International News

အစိုးရဝန်ထမ်းသစ်များအတွက် လစာတိုးမြှင့်မှုသည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များအပေါ် ဖိအားများဖြစ်ပေါ်စေ

Last Updated:

 

ထိုင်းနိုင်ငံ၊ အစိုးရအဖွဲ့က အစိုးရဝန်ထမ်းများ၏ လစာအပေါ် ၁၀ ရာခိုင်နှုန်းတိုးမြှင့်ပေးရန် အတည်ပြုလိုက်သဖြင့် စီးပွားရေးလုပ်ငန်းများတွင် အရည်အချင်းရှိသော ဝန်ထမ်းများကို ဆွဲဆောင်နိုင်ရန် လစာတိုးမြှင့်ရေး စဉ်းစားရန်လိုအပ်သွားမည် ဖြစ်ကြောင်း ထိုင်းကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌ ဖြစ်သူ Mr. Sanan Augubolkul က ပြောကြားခဲ့သည်။

နိုင်ငံ့ဝန်ထမ်းအသစ်များသည် အလုပ်စတင်ဝင်ရောက်သည့် ပထမနှစ်တွင် လစဉ် ဘတ် ၁၆,၅၀၀ လစာ ရရှိမည်ဖြစ်ပြီး ဒုတိယနှစ်တွင် ၁၈,၀၀၀ သို့ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း၊ ယင်းသို့ တိုးမြှင့်ပေးလိုက်ခြင်းသည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအပေါ် သိသာစွာ သက် ရောက်မှုရှိပြီး အရည်အချင်းရှိသော ဝန်ထမ်းတစ်ဦးတစ်ယောက်ကို ခေါ်ယူလိုပါက ငွေကြေးဆိုင်ရာ အခက်အခဲများ ကြုံတွေ့လာနိုင်ကြောင်း၊ ပုဂ္ဂလိက အနေဖြင့် လက်ရှိ ဝန်ထမ်းများ၏ ဝင်ငွေသည် ၁ လ လျှင် ဘတ် ၁၈,၀၀၀ ထက် မနည်းစေရေး ချိန်ညှိသွားရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားပါသည်။

ရိုးရိုးဘွဲ့ကိုင်ဆောင်ထားသူများအတွက် ကနဦးလစာ ဘတ် ၁၅,၀၀၀ ပေးသည့် ကိုယ်ပိုင် ကျောင်းများနှင့် တက္ကသိုလ်များသည်လည်း  လစာချိန်ညှိရန် လိုအပ်ပါကြောင်း၊ ထုတ်လုပ်မှု ကုန်ကျ စရိတ် အပေါ် သက်‌ရောက်နိုင်ပြီး ကုမ္ပဏီတစ်ခုချင်း နှင့် ကဏ္ဍတစ်ခုချင်းအပေါ်တွင် အကဲဖြတ်မှု ဆောင်ရွက်ရန်လိုမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအသစ်များအတွက် လစာချိန်ညှိမှုသည် ပုဂ္ဂလိကကဏ္ဍအပေါ် သက်ရောက်မှုရှိပြီး လစာချိန်ညှိပေးခြင်းနှင့် အနာဂတ်တွင် ထုတ်လုပ်မှုနှင့် အရည်အသွေးများ မြင့်တက်စေရေး နည်းလမ်းများ ရှာဖွေရမည်ဖြစ်ကြောင်း အကြံပြုထားပါသည်။

လစာတိုးမြှင့်ခြင်းသည် အစိုးရဝန်ထမ်းအသစ်များအတွက်သာ ဖြစ်၍ ငွေကြေးဖောင်းပွမှုနှုန်း နည်းနိုင်ပါကြောင်း၊ အစိုးရကဏ္ဍတွင်သာ လစာမြှင့်တင်ခြင်းဖြစ်၍ ဝန်ထမ်းများ၏ ဝယ်ယူမှုစွမ်းအား မြင့်တက်လာနိုင်ကြောင်း၊ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များပါဝင်သော နိုင်ငံ အဆင့် သုံးပွင့်ဆိုင် လုပ်ခလစာကော်မတီက ဆုံးဖြတ်ပေးသည့် နေ့စဉ်အနည်းဆုံးလုပ်အားခ လစာအပေါ် သက်ရောက်မှုမရှိသင့်ကြောင်း၊ လစာနည်းပါးသည့် ဝန်ထမ်းများအပေါ် လစာတိုးမြှင့်ပေးခြင်းသည် ကောင်းမွန်ပါကြောင်း၊ ရေရှည်တွင် အစိုးရဝင်ငွေနှင့် ဘတ်ဂျက် မြင့်တက်စေမည့် နည်းလမ်းများကို စဉ်းစားသင့်ကြောင်း စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ ဥက္ကဋ္ဌ Mr. Kriengkrai Thiennu-kul က ဖြည့်စွက်အကြံပြုထားပါသည်။        

 

 

Source: www.bangkokpost. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

 

Category: International News