Local News

ယခုနှစ် နိုဝင်ဘာလအတွင်း တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်မှ ထိုင်းနိုင်ငံသို့ ရေထွက်ကုန်ပစ္စည်း ၄၄၇၁ ဒသမ ၃၅ တန် တင်ပို့နိုင်ခဲ့

Last Updated:

ယခုနှစ် နိုဝင်ဘာလအတွင်း တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်မှ ထိုင်းနိုင်ငံသို့ ရေထွက်ကုန်ပစ္စည်း ၄၄၇၁ ဒသမ ၃၅ တန် တင်ပို့နိုင်ခဲ့ပြီး ကုန်သွယ်မှုဝင်ငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၃ သန်း ရရှိခဲ့ကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းဦးက ပြောပြ၍ သိရသည်။ ထိုင်းနိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အနေဖြင့် မောတောင်နှင့် ကော့သောင်း-ရနောင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရသည်။

“တနင်္သာရီတိုင်းဒေသကြီးအနေနဲ့ဆိုရင် ရေထွက်ကုန်ကို အဓိကတင်ပို့တာကတော့ မြိတ်ခရိုင်ကနေ တင်ပို့တာဖြစ်ပါတယ်။ ဒီလိုတင်ပို့ရာမှာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအနေနဲ့ မောတောင်ကုန်သွယ်ရေးစခန်းကနေ တင်ပို့တာရှိသလို ကော့သောင်းကနေ ရနောင်းကို တိုက်ရိုက်တင်ပို့တာလဲရှိပါတယ်။ ဒီနှစ် နိုဝင်ဘာလအတွင်းမှာ တင်ပို့နိုင်ခဲ့တဲ့တန်ချိန်ကတော့ ၄၄၇၁ ဒသမ ၃၅ တန်ဖြစ်ပါတယ်။ ကော့သောင်းကနေ တင်ပို့မှုကတော့ တန်ချိန် ၃၃၃၀ ဖြစ်ပါတယ်။ မောတောင်ကနေ တင်ပိုနိုင်မှုကတော့ ၁၁၄၁ ဒသမ ၃၅ တန်ဖြစ်ပါတယ်။ မောတောင်ကတော့ ငါးအမျိုးအစား ၂၀ ကျော်ကို အစိုတင်ပို့တာဖြစ်ပြီး ကော့သောင်းကနေတင်ပို့တာဖြစ်ပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းဦးက ပြောပြသည်။

တနင်္သာရီတိုင်းဒေသကြီး ရေထွက်ကုန်တင်ပို့မှုအနေဖြင့် ကော့သောင်းခရိုင်၊ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့မှ ရေထွက်ကုန်များဖြစ်သည့် ငါး၊ ပုစွန်များနှင့် အခြားရေထွက်ကုန်များကို လမ်းကြောင်းငါးခုဖြင့် ပြည်ပသို့တင်ပို့ပြီး ရန်ကုန်တိုင်းဒေသကြီးသို့လည်း ကုန်းလမ်းနှင့် ရေလမ်းတို့မှတင်ပို့ကာ ထိုမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News