်။ ထို့အပြင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်‌နေ့တွင် ပျမ်းမျှရောင်းဈေးအားဖြင့် ပုံမှန်ကြိတ်ဆန် ၁ ကီလိုဂရမ်လျှင် ၄၁.၀၅ ပီဆိုနှင့် ကောင်းမွန်စွာကြိတ်ခွဲမှု အဆင့်ရှိသောဆန် ၁ ကီလိုဂရမ်လျှင် ၄၅.၃၁ ပီဆို ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာအရ ရည်ညွှန်းဈေးနှုန်းအပေါ် လိုက်နာဆောင်ရွက်မှု မှာ ၈၁.၄၆ ရာခိုင်နှုန်းဖြစ်ခဲ့သည်။

ဆန်ရည်ညွှန်းဈေး အမြင့်ဆုံးသတ်မှတ်ချက်ကို ရုတ်သိမ်းရာတွင် ကမ္ဘာ့ဆန်ဈေးကျဆင်း နေပြီး ဆန်လက်ကျန်များ ရောင်းအားတည်ငြိမ်နေခြင်း၊ ပုံမှန်ကြိတ်ခွဲဆန်နှင့် ကောင်းမွန်စွာ ကြိတ် ခွဲမှု အဆင့်ရှိသောဆန် တို့ကို ရောင်းချသူများ တိုးလာခြင်း၊ ဆန်တင်သွင်းမှုပမာဏ လုံလောက်စွာ ရှိနေသည်ဟု ယူဆရခြင်း စသည့် ပြင်ပအချက်များကိုလည်း ထည့်သွင်းစဉ်းစားခဲ့သည်။ ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနသည် ဆန်လက်လီရောင်းချသူများနှင့် Kadiwa ဆိုင်များသို့ ဆန်စုစုပေါင်း ၅၆၇၂၀၅ ကီလိုဂရမ်အား ဖြန့်ဖြူးရောင်းချခဲ့သည်။ ယခုလတွင် ဆန်မက်ထရစ်တန် ၁.၉ သန်းခန့် လက်ကျန်ရှိမည်ဟု အစိုးရက မျှော်မှန်းထားပြီး ၇၄ ရက်အတွက် အလုံအလောက် ထောက်ပံ့နိုင် မည်ဖြစ်သည်။

Source: BNN Network, 4 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm/my/node/14129

Category: International News