International News

တရုတ်နိုင်ငံတွင် ရေချိုမွေးမြူရေး ငါး၊ ပုစွန်များ အဝယ်လိုက်နေ

Last Updated:

ဂျပန်နိုင်ငံမှ ရေထွက်ကုန်များကို တင်သွင်းခွင့် တားမြစ်လိုက်ခြင်းကြောင့် တရုတ်နိုင်ငံ၏ ပင်လယ်စာစားသုံးသူများသည် ပြည်တွင်းမှ ထွက်ရှိသော ငါး၊ ပုစွန်များကို အခြားရွေးချယ်စရာအဖြစ် စားသုံးလာကြကြောင်း သိရှိရပါသည်။

ယခင်က ပင်လယ်နှင့်ဝေးသော တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ Xinjiang Uygur ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ဆယ်လ်မွန်ငါး၊ သြစတြေးလျပုစွန်နှင့် တောင်အမေရိက ပုစွန် များကဲ့သို့သော ပင်လယ်စာထွက်ကုန်များကို ကမ်းရိုးတန်းဒေသများမှ သယ်ဆောင်ရလေ့ရှိကြောင်း သိရှိရပါသည်။

ယခုအခါ Tianshan တောင်များ၏ နှင်းများနှင့် ရေခဲမြစ်များ အရည်ပျော်ကာ ဒေသတွင်း၌ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သဖြင့် ဒေသခံပြည်သူများအတွက် ရှင်းကျန့်တွင် ပင်လယ်စာရရှိရန် လွယ်ကူစေသည့်အပြင် ဒေသတွင်းစီးပွားရေး လုပ်ငန်း များအတွက် အထူးအခွင့်အရေးတစ်ရပ်အဖြစ် ဖန်တီးပေးခဲ့ကြောင်း သိရှိရပါသည်။

ဂျပန်နိုင်ငံ၏ Fukushima Daiichi နျူကလီးယား ဓာတ်အားပေးစက်ရုံမှ နျူကလီးယား ညစ်ညမ်းရေဆိုးများ ပစိဖိတ်သမုဒ္ဒရာထဲသို့ စွန့်ပစ်ခဲ့သဖြင့် ပင်လယ်စာနှင့်ပတ်သက်သည့် စိုးရိမ်မှုများကြောင့် တရုတ်နိုင်ငံတွင် ရေချိုမှ ထွက်ရှိသည့် ရေထွက်ပစ္စည်းများ ပိုမိုရေပန်းစား လာမည်ဟု မျှော်လင့်ရကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့မှစတင်၍ ဂျပန်နိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများ တင်သွင်းမှုအားလုံးကို ရပ်ဆိုင်းထားကြောင်း တရုတ်နိုင်ငံအကောက်ခွန်အထွေ ထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ခဲ့ပါသည်။

ပင်လယ်စာများ တင်သွင်းမှုအပေါ် မှီခိုအားထားမှု လျှော့ချခြင်းသည် ရေချိုမွေးမြူရေးမှ ထုတ်လုပ်သည့် ငါး၊ ပုစွန်၀ယ်လိုအားကို မြင့်မားစေပြီး တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းရှိ ငါး၊ ပုစွန်မွေး မြူရေးလုပ်ငန်းများ ပိုမိုကြီးထွားလာစေရန် အထောက်အကူဖြစ်စေကြောင်း ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိသည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကူကာ(Kuqa) တွင် ရေလှောင်ကန်တစ်ခု၌ မွေးမြူထားသော ကဏန်းများကို မိုးရွာသွန်းမှုကြောင့် လဝက်ခန့် ကြိုတင်၍ စျေးကွက်တွင်ရောင်းချခဲ့ကြောင်း၊ နှင်းထူထပ်သော တောင်များမှ ရေများ၊ စိမ်းလန်း စိုပြည်သော ရေနေအပင်များနှင့် ကြွယ်ဝသောရေမျောများကြောင့် ကဏန်းများကို ရှင်းကျန့်တွင် ကောင်းစွာမွေးမြူနိုင်ခဲ့ကြောင်း သိရှိရပါသည်။

Kuqa ၌ တောင်အမေရိကပုစွန်ကိုလည်း မွေးမြူထားပြီး Xinjiang Fenghe ရေထွက် ပစ္စည်းမွေးမြူရေးသမဝါယမအသင်းသည် ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် တောင်အမေရိကပုစွန်ကို စတင်မွေးမြူခဲ့ပြီး စတင်မွေးမြူချိန်မှ စျေးကွက်တွင် စတင်ရောင်းချချိန်အထိ ပျမ်းမျှရက်ပေါင်း (၇၀)ကြာမြင့်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါသမဝါယမအသင်းသည် ပုစွန် မက်ထရစ်တန် (၈၀,၀၀၀)ခန့်မွေးမြူထားပြီး တန်ချိန်တစ်သိန်းခန့်ကို အောက်တိုဘာလတွင် ဈေးကွက်အတွင်း စတင်ရောင်းချသွားမည် ဖြစ်ကြောင်း၊ မွေးမြူထားသည့်ပုစွန်များကို နီးစပ်ရာမြို့များသို့  ရောင်းချခဲ့သော်လည်း ၀ယ်လို အားကို ဖြည့်ဆည်းရန် လုံလောက်မှုမရှိကြောင်း သမဝါယမအသင်း၏ ဒါရိုက်တာ Jiang Shengguo က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

လက်ရှိတွင် သမဝါယမအသင်းသည် ပုစွန်မွေးမြူထားသော ဖန်လုံအိမ် (၄၅)လုံးရှိပြီး နှစ်စဉ် ပုစွန်ထွက်ရှိမှု တန်ချိန် (၄၀၀,၀၀၀)နီးပါးအထိ ရှိလာစေရန် နောက်ထပ် (၂၅)လုံးကို တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

သမဝါယမအသင်းသည် ပုစွန်မျိုးပွားမှုပုံစံသစ်များကို စဉ်ဆက်မပြတ်စူးစမ်းလေ့လာလျက် ရှိပြီး အဆင့်မြင့်နည်းပညာများကို အသုံးပြုရန် စီစဉ်နေကြောင်း၊ ပုစွန်ကို စီးပွားဖြစ်မွေးမြူခြင်းဖြင့် သမဝါယမအသင်းသည် ဆင်းရဲနွမ်းပါးသော မိသားစုများ ဝင်ငွေတိုးတက်စေရန်နှင့် စီးပွားရေးတွင် ပါဝင်လာစေရေး တိုက်တွန်းအားပေးရန် ရည်ရွယ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရေထွက်ကုန်ပစ္စည်း စားသုံးမှုအများဆုံးဈေးကွက်အဖြစ် ရပ်တည်နေပြီး ရေထွက်ကုန်စားသုံးမှုကို စဉ်ဆက်မပြတ် မြှင့်တင်ခြင်းနှင့် စားသုံးသူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာခြင်းတို့နှင့်အတူ ရေထွက်ကုန်များ ရောင်းချရမှုသည် မကြာသေးမီနှစ်များအတွင်း နိုင်ငံတစ်ဝန်း မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ချုံချင့်(Chongqing)တွင် မွေးမြူထားသော တောင်အ မေရိကပုစွန်ဖြူကို Alibaba ၏ လတ်ဆတ်သောအစားအစာများရောင်းချသည့် Freshippo အီလက်ထရောနစ်ကူးသန်းရောင်းဝယ်မှုစင်္ကြံတွင် မကြာသေးမီက ရောင်းချခဲ့ကြောင်း၊ ပင်လယ်ရေနှင့်ဆင်တူသည့် ဂေဟစနစ်ကို ဖန်တီးပြီး အကြီးစား ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းကို အကောင်အထည်ဖော်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း သိရှိရပါသည်။

ယခင်က စီချွမ်(Sichuan)ပြည်နယ်နှင့် ချုံချင့်(Chongqing)စျေးကွက်များတွင် ရောင်းချသော ပင်လယ်ပုစွန်များကို ကမ်းရိုးတန်းမြို့များဖြစ်သည့် Zhanjiang၊ Guangdong နှင့် Lianyungang၊ Jiangsu ပြည်နယ်တို့မှ အချိန်ကြာမြင့်စွာ သယ်ယူပို့ဆောင်ကြရသဖြင့် ကုန်ကျ စရိတ်ကြီးမြင့်ပြီး ပုစွန်များ၏ လတ်ဆတ်မှုသည်လည်း ကျဆင်းသွားသည်ဟု ချုံချင့်ရှိ Freshippo ၏ ဝယ်ယူရေးမန်နေဂျာ Li Duosi က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်တွင် ချုံချင့်၌ ဒေသခံရေထွက်ပစ္စည်းကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပြီး အဆိုပါ Chongqing Dazu Zero Antibiotics Aquatic Products Co Ltd သည် ပင်လယ် ရေအတုတွင် သေးငယ်သောဇီဝသက်ရှိများကို ပေါင်းထည့်၍ ရေထဲမှ အမှုန်အမွှားများနှင့် ကျန်အမှုန်အမွှားများကို ထိရောက်စွာဖယ်ရှားပေးပြီး ဇီဝလည်ပတ်မှုစနစ်ကို ဖန်တီးပေးခြင်းဖြင့် ပုစွန်မွေးမြူခဲ့ခြင်းဖြစ်ကြောင်းနှင့် ချုံချင့်တွင် ပုစွန်မွေးမြူစရိတ်သည် ကမ်းရိုးတန်းဒေသများ ထက် ၃၀ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားကြောင်း သိရှိရပါသည်။

မွေးမြူရေးကန်သည် လာမည့်နှစ်တွင် (၁၅၀,၀၀၀)ကီလိုဂရမ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စီချွမ်နှင့် ချုံချင့်ရှိ Freshippo စတိုးဆိုင်ပေါင်း (၃၀)ကျော်အတွက် ပုစွန်အလုံအလောက်ရရှိရန် မျှော်လင့်ထားသည်ဟု ကုမ္ပဏီတည်ထောင်သူ Huan Guoxin က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ပြည်တွင်း၌ ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် လျက်ရှိသော်လည်း ပြည်တွင်းဝယ်လိုအားကို ပြည့်မီအောင် ထုတ်လုပ်နိုင်မှုမရှိခြင်း၊ ဂျပန်နိုင်ငံမှ ရေထွက်ကုန်များကို တင်သွင်းခွင့်ပိတ်ပင်ထားခြင်းတို့ကြောင့် မြန်မာနိုင်ငံမှ ရေထွက်ကုန်များ တရုတ်နိုင်ငံသို့ တိုးမြှင့်တင်ပို့သွားနိုင်မည့် အခွင့်အလမ်းများ ရှိနေကြောင်း သုံးသပ်ရရှိပါသည်။

 

 

Source: www.chinadaily.com.cn/a/202310/10/WS6524a5a1a31090682a5e7a63.htmlw

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

Category: International News