International News

အိန္ဒိယအစိုးရသည် စားတော်ပဲ (yellow peas) ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အကောက်ခွန်လွတ်တင်သွင်းခွင့်ပြုမည်

Last Updated:

အိန္ဒိယအစိုးရသည် ပဲမျိုးစုံရောင်းလိုအားမြှင့်တင်ရန်နှင့် ဈေးနှုန်းများမြင့်တက်မှုကို ထိန်းသိမ်းရန်ရည်ရွယ်၍ စားတော်ပဲ(yellow peas)ကို ယခုလ ၈ ရက်နေ့က လွတ်လပ်စွာတင်သွင်းခွင့်ပြုခဲ့ သည်။ ၎င်းပဲကို ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံခြားကုန်သွယ်မှုညွှန်ကြားမှုဦးစီးဌာန(DGFT)က ထုတ်ပြန်လိုက်သော အမိန့်ကြော်ငြာစာအမှတ် ၅၀/ ၂၀၂၃ တွင် စားတော်ပဲအား ကန့်သတ်ကုန်အဖြစ်မှ ကင်းလွတ်ကုန်အဖြစ်သို့ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ဖော်ပြထားသည်။

အဆိုပါပဲအမျိုးအစားအား ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းနှင့် ဆိပ်ကမ်းကန့်သတ် ချက်မရှိဘဲ လွတ်လပ်စွာတင်သွင်းခွင့်ပြုကြောင်းနှင့် ယင်းနေ့ရက်နောက်ပိုင်းမှ အကောက်ခွန်ဌာနခွင့်ပြုချက်ရရှိသောသွင်းကုန်ပဲများသည် အဆိုပါလွတ်လပ်စွာတင်သွင်းခွင့်တွင် အကျုံးဝင်ခြင်းမရှိဟု DGFT က ထုတ်ပြန်သော အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ နေ့အထိ စားတော်ပဲတင်သွင်းမှုအားလုံးကို သွင်းကုန်စောင့်ကြည့်ရေးစနစ်တွင် မဖြစ် မနေစာရင်းသွင်းရန်လိုအပ်ကြောင်းနှင့် အဆိုပါအမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့ရက်အချိန်မှစ၍ ချက်ချင်းအာဏာသက်ရောက်စေရမည်ဟု ပါရှိသည်။

ယင်းကဲ့သို့ အိန္ဒိယမှ စားတော်ပဲတင်သွင်းခွင့်အား ဖွင့်လှစ်ပေးလိုက်သည့်အတွက် ကနေဒါပဲဈေးကွက်တွင် စားတော်ပဲဈေးနှုန်း ၁ တန်လျှင် ၇၅ ဒေါ်လာခန့်မြင့်တက်သွားကြောင်း ကုန်သွယ်ရေးဇစ်မြစ်တစ်ခုက ပြောကြားခဲ့သည်။ အစိုးရအနေဖြင့် ယခုလိုပဲကို လွတ်လပ်စွာတင်သွင်းခွင့်ပြုလိုက်သည့်အပေါ် ကြိုဆိုကြောင်း၊ သို့သော် ၎င်းအနေဖြင့် အိန္ဒိယဈေးကွက်သို့ ဝင်ရောက်လာသော စားတော်ပဲဈေးနှုန်းကို ၁၀၀ ကီလိုဂရမ်လျှင် ရူပီး ၅၄၄၀ သတ်မှတ်ထားသည့် ကုလားပဲ၏အနိမ့်ဆုံးကြမ်းခင်းဈေးထက် မနည်းစေရန် အကောက်ခွန်စည်းကြပ်တာမျိုးပြုလုပ်သင့်သည်ဟု အိန္ဒိယပဲမျိုးစုံနှင့် သီးနှံအသင်း(India Pulses and Grains Association) ဥက္ကဌ Bimal Kothari က ပြောကြားခဲ့သည်။

လက်ရှိဈေးကွက်ပေါက်ဈေးများအရ ဆိပ်ကမ်းအရောက် စားတော်ပဲဈေးနှုန်းသည် ၁၀၀ ကီလိုဂရမ်လျှင် ရူပီး ၄၃၀၀ ဝန်းကျင်ဖြစ်သင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။ အကယ်၍ ပြည်ပမှ တင်သွင်းလာသော စားတော်ပဲဈေးနှုန်းသည် ပြည်တွင်းမှစိုက်ပျိုးထုတ်လုပ်သော ကုလားပဲဈေးထက် နိမ့်ကျနေမည်ဆိုပါက Uttar Pradesh နှင့် Madhya Pradesh ပြည်နယ်တို့ရှိ တောင်သူများနှင့် ပဲခွဲစက်ပိုင်ရှင်များ အထိနာဖွယ်ရှိကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် တောင်သူများ၏ အကျိုးစီးပွားကာကွယ်ရန်အလို့ငှာ သင့်တင့်သော အကောက်ခွန်စည်းကြပ်ကောက်ခံတာမျိုး ပြုလုပ်သင့်သည်ဟု ၎င်းကပြောကြားခဲ့သည်။

ကနေဒါနိုင်ငံတွင် စားတော်ပဲ၏ အိန္ဒိယအရောက် CIF ဈေးနှုန်းသည် ၁ တန်လျှင် ကန်ဒေါ်လာ ၅၀၀ သို့ခုန်တက်သွားခဲ့သည်။ ယင်းမတိုင်မီက ၎င်းဈေးနှုန်းမှာ ၁ တန်လျှင် ကန်ဒေါ်လာ ၄၃၀ မှ ၄၃၅ အတွင်းသာရှိကြောင်းသိရသည်။

အိန္ဒိယအစိုးရသည် စားတော်ပဲအပေါ်စည်းကြပ်သည့် သွင်းကုန်ခွန်ကို ဖယ်ရှားလိုက်ကြောင်း အမိန့်ကြော်ငြာစာကို ယခုလ ၇ ရက်နေ့၊ညနေပိုင်းလောက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းမတိုင်မီက ၎င်းအပေါ် သွင်းကုန်ခွန် ၅၀ ရာခိုင်နှုန်းကောက်ခံခဲ့ကြောင်း သိရသည်။ အစိုးရမှ ယခုကဲ့သို့ဆောင်ရွက်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ စားတော်ပဲတန်ချိန် ၃ သိန်းအထိ တင်သွင်းသွားဖွယ်ရှိကြောင်း Kothari က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် စားတော်ပဲကို ကနေဒါနှင့် ရုရှားကဲ့သို့နိုင်ငံများမှ အဓိကတင်သွင်းကြောင်း သိရသည်။ ယခုအမိန့်ကြော်ငြာစာမထုတ်ပြန်မီက သတ်မှတ်ထားရှိသော သွင်းကုန်ကန့်သတ်ရေးမူဝါဒနှင့် ဆက်စပ်မူဝါဒအခြေအနေများသည် ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်၍ အာဏာပြန်လည်သက်ဝင်မည်ဟု  DGFT ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ ကန့်သတ်ကုန်အနေဖြင့် စားတော်ပဲကို နှစ်အလိုက်အရေအတွက်ကန့်သတ်ချက်(ကိုတာ)အရသာ ခွင့်ပြုထားပြီး၊ ၁ ကီလိုဂရမ်လျှင် CIF ဈေးနှုန်း ရူပီး ၂၀၀ နှင့်အထက်သာ တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။ ထို့အပြင် ၎င်းကို ကော်လ်ကတ္တားဆိပ်ကမ်းတစ်ခုတည်းကသာ တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

          ယခုလ ၈ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာသည် စားတော်ပဲ(yellow peas)ကို ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် လွတ်လပ်စွာ တင်သွင်းခွင့်ပြုလိုက်သည့် အမိန့်ကြော်ငြာစာဖြစ်ပြီး၊ ကနေဒါနှင့် ရုရှားပဲဈေးကွက်အပေါ် အဓိကရိုက်ခတ်မှုများရှိမည်ဖြစ်ပါသည်။ ထို့အပြင် ပြည်တွင်းရှိ ကုလားပဲဝယ်လိုအားအပေါ် သက်ရောက်မှုများရှိလာနိုင်ပြီး၊ တောင်သူနှင့်စက်ပိုင်ရှင်များ အထိနာဖွယ် ရှိသည့်အပေါ် စိုးရိမ်မကင်းဖြစ်မှုများရှိနေသည်ကို တွေ့ရပါသည်။ စားတော်ပဲ(yellow peas)သည် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ အဓိက တင်သွင်းနေသည့် ပဲအမျိုးအစားမဟုတ်သည့်အတွက် တိုက်ရိုက်အကျိုးသက်ရောက်မှုများမရှိသော်လည်း အိန္ဒိယနိုင်ငံ၏ ပြည်တွင်းပဲလိုအပ်ချက်မြင့်တက်လာသည့်အပေါ် သိရှိနိုင်ရန်နှင့် ကျန်ပဲအမျိုးအစား များ၏ ဝယ်လိုအားလည်း မြင့်တက်လာဖွယ်ရှိသည့်အပေါ် သိသာနိုင်ရေး လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။ The Hindu Business Line သတင်းဌာန၊ “India permits duty-free import of yellow peas imports till March 31”၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။ 

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News