International News

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ရှိ အိမ်ငှားရမ်းခများ ၂၀၂၄ တွင် အနည်းငယ်မြင့်တက်ရန်ရှိ

Last Updated:

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ရှိ အိမ်ငှားရမ်းခများသည် ပြီးခဲ့သည့်သုံးလတာကာလအတွင်း တိုက်ခန်းများ (Apartments)၊ အိမ်ရာ(Villas)နှင့် ရုံးခန်းများအတွက် ငှားရမ်းမှုများမှာ  ၃ % ၊ ၂ % နှင့် ၄ % စီအထိသာ တိုးလာသဖြင့် ဌားရမ်းမှုနှုန်း အနည်းငယ်နှေးကွေးခဲ့ပါသည်။

ဒူဘိုင်းမြို့ရှိ အိမ်ငှားရမ်းခများမှာ ၂၀၂၄ ခုနှစ်တွင် ဆက်လက်မြင့်တက်လာမည်ဖြစ်သော်လည်း စျေးကွက်တောင်းဆိုမှုနည်းပါးခြင်းနှင့် နိုင်ငံတကာလုပ်ငန်းရှင်များနှင့် ရင်းနှီးမြုပ်နှံသူများမှ မြို့တွင်းသို့ ရွှေ့ပြောင်းမှုများကြောင့် အနည်းငယ်မြင့်တက်လာမည်ဖြစ်ပါသည်။

သို့သော်လည်း လာမည့်နှစ်တွင် Jumeirah Village Circle (JVC) နှင့် Tilal Al Ghaf ကဲ့သို့သော နေရာများတွင် ပြောင်းရွှေ့မှုများစွာကို မြင်တွေ့ရမည်ဖြစ်ပြီး အိမ်ငှားများမှ ၎င်းတို့၏သုံးစွဲမည့် အိမ်ဌားခများနှင့်ချင့်ချိန်၍ လူနေ ရပ်ကွက်များရှိ အိမ်ရာများကို ပိုမိုရွေးချယ်နိုင်လာစေမည်ဖြစ်ပါသည်။

အိမ်ခြံမြေအကျိုးဆောင်အတိုင်ပင်ခံ Asteco ၏အဆိုအရ ဒူဘိုင်းအငှားစျေးကွက်သည် တတိယသုံးလပတ်တွင် တိုးတက်မှုနှုန်းတဖြည်းဖြည်းလျော့ကျလာသည်ကိုတွေ့မြင်ခဲ့ရပြီး လွန်ခဲ့သည့်သုံးလတာကာလအတွင်း တိုက်ခန်း၊ အိမ်ရာနှင့် ရုံးခန်းများအတွက် ငှားရမ်းခ ၃ % ၊ ၂ %နှင့် ၄ % စီ အထိသာတိုးလာသဖြင့် ဌားရမ်းမှုနှုန်းသိသိသာသာနှေးကွေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

အိမ်ခြံမြေအကျိုးဆောင်အတိုင်ပင်ခံ Bramley က ဒူဘိုင်းမြို့အနှံ့တွင် ဝယ်လိုအားနည်းပါးလျက်ရှိသည့်အတွက်ကြောင့် အိမ်ယာအလွတ်များအဖြစ်သို့ ပြောင်းလဲသွားသည်ဟု ဆိုပါသည်။ အိမ်ရှင်များအတွက် ၎င်းအခြေအနေသည် ခိုင်ခံ့ပြီးကြီးထွားလာသော အိမ်ရာအငှားဈေးကွက်ကို အနည်းဆုံးသောကာလမှ ကာလအတန်ကြာသည့်အထိ ဌားရမ်းနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Property Finder အိမ်ခြံမြေအကျိုးဆောင်မှ  ၀င်ငွေအရာရှိချုပ် Cherif Sleiman က တိုက်ခန်းများအတွက် အများစုနှစ်သက်ကြသောနေရာများမှာ Dubai Marina ၊ Jumeirah Village Circle (JVC)၊ Business Bay ၊ Dubai မြို့လယ်နှင့် Jumeirah Lake Towers (JLT)တို့ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အိမ်ရာများအတွက် Dubai Hills Estate၊ Damac Hills 2 ၊ Al Barsha၊ Jumeirah နှင့် Damac Hills တို့သည် လူကြိုက်အများဆုံးသောနေရာများဖြစ်ပြီး ၀ယ်လိုအားနှင့် လူကြိုက်များမှုအပေါ်အခြေခံ၍ အဆိုပါနေရာများသည် လာမည့်နှစ်များတွင် ငှားရမ်းခပိုမိုတိုးလာမည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

Property Finder ၏ နိုဝင်ဘာလအတွက်ရရှိသောအချက်အလက်များအရ ဝယ်လိုအားအများစုမှာ အိပ်ခန်းတစ်ခန်းပါတိုက်ခန်းများဖြစ်ပြီး ယခင်က လေ့လာမှုမပြုလုပ်ခဲ့ရသေးသော လူနေရပ်ကွက်များရှိ စီမံကိန်းအသစ်များသည် ကြီးထွားလာနေသော ဝယ်လိုအားကို ရေရှည်ထိန်းထားနိုင်စေမည့် ရွေးချယ်စရာနေရာများ ပိုမိုရရှိလာစေမည်ဟု Sleiman က ယူဆထားပါသည်။

JVC ၊ Cherrywoods နှင့် Tilal Al Ghaf နေရာများတွင်တည်ဆောက်နေသော အိမ်ရာစီမံကိန်းအသစ်များသည် အိမ်ငှားများအတွက် ယခင်ကမရှိခဲ့သော အပိုရွေးချယ်စရာနေရာများနှင့်အတူ အနီးအနားပတ်ဝန်းကျင်ရှိ အိမ်ပိုင်ရှင်များအတွက် ပြိုင်ဆိုင်မှုများပိုမိုတိုးလာစေမည်ဖြစ်သည်ဟု Bramley က ယူဆထားကြောင်း အဆိုပါသတင်းတွင် ဖော်ပြပါရှိပါသည်။

သုံးသပ်တင်ပြချက်

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် ဇိမ်ခံအိမ်ကြီး၊ အိမ်ကောင်းများနှင့် တန်ဖိုးကြီးတိုက်ခန်းများမှစ၍ ဈေးနှုန်းသက်သာသောအိမ်ရာနှင့် လူနေတိုက်ခန်းများသည် Palm Jumeirah ၊ Downtown Dubai၊ Dubai Marina နှင့် Emirates Hills တို့တွင် လူကြိုက်များလျက်ရှိပြီး အမျိုးမျိုးသောအိမ်ခြံမြေများကို ရွေးချယ်ဝယ်ယူ/ဌားရမ်းနိုင်ပြီး ဒူဘိုင်းမြို့ရှိအိမ်ခြံမြေဈေးကွက်သည် ဒေသစီးပွားရေးအခြေအနေနှင့် အစိုးရမူဝါဒများဖြင့် ဆက်စပ်နေပြီး နိုင်ငံတကာစီးပွားရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းအစပျိုးဆောင်ရွက်မှုများနှင့် အဓိကအားဖြင့် စီးပွားရေးလုပ်ငန်းပြပွဲများသည် အဆိုပါအိမ်ခြံမြေဈေးကွက်ကို လွှမ်းမိုးနိုင်ခဲ့ပါသည်။

နိုင်ငံခြားသားများအနေဖြင့် ယေဘုယျသတ်မှတ်ထားသော ဧရိယာများတွင် နှစ်ရှည်အငှားစာချုပ်ဖြင့် အိမ်ရာပိုင်ဆိုင်နိုင်ပြီး ပြီးခဲ့သည့်နှစ်များအတွင်းက ယူအေအီးအစိုးရမှ အိမ်ခြံမြေဈေးကွက်ကို ထိန်းညှိရန်နှင့် ပွင့်လင်းမြင်သာမှုတိုးတက်စေရန်အတွက် စီမံချက်များကို ချမှတ်ခဲ့ပါသည်။ ဒူဘိုင်း မြို့သည် ပြည်ပမှလာရောက်နေထိုင်သူဦးရေအများဆုံးရှိပြီး အိမ်ခြံမြေအငှားဈေးကွက်သည် ဒူဘိုင်းအိမ်ခြံမြေကဏ္ဍ၏အရေးပါသောကဏ္ဍတစ်ခုဖြစ်ပြီး တည်နေရာ၊ သွားလာရေးအဆင်ပြေမှုနှင့် အိမ်ခြံမြေအမျိုးအစားများအပေါ်မူတည်၍ ငှားရမ်းခစျေးနှုန်းများ ကွဲပြားခြားနားကြောင်း တင်ပြလိုက်ရပါသည်။

အရင်းအမြစ်။   focus.hidubai.com

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News