Local News

ကျိုက်လတ်မြို့နယ်တွင် ဒေသထွက်မုန်လာဥဖြူများ အရောင်းအဝယ်သွက်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ဒေသထွက် မုန်လာဥဖြူများ အရောင်းအဝယ်သွက်နေကြောင်း ကျိုက်လတ်မြို့နယ်မှ ကုန်စိမ်းမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်စန်းဌေးက ပြောပြ၍ သိရသည်။ ကျိုက်လတ်မြို့နယ်၌ လက်ရှိတွင် မုန်လာဥဖြူများထွက်ရှိနေပြီး ဒီဇင်ဘာလ ပထမပတ်မှစတင်၍ ယနေ့(ဒီဇင်ဘာလ ၁၁)ရက်နေ့ထိ မုန်လာဥဖြူများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်သွက်နေကြောင်း၊ အဆိုပါဒေသ၌ ထွက်ရှိသည့် မုန်လာဥဖြူများလက်ရှိတွင် တစ်ရက်လျှင် ပိဿာချိန် ၄၀၀ မှ ၁၀၀၀ ထိ အ‌ရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

“အခု ကျိုက်လတ်မြို့နယ်မှာ မုန်လာဥဖြူတွေ ထွက်ရှိနေပါတယ်။ အခု ဒေသထွက်မုန်လာဥဖြူတွေ ဝယ်ယူအားကောင်းပြီး အရောင်းအဝယ်သွက်နေပါတယ်။ ဒီဇင်ဘာလ ပထမပတ်လောက်ကတည်းက စတင်အရောင်းအဝယ်သွက်နေတာဖြစ်ပါတယ်။ အခု မုန်လာဥဖြူဈေးကလဲ အနည်းငယ်တက်လာပါတယ်။ ဒေသထွက်မုန်လာဥဖြူတွေ အပါအဝင် ကုန်စိမ်းအစုံကို အခြားဒေသတွေက ဝယ်ယူအားကောင်းနေပါတယ်။ ဒေသထွက်ကုန်တွေပဲ အရောင်းအဝယ်လုပ်ရတော့ သယ်ယူရတဲ့ကိစ္စတွေအပါအဝင် အစစအရာရာ  အဆင်ပြေပါတယ်” ဟု ကျိုက်လတ်မြို့နယ်မှ ကုန်စိမ်းမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်စန်းဌေးက ပြောပြသည်။

ကျိုက်လတ်မြို့နယ်၌ လက်ရှိဒီဇင်ဘာလသည် ဒေသတွင် စိုက်ပျိုးသည့်ကုန်စိမ်းများ စတင်ထွက်ရှိပြီး အရောင်းအဝယ်ပြုလုပ်နေသည့် ကာလဖြစ်ကြောင်း၊ ဒေသထွက်မုန်လာဥဖြူများအပါအဝင် ကုန်စိမ်းများကို ကျိုက်လတ်ဈေး၊ ဘိုကလေး၊ မအူပင် စသည့်ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ မုန်လာဥဖြူသည် တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ ထိ ဈေးရရှိနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News