International News

ဂျပန်နိုင်ငံတွင် ရုံးခန်းနှင့်သိုလှောင်ရုံများဝယ်ယူလိုသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ များပြားလာ

Last Updated:

ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အဆောက်အဦများနှင့် ရုံးခန်းများကဲ့သို့သော ပိုင်ဆိုင်မှုများကို ဝယ်ယူရန်အတွက် ဂျပန်နိုင်ငံ၌ အတိုးနှုန်းသက်သာစွာ ချေးငွေရယူနိုင်သောကြောင့် ပြည်ပမှ အိမ်ရာအဆောက်အဉီဝယ်ယူလိုသူများအနေဖြင့် ဂျပန်နိုင်ငံအား ရင်းနှီးမြှုပ်နှံရန် နေရာကောင်းတစ်ခုအဖြစ် ရွေးချယ်လာကြကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ကျန်းမာရေးနှင့်လုံခြုံရေးအခြေအနေများအရ ကုန်စည်ပို့ဆောင်သည့် ယာဉ်မောင်းများ၏ အလုပ်ချိန်ကို ကန့်သတ်သွားမည့်စည်းမျဉ်းများကြောင့် သိုလှောင်ရုံနှင့်အခြားသော သိုလှောင်သိမ်းဆည်းနိုင်သည့် နေရာများအတွက် အခွင့်အလမ်းများဖြစ်ပေါ်စေခဲ့ကြောင်း၊ ထို့အတူ ဂျပန်နိုင်ငံမှအလုပ်သမားများအနေဖြင့် အလုပ် ပြန်လည်ဝင်ရောက်လုပ်ကိုင်လာကြသည့်အတွက် ရုံးခန်းအဆောက်အဉီများတွင် ရင်းနှီးမြှုပ်နှံမှုများ များပြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံတွင် ချေးငွေအလွယ်တကူရယူနိုင်ခြင်းနှင့် အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက ယန်းငွေတန်ဖိုးမှာ ၃၃ နှစ်အတွင်း အနိမ့်ဆုံးနှုန်းသို့ရောက်ရှိကာ ယန်းငွေတန်ဖိုးကျဆင်းနေခြင်းတို့သည်လည်း ဂျပန်နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်လျက်ရှိသည့် အချက်တစ်ချက်ဖြစ်ကြောင်း၊ ဂျပန်ဗဟိုဘဏ်မှ ဆယ်စုနှစ်ကျော်ကြာကျင့်သုံးလျက်ရှိသည့် အလွန်ဖြေလျော့သည့်ငွေကြေးမူဝါဒသည်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်သည့်အချက်တစ်ချက်ဖြစ်ကြောင်း၊ လက်ရှိတွင် စီးပွားရေးလုပ်ငန်းများအနေဖြင့် ဂျပန်နိုင်ငံတွင် ကောင်းစွာလည်ပတ်ဆောင်ရွက်လျက်ရှိပြီး၊ ထပ်မံရင်းနှီးမြှုပ်နှံလိုမှုမှာလည်း မြင့်မားလျက်ရှိကြောင်း ဖော်ပြထားပါသည်။

အခြားသောနိုင်ငံအများအပြားတွင် အတိုးနှုန်းမြင့်မားပြီး၊ ချေးငွေဆိုင်ရာစည်းမျဉ်းများမှာလည်း တင်းကြပ်သည်ကို တွေ့ရှိရကြောင်း၊ လုပ်သားအများအပြားမှာလည်း လုပ်ငန်းခွင်ဝင်ရောက်ခြင်း မရှိသည်ကို တွေ့ရှိရကြောင်း၊ ဂျပန်နိုင်ငံသည် လွန်ခဲ့သော ၅ နှစ်အတွင်း အာရှ-ပစိဖိတ်ဒေသ၌ အိမ်ရာအဆောက်အဉီရောင်းဝယ်မှုအများဆုံး ပြုလုပ်နိုင်ခဲ့သည့်နေရာတစ်ခုဖြစ်ကြောင်း၊ လက်ရှိတွင် ဒေသတွင်း၌ နယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုများအတွက် ဆွဲဆောင်မှုအရှိဆုံးနေရာတစ်ခုအဖြစ် မှတ်ယူနိုင်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံတွင် ချေးငွေကို အတိုးနှုန်းသက်သာစွာဖြင့် အလွယ်တကူရယူနိုင်ခြင်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်သည့်အဓိကအချက်ဖြစ်ကြောင်း၊ ထို့အတူ ဂျပန်နိုင်ငံမှ ဘဏ်များအနေဖြင့်လည်း အိမ်ရာအဆောက်အဉီကိုအပေါင်ထား၍ ချေးငွေထုတ်ချေးပေးလိုမှုများလည်း များပြားလာသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားပါသည်။

ဈေးကစားသူများအနေဖြင့် ယန်းငွေတန်ဖိုးအလွန်အမင်းကျဆင်းနေခြင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကိုထိန်းသိမ်းရန်အတွက် ဂျပန်ဗဟိုဘဏ်အနေဖြင့် မူဝါဒဆိုင်ရာတုံ့ပြန်မှုများကို ဆောင်ရွက်စေလိုကြသော်လည်း စီးပွားရေးဆိုင်ရာလေ့လာသုံးသပ်သူများအနေဖြင့် ထိုသို့ပြောင်းလဲရန် အလားအလာမရှိကြောင်း ခန့်မှန်းဖော်ပြထားပါသည်။ ဂျပန်ဗဟိုဘဏ်အနေဖြင့် ၁၀ နှစ်သက်တမ်းရှိ ဂျပန်အစိုးရငွေချေးစာချုပ်များအတွက် ပေးအပ်သွားမည့်အတိုးနှုန်းကို အများဆုံး ၁% သို့ ရောက်ရှိစေရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး၊ ၄-၁၀-၂၀၂၃ ရက်နေ့တွင်  အဆိုပါငွေချေးစာချုပ်များ၏ အတိုးနှုန်းမှာ ၀.၈% သို့ ရောက်ရှိခဲ့ပြီး ၁၃ နှစ်ကျော်အတွင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့ကာ နှစ်လနီးပါးအတွင်း နှစ်ဆမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၌ အတိုးနှုန်းများအတော်အသင့်မြင့်တက်လာနိုင်သည့်တိုင်အောင် ချေးငွေအလွယ်တကူရယူနိုင်မည်ဖြစ်ခြင်းနှင့်  ငွေလဲလှယ်နှုန်းပြောင်းလဲကာ ဂျပန်ယန်းငွေတန်ဖိုးမြင့်တက်လာနိုင်သည့် တိုင်အောင် ဈေးကွက်အတွင်းရှိ မေခရိုစီးပွားရေးဆိုင်ရာ မောင်းနှင်အားများကြောင့် ဂျပန်နိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်ဖွယ်ရာနေရာဒေသတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ် ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံတွင် အခြားသောအာရှ-ပစိဖိတ်ဒေသရှိနိုင်ငံများထက် ရုံးခန်းအဆောက်အဉီများနှင့် အခြားသောစီးပွား ရေးဆိုင်ရာအဆောက်အဉီများကို ပုံမှန်အသုံးပြုသူများ များပြားကြောင်း၊ ထို့ပြင် အမေရိကန်နှင့်အားပြိုင်မှုများပြင်းထန်လျက်ရှိပြီး၊ အိမ်ရာအဆောက်အဦဈေးကွက်အလားအလာ ကျဆင်းလျက်ရှိသည့် တရုတ်နိုင်ငံနှင့်နှိုင်းယှဉ်ပါကလည်း ဂျပန်နိုင်ငံ၌ ပထဝီနိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများနည်းပါးလျက်ရှိသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားပါသည်။

၂၀၂၂ နှစ်ကုန်ပိုင်းတွင် ဂျပန်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုပုံစံအပြောင်းအလဲများ စတင်ပြုလုပ်လာသည်ကို တွေ့ရှိခဲ့ရကြောင်း၊ အချို့သောနိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများကို ရောင်းချပြီး၊ အခြားသောရင်းနှီးမြှုပ်နှံမှုပုံစံကို ပြောင်းလဲဆောင်ရွက်ခဲ့ကြကြောင်း၊ စင်ကာပူနိုင်ငံမှ GIC ကုမ္ပဏီအနေဖြင့် တိုကျိုရှိ ၄၃ ထပ်ပါမိုးမျှော်အဆောက်အဦအား အမေရိကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ရောင်းချရန်ဆုံးဖြတ်လျက်ရှိကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရကြောင်း၊ ၂၀၂၃ ခုနှစ် ပထမ ၆ လတာကာလတွင် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အဆောက်အဉီများတွင် ရင်းနှီးမြှုပ်နှံမှုများမှာ ပိုမိုများပြားလာခဲ့ပြီး ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် အများဆုံးရင်းနှီး မြှုပ်နှံမှုပြုလုပ်ခဲ့သော ရုံးခန်းအဆောက်အဦရင်းနှီးမြှုပ်နှံမှုကိုလည်း ကျော်လွန်ခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်တွင် စတင်အသက်ဝင်မည့် ကုန်စည်ပို့ဆောင်သည့် ယာဉ်မောင်းများ၏ အလုပ်ချိန်ဆိုင်ရာစည်းမျဉ်းကန့်သတ်ချက်များကြောင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအဆောက်အဉီများတွင်ရင်းနှီးမြှုပ်နှံမှုများမှာ ဆက်လက် အားကောင်းနိုင်မည်ဖြစ်ကြောင်း၊ မြို့တစ်မြို့နှင့်တစ်မြို့အကြား အကူးအပြောင်းနေရာများတွင် ကုန်စည်သိုလှောင်ရန်နှင့်မောင်းသူမဲ့ယာဉ်များသိမ်းဆည်းနိုင်ရန်အတွက် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအဆောက်အဉီများ ပိုမိုလိုအပ် လာမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် အိမ်ရာနှင့်ဟိုတယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာလည်း အားကောင်းလာခဲ့ကြောင်း၊ အထူးသဖြင့် ကာလရှည်နေထိုင်နိုင်သည့် ဟိုတယ်များ၊ တိုက်ခန်းများ၊ ကျောင်းသားအဆောင်များတွင် ရင်းနှီး မြှုပ်နှံမှုများ များပြားခဲ့ကြောင်း၊ လက်ရှိတွင် ရုံးခန်းအသစ်များလည်း တိုကျိုတွင် ဖွင့်လှစ်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ Mitsui Fudosan အနေဖြင့် ၂၄၀ မီတာအကျယ်ရှိသည့် ၄၅ ထပ်ပါရုံးခန်းအဆောက်အဦအား တိုကျိုဘူတာရှေ့တွင် မတ်လက ဖွင့်လှစ်ခဲ့ကြောင်း၊ ပြီးခဲ့သည့်အပတ်ကလည်း Toranomon Business District တွင် ၂၆၆ မီတာအကျယ်ရှိသည့် ၄၉ ထပ်ပါ ရုံးခန်းအဆောက်အဉီကိုလည်း Mori Building က ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားပါသည်။

Mori Building အနေဖြင့် ၃၃၀ မီတာအကျယ်ရှိသည့် ၆၄ ထပ်ပါအိမ်ရာနှင့် ရုံးခန်းအဆောက်အဉီကို Azabu ၌ နိုဝင်ဘာလတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ အဆိုပါအဆောက်အဉီသည် တိုကျိုတွင် အမြင့်ဆုံးအဆောက်အဉီဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့အတူ Tokyu Land အနေဖြင့် Shibuya ရှိ မီးရထားဘူတာနှင့်ကပ်လျက်နေရာတွင် ၃၉ ထပ်ပါရုံးခန်းအဆောက်အဦကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ Mitsubishi Estate အနေဖြင့် ၃၈၅ မီတာအကျယ်ရှိ ၆၂ ထပ်ပါရုံးခန်းနှင့် ဟိုတယ်အဆောက်အဉီကို တိုကျိုဘူတာအနီးတွင် စတင်တည်ဆောက်လျက်ရှိပြီး ၂၀၂၈ ခုနှစ်တွင် ဖွင့်လှစ်သွားနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်ကုမ္ပဏီများအနေဖြင့် ရုံးချုပ်များကို တိုကျိုမြို့တွင်းသို့ ပြောင်းရွှေ့ခဲ့ကြသည်ကို တွေ့ရှိရပြီး တိုကျိုတွင် ရုံးခန်းနေရာလစ်လပ်မှုမှာ ၉ နှစ်အတွင်း အနိမ့်ဆုံးနှုန်းဖြစ်သည့် ၆.၅ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပြီး အခြားသောကမ္ဘာ့မြို့ကြီးများတွင် ရုံးခန်းနေရာလစ်လပ်မှုနှင့်နှိုင်းယှဉ်ပါကလည်း လျော့နည်းလျက်ရှိကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏အတိုးနှုန်းမှာ အနာဂတ်တွင် မြင့်တက်နိုင်သည့်အလားအလာများရှိသည့်အတွက် ဂျပန်နိုင်ငံအနေဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်လိုပါက အကျိုးအမြတ်ဖော်ဆောင်ပေးနိုင်မှုကိုသာ အလေးထားသင့်ကြောင်း၊ CBRE Group, Inc. ၏အချက်အလက်များအရ ဂျပန်နိုင်ငံ၏ အိမ်ရာအဆောက်အဉီကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုမှာ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် နှစ်ဆကျော်မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅ ဘီလီယံရှိခဲ့ကြောင်း၊ အိမ်ရာအဆောက်အဉီကဏ္ဍတွင် အများဆုံးရင်းနှီးမြှုပ်နှံခဲ့သည့်နိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၄ ဆမြင့်တက်ခဲ့ကာ အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံရှိခဲ့ကြောင်း၊ လတ်တလောတွင် Singapore’s City Developments အနေဖြင့် ယန်း ၃၅ ဘီလီယံ(အမေရိကန်ဒေါ်လာသန်း ၂၃၀)ရင်းနှီးမြှုပ်နှံခဲ့ပြီး တိုကျိုရှိ အိမ်ခန်း အဆောက်အဦ ၂၅ လုံးကို ဝယ်ယူခဲ့ကြောင်း၊ စင်ကာပူအစိုးရ၏ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေဖြင့် ထူထောင်ထားသည့် GIC Private Limited အနေဖြင့် ဇွန်လတွင် Blackstone Group ထံမှ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ဖြင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အဆောက်အဦများကို ဝယ်ယူခဲ့ကြောင်း၊ထို့အတူ စင်ကာပူအိမ်ရာအဆောက်အဉီတည်ဆောက်သူ CapitaLand အနေဖြင့် အမေရိကန်ဒေါ်လာ ၁၀၅.၉ သန်းဖြင့် အိုဆာကာရှိ တိုက်ခန်းအဆောက်အဉီကို ဧပြီလက ဝယ်ယူခဲ့ကြောင်း၊ထို့အတူ မေလတွင် စင်ကာပူအိမ်ရာအဆောက်အဦရင်းနှီးမြှုပ်နှံသူ MapleTree Industrial အနေဖြင့် ယန်း ၅၁.၈ ဘီလီယံဖြင့် အိုဆာကာရှိ Data Center ကို ဝယ်ယူခဲ့ကြောင်း ဖော်ပြထားပါသည်။

ကနေဒါနိုင်ငံသည်လည်း ဂျပန်နိုင်ငံ၏ အိမ်ရာအဆောက်အဉီကဏ္ဍတွင် ရင်းနှီးမြှုပ်နှံထားပြီး BentallGreenOak အနေဖြင့် ဇန်နဝါရီလတွင် အိုဆာကာရှိ Rihga Royal Hotel ကို အမေရိကန်ဒေါ်လာ ၃၈၅ သန်းဖြင့် ဝယ်ယူခဲ့ကြောင်း၊ ဇွန်လတွင်လည်း ဖူကူအိုကာရှိ The Ritz-Carlton ဟိုတယ်ကို ဝယ်ယူခဲ့ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃ ရာခိုင်နှုန်းရှိခဲ့ပြီး ဂျပန်ဗဟိုဘဏ်၏ သတ်မှတ်နှုန်းထားဖြစ်သည့် ၂ ရာခိုင်နှုန်းအထက်သို့ ၁၇ လဆက်တိုက် ရောက်ရှိခဲ့ပါသည်။ ထိုသို့ဂျပန်ယန်းငွေတန်ဖိုးကျဆင်းမှုသည် ဂျပန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုများဖြစ်ပေါ်စေလျက်ရှိပါသည်။ ထို့အတူ ဂျပန်နိုင်ငံတွင် ချေးငွေကို အတိုးနှုန်းသက်သာစွာဖြင့် အလွယ်တကူရယူနိုင်ခြင်းသည်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်စေလျက်ရှိပါသည်။

၂၀၂၄ ခုနှစ် ဧပြီလမှစ၍ ဂျပန်နိုင်ငံ၌ ကုန်စည်ပို့ဆောင်သည့် ယာဉ်မောင်းများ၏အချိန်ပို အလုပ်လုပ်ချိန်ကို ပြက္ခဒိန်နှစ် တစ်နှစ်လျှင် နာရီပေါင်း ၉၆၀ အထိသာဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်ပါသည်။ အဆိုပါမူဝါဒအသစ်ကြောင့် ကုန်စည်ပို့ဆောင်မှုမှာ ပိုမိုနှေးကွေးသွားနိုင်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်းလည်း ခန့်မှန်းထားကြပါသည်။ အဆိုပါမူဝါဒသစ်ကြောင့် လက်ရှိတွင် ယာဉ်မောင်းရှားပါးလျက်ရှိသည့် ဂျပန်နိုင်ငံတွင် ပိုမို၍လုပ်သားရှားပါးလာနိုင်ပြီး အခြားတစ်နေရာသို့ သယ်ယူပို့ဆောင်ခြင်းမပြုနိုင်မီ ခေတ္တသိုလှောင်ထိန်းသိမ်းနိုင်မည့်နေရာများတည်ဆောက်လိုသူများအတွက် အခွင့်အလမ်းများရရှိလာရန် မျှော်မှန်းလျက် ရှိကြသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အဆောက်အဉီများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာခြင်း ဖြစ်ကြောင်း သုံးသပ်ရပါသည်။

ထို့အတူ ဂျပန်နိုင်ငံတွင် အိမ်ရာနှင့် ဟိုတယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာလည်း အားကောင်းလာခဲ့သည်ကို တွေ့ရှိရပြီး ၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံ၏အိမ်ရာအဆောက်အဉီကဏ္ဍ၌ အများဆုံးရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့ဖြစ်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလတွင် ခရီးသွားဧည့်သည်လာရောက်မှုများ ပြန်လည်မြင့်တက်လာမှုကြောင့် တည်းခိုနေထိုင်ရန်နေရာဒေသများလိုအပ်လာပြီး ဟိုတယ်ကဲ့သို့သောအိမ်ရာအဆောက်အဉီတည်ဆောက် ဖွံ့ဖြိုးမှုကဏ္ဍတွင် အခွင့်အလမ်းများဖြစ်ပေါ်ကာ ရင်းနှီး မြှုပ်နှံမှုများပိုမိုဝင်ရောက်လာခြင်းဖြစ်ကြောင်းလည်း သုံးသပ်ရပါသည်။

Source: The Nikkei Asia (၉-၁၀-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)                                                                                                       

Category: International News