International News

ဂျပန်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ရည်(LNG) နှင့်ကျောက်မီးသွေး စဉ်ဆက်မပြတ်ထောက်ပံ့သွားရန် ဩစတြေးလျနိုင်ငံက သဘောတူညီခဲ့

Last Updated:

ဩစတြေးလျနိုင်ငံ၏စွမ်းအင်ဆိုင်ရာမူဝါဒအပြောင်းအလဲများကြောင့် စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိသည့်ဂျပန်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ရည်(LNG)နှင့်ကျောက်မီးသွေးကဲ့သို့သော စွမ်းအင်အရင်းအမြစ်များ စဉ်ဆက်မပြတ်ထောက်ပံ့သွားရန် ၈-၁၀-၂၀၂၃ ရက်နေ့တွင် ဂျပန်-ဩစတြေးလျနှစ်နိုင်ငံသဘောတူညီခဲ့ပါသည်။

အဆိုပါသတင်းတွင် ဂျပန်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး Yasutoshi Nishimura နှင့် ဩစတြေးလျ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး Don Farrell တို့အနေဖြင့် မဲဘုန်းတွင် ကျင်းပခဲ့သည့် ၅ ကြိမ်မြောက်ဂျပန်-ဩစတြေးလျဝန်ကြီးများအဆင့်ဆွေးနွေးပွဲတွင် တွေ့ဆုံခဲ့ကြောင်း၊အဆိုပါဆွေနွေးပွဲသို့ ဩစတြေးလျ နိုင်ငံ ရာသီဥတုပြောင်းလဲမှုနှင့်စွမ်းအင်ဝန်ကြီး Chris Bowen နှင့် သယံဇာတရေးရာဝန်ကြီး Madeleine King တို့လည်း တက်ရောက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဩစတြေးလျနိုင်ငံ၏သယံဇာတအရင်းအမြစ်နှင့် စွမ်းအင်ကဏ္ဍတွင် ယုံကြည်စိတ်ချရသည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ဖြစ်စေရေးနှင့် LNG ကဲ့သို့သောအရင်းအမြစ်များ စဉ်ဆက်မပြတ်ရရှိမှုသေချာစေရေးနှင့် ဟိုက်ဒရိုဂျင်နှင့်အမိုးနီးယားကဲ့သို့သောသယံဇာတများတွင် ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်သွားရန် နှစ်နိုင်ငံသဘောတူညီခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံသို့ LNG၊ ကျောက်မီးသွေးနှင့် သံသတ္တုရိုင်းအများဆုံးတင်ပို့လျက်ရှိသော ဩစတြေးလျနိုင်ငံနှင့် နီကယ်နှင့် မြေရှားသတ္တုကဲ့သို့သောအရေးပါသည့်သယံဇာတများအတွက် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်တည်ဆောက် ရာတွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဩစတြေးလျနိုင်ငံအနေဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ထိန်းချုပ်နိုင်ရေး အလေးထားဆောင်ရွက်လာမှုကြောင့် ဂျပန်နိုင်ငံသို့ တင်ပို့နိုင်မှုအပေါ် သက်ရောက်မှုများဖြစ်ပေါ်လာမည်ကို ဂျပန်နိုင်ငံမှ စိုးရိမ်လျက်ရှိကြောင်း၊ ဇူလိုင်လတွင် ဩစတြေးလျနိုင်ငံ၌ ဥပဒေသစ်တစ်ခုအသက်ဝင်ခဲ့ပြီး အဆိုပါဥပဒေအရ အသစ်တည်ဆောက်မည့် LNG စက်ရုံများအနေဖြင့် ကာဗွန်ကင်းစင်ရန်လိုအပ်လာမည်ဖြစ်ပြီး၊ လက်ရှိလည်ပတ်ဆောင်ရွက်လျက်ရှိသည့် စက်ရုံများအနေဖြင့်လည်း ၎င်းတို့၏ကာဗွန်ထုတ်လုပ်မှုကို ၂၀၂၃ ပြည့်နှစ်အထိ တစ်နှစ်လျှင် ၄.၉ ရာခိုင်နှုန်း လျှော့ချသွားရန် လိုအပ်လာမည်ဖြစ်ကြောင်းနှင့် ၂၀၃၀ ပြည့်နှစ်အလွန်တွင် ပိုမို၍လျှော့ချသွားရန် လိုအပ်လာမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဥပဒေအသစ်ကြောင့် ဩစတြေးလျနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည့် ဂျပန်ကုမ္ပဏီများအပေါ် စိုးရိမ်မှုများမြင့်တက်စေခဲ့ကြောင်းနှင့် အဆိုပါကုမ္ပဏီများမှ ဂျပန်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ရည်(LNG)နှင့်ကျောက်မီးသွေး စဉ်ဆက်မပြတ်ထောက်ပံ့ပေးနိုင်မှုအပေါ် သက်ရောက်မှုများဖြစ်စေမည်ကို စိုးရိမ်လျက်ရှိကြောင်း ဂျပန်နိုင်ငံ စီးပွား ရေး၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး Yasutoshi Nishimura က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ထို့အတူ ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ဩစတြေးလျနိုင်ငံအနေဖြင့် LNG ထုတ်လုပ်ရရှိမှုကို ပြည်တွင်းသုံးစွဲမှုလုံလောက်စေရေးအတွက် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး ဓာတ်ငွေ့ပြတ်လပ်မှုများမဖြစ်ပွားစေရေးနှင့် ပြည်တွင်းသုံးစွဲမှုဖူလုံစေရေးအတွက် ဩစတြေးလျအစိုးရအနေဖြင့် ပြည်ပသို့တင်ပို့မှုကို ကန့်သတ်သွားမည်ဖြစ်ပြီး ဓာတ်ငွေ့ဖူလုံရေးအစီအမံများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့မှုအပေါ်လည်း စိုးရိမ် မှုများဖြစ်ပေါ်စေခဲ့ကြောင်း ဖော်ပြထားပါသည်။ ထို့နောက်တွင် ဩစတြေးလျအစိုးရအနေဖြင့် ပြည်တွင်း၌ ဓာတ်ငွေ့ဖူလုံစေရေး အတွက် ပြည်တွင်းဓာတ်ငွေ့ထုတ်လုပ်သူများနှင့် သဘောတူညီမှုရရှိခဲ့ပြီး အဆိုပါအစီအမံကို အကောင်အထည်ဖော်ခြင်းမရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

၅ ကြိမ်မြောက် ဂျပန်-ဩစတြေးလျဝန်ကြီးများအဆင့် ဆွေးနွေးပွဲမတိုင်မီ အလုပ်သဘောနေ့လည်စာစားပွဲ၌ ဩစတြေးလျကုန်သွယ်ရေးနှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး Don Farrell က ဩစတြေးလျနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံအတွက် ယုံကြည်စိတ်ချရသည့်စွမ်းအင်လုံခြုံမှုဆိုင်ရာမိတ်ဖက်နိုင်ငံတစ်နိုင်ငံအနေဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ကာဗွန်ထုတ်လုပ်မှုလျှော့ချရေးဆိုင်ရာရည်မှန်းချက်များ ဖော်ဆောင်ရာတွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်နိုင်ငံတွင် စွမ်းအင်အရင်းအမြစ်အနည်းငယ်သာရှိပြီး ၂၀၂၂ ခုနှစ်တွင် နိုင်ငံ၏စွမ်းအင်သုံးစွဲမှုပမာဏ၏ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှတင်သွင်း၍ သုံးစွဲခဲ့ရသည်ကို တွေ့ရှိရပါသည်။ဂျပန်နိုင်ငံသည် ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတွင် သဘာဝဓာတ်ငွေ့ရည်(LNG)အများဆုံးတင်သွင်းခဲ့သည့်နိုင်ငံဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံအနေဖြင့် LNG တင်သွင်းမှုစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းနှင့် ကျောက်မီးသွေးတင်သွင်းမှုစုစုပေါင်း၏ ၆၇ ရာခိုင်နှုန်းကို ဩစတြေးလျနိုင်ငံမှ တင်သွင်းခဲ့သည်ကို တွေ့ရှိရပါသည်။ ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံ့စွမ်းအင်ဖူလုံစေရေးအား အမျိုးသားလုံခြုံရေး အတွက် အရေးပါသည့်လုပ်ငန်းစဉ်တစ်ခုအဖြစ် သတ်မှတ်ကာ စွမ်းအင်နှင့်အရင်းအမြစ်ကြွယ်ဝသည့် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာအားကောင်းအောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံစီးပွားရေးလုံခြုံမှုရှိစေရေး ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

Source: The Mainichi (၉-၁၀-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News