International News

အိန္ဒိယနိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့မှုသည် စက်တင်ဘာလတွင် တန်ချိန် ၁၇.၉၃ သိန်း သာရရှိခဲ့ပြီး  ပို့ကုန်ကျဆင်းခဲ့

Last Updated:

စိုက်ပျိုးရေးနှင့်စားသောက်ကုန်ပစ္စည်းများတင်ပို့မှုဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့(APEDA)၏ အချက်အလက်များအရ  အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန်အပါအဝင် လယ်ယာထွက်ကုန်တင်ပို့မှုမှာ ယခုနှစ် သြဂုတ်လတင်ပို့နိုင်မှု တန်ချိန် ၂၇.၉၄ သိန်းနှင့်နှိုင်းယှဉ်ပါက စက်တင်ဘာလတွင် တန်ချိန် ၁၇.၉၃ သိန်းသာ တင်ပို့နိုင်ခဲ့သဖြင့် တင်ပို့မှုကျဆင်းခဲ့ကြောင်း၊ ဧပြီလနှင့် မေလတို့တွင် လယ်ယာထွက်ကုန်တင်ပို့မှုမှာ ပျမ်းမျှတန်ချိန် ၃၃ သိန်းဝန်းကျင်ရှိခဲ့ကြောင်း၊ သို့ရာတွင် ဆန်ကွဲနှင့် ဘာစမာတီမဟုတ်သော ဆန်ဖြူအပါအဝင် ဆန်မျိုးစုံတင်ပို့မှုအပေါ် ကန့်သတ်ချက်များကြောင့် လယ်ယာထွက်ကုန်များတင်ပို့မှုမှာ တန်ချိန် ၁၅ သိန်းနီးပါးကျဆင်းခဲ့ကြောင်း သိရသည်။

လယ်ယာသုံးပစ္စည်းများတင်ပို့မှုမှာ တန်ဖိုးအားဖြင့် ယခုဘဏ္ဍာနှစ် သြဂုတ်လတွင် ရူပီး ၁၈၁,၂၈၀ သန်းရရှိခဲ့ရာမှ စက်တင်ဘာလအတွင်း ရူပီး ၁၄,၁၅၃၀ သန်းအထိ ကျဆင်းခဲ့ကြောင်း၊ စက်တင်ဘာလအတွင်း တင်ပို့မှုအများစုမှာ ဘာစမာတီမဟုတ်သောဆန်ဖြူတန်ချိန် ၄.၂၅ သိန်း၊ ဘာစမာတီဆန်တန်ချိန် ၁.၂၁ သိန်း၊ ကြက်သွန်နီတန်ချိန် ၁.၅၁ သိန်းနှင့် ကျွဲသားတန်ချိန် ၁.၂ သိန်းကျော်ရှိကြောင်း စာရင်းများအရ သိရသည်။

အိန္ဒိယနိုင်ငံ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ လယ်ယာထွက်ကုန်ပစ္စည်းစုစုပေါင်းတင်ပို့မှုမှာ တန်ချိန် ၁၇၂.၂၇ သိန်းရှိပြီး  ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုရှိစေရန်နှင့် စားသောက်ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရန်အတွက် ဘာစမာတီဆန်ကို အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းသတ်မှတ်ခြင်းနှင့် ဘာစမာတီမဟုတ်သည့် ဆန်ဖြူအမျိုးအစားများအား တင်ပို့မှုကန့်သတ်ပိတ်ပင်မှုတို့ကြောင့် ယခုနှစ်တွင် လယ်ယာထွက်ကုန်ပစ္စည်းအချို့တင်ပို့မှုမှာ ထိခိုက်မှုများရှိခဲ့ကြောင်း တွေ့ရှိရသဖြင့် သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: Agri-commodities exports decline to 17.93 Lakh tonnes in Sept: APEDA, The Economic Times, December 10, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News