International News

အိန္ဒိယနိုင်ငံတွင် ရာဘီ (ဆောင်းရာသီ) သီးနှံများစိုက်ပျိုးမှု ယခင်နှစ်ကထက် ၅ ရာခိုင်နှုန်းကျဆင်း

Last Updated:

အိန္ဒိယနိုင်ငံတွင် ရာဘီ(ဆောင်းရာသီ)သီးနှံများစိုက်ပျိုးမှုဧရိယာသည် လွန်ခဲ့သောနှစ်ကထက် ၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ဟက်တာ 434.66 သိန်းရှိပြီး ပုံမှန်စိုက်ပျိုးဧရိယာ၏ ၆၇ ရာခိုင်နှုန်းသာရှိကြောင်းနှင့် ယမန်နှစ်က ဟက်တာ 458.77 သိန်းရှိခဲ့သည့်အတွက် ၅ ရာခိုင်နှုန်းကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂျုံစိုက်ဧရိယာမှာလည်း လွန်ခဲ့သောနှစ်က ဟက်တာ 197.14 သိန်းရှိခဲ့ရာမှ ယခုနှစ်တွင် ဟက်တာ 187.88 သိန်းရှိသည့်အတွက် ၅ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်း သိရသည်။ သို့သော် Uttar Pradesh ပြည်နယ်တွင် ဟက်တာ 2.19 သိန်းနှင့် Madhya Pradesh ပြည်နယ်တွင် ဟက်တာ 2.13 သိန်းတိုးမြင့်ခဲ့ပြီး၊ Rajasthan တွင် ဟက်တာ 4.60 သိန်း၊ Bihar တွင် ဟက်တာ 3.46 သိန်း၊ Gujarat တွင် ဟက်တာ 1.81 သိန်းနှင့် Haryana တွင် ဟက်တာ 0.81 သိန်း အသီးသီးကျဆင်းခဲ့ကြောင်း သိရသည်။ Karnataka နှင့် Maharashtra ပြည်နယ်တို့တွင်လည်း ဂျုံစိုက်ဧကများ ကျဆင်းခဲ့ကြောင်း သိရသည်။

ဂျုံစိုက်ဧရိယာစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းတွင် အယ်နီညိုရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော ဂျုံမျိုးများကို စိုက်ပျိုးထားရှိသည့်အတွက် ၎င်းတို့အပေါ်မူတည်၍ သတ်မှတ်ထုတ်လုပ်မှုရည်မှန်းချက် တန်ချိန် ၁၁၄ သန်းရရှိမည်ဟု မျှော်လင့်ကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဆောင်းရာသီ ပဲမျိုးစုံစိုက်ပျိုးဧရိယာကိုကြည့်လျှင် ပဲနီလေးစိုက်ဧကများပြားပြီး စုစုပေါင်းပဲစိုက်ဧရိယာမှာမူ ယမန်နှစ်က ဟက်တာ 119.37 သိန်းရှိပြီး၊ ယခုနှစ်တွင် ဟက်တာ 108.09 သိန်းရှိသည့်အတွက် ၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။ အဓိကဆောင်းပဲဖြစ်သည့် ကုလားပဲစိုက်ဧရိယာမှာ လက်ရှိတွင် ဟက်တာ 75.09 သိန်းရှိပြီး၊ ယခင်နှစ်ကထက် ၁၂ ရာခိုင်နှုန်းကျဆင်းကာ ပဲနီလေးမှာ ဟက်တာ 14.30 သိန်းရှိပြီး၊ ယခင်နှစ်ကထက် ၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။

အခြားနှံစားသီးနှံများစိုက်ပျိုးဧရိယာမှာ ယခင်နှစ်က ဟက်တာ 41.68 သိန်းရှိခဲ့ရာမှ ယခုနှစ်တွင် ဟက်တာ 39.93 သိန်းသာရှိသည့်အတွက် ၄ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့သည်။ လူး/ဆတ်စိုက်ဧကမှာ ယခင်က ဟက်တာ 18.21 သိန်းရှိပြီး၊ ယခု ဟက်တာ 16.74 သိန်းသာရှိ၍ ၈ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ ပြောင်းစိုက်ဧကမှာ ယခင်က ဟက်တာ 14.27 သိန်းရှိပြီး၊ ယခု ဟက်တာ 14.55 သိန်းရှိသည့်အတွက် ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းနှင့် ဘာလီမှာ ယခင်က ဟက်တာ 7.98 သိန်းရှိပြီး၊ ယခု ဟက်တာ 7.92 သိန်းရှိသည့်အတွက် ၁ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် မုန်ညှင်းစိုက်ပျိုးဧကများပြားခဲ့သည့်အတွက် ဆီထွက်သီးနှံစိုက်ဧကအခြေအနေမှာ များစွာမဆိုးလှဟုဆိုသည်။ မုန်ညှင်းကို ပုံမှန်စိုက်ဧက ဟက်တာ 73.06 သိန်းထက်ကျော်လွန်၍ ဟက်တာ ၈၄.၂၆ သိန်းသို့ တိုးချဲ့စိုက်ပျိုးခဲ့သည့်အတွက် ယမန်နှစ်က ဟက်တာ 83.71 သိန်းနှင့်နှိုင်းယှဉ်လျှင် အနည်းငယ်တိုးမြင့်ခဲ့ကြောင်း သိရသည်။ ဆီထွက်သီးနှံစိုက်ပျိုးဧရိယာစုစုပေါင်းသည် ဟက်တာ 89.49 သိန်းရှိပြီး၊ ယမန်နှစ်က 89.88 သိန်းရှိခဲ့သည့် အတွက် ကျဆင်းခဲ့ကြောင်း သိရသည်။ ၎င်းတွင် မြေပဲစိုက်ဧက 54,000 ဟက်တာပါဝင်သည်။ မြေပဲသည် နွေသီးနှံဖြစ်သော်လည်း Karnataka၊ Tamil Nadu၊ Telangana၊ Andhra Pradesh နှင့် Odisha ပြည်နယ်တို့၌ ဆောင်း ရာသီတွင် ဟက်တာပေါင်း ၇ သိန်းခန့် စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

စပါးစိုက်ဧကကို ကြည့်လျှင် ယခင်နှစ်က ဟက်တာ 10.70 သိန်းရှိပြီး၊ ယခုနှစ်တွင် ဟက်တာ 9.28 သို့ရောက်ရှိလျက်ရှိကာ၊ Tamil Nadu ပြည်နယ်တွင် အများဆုံးစိုက်ပျိုးကြောင်း သိရသည်။ ယခုနှစ် နိုဝင်ဘာလ ၂၆ ရက်မှ ၃၀ ရက်အတွင်း Rajasthan၊ Karnataka၊ Andhra Pradesh ပြည်နယ် Rayalseema ဒေသ၊ Bihar ပြည်နယ်အနောက် မြောက်ပိုင်းနှင့် Karnataka အနီးရှိ Maharashtra ပြည်နယ်ဒေသအချို့၌ မြေဆီလွှာအစိုစွတ်မှာ လွန်ခဲ့သော ၈ နှစ်အတွင်း ပျှမ်းမျှရှိရမည့်အနေအထားထက် လျော့နည်းခဲ့ကြောင်း သိရသည်။သို့သော် Gujarat၊ Rajasthan၊ Madhya Pradesh နှင့် Maharashtra ပြည်နယ်များရှိ နေရာဒေသအချို့တွင် လွန်ခဲ့သောသီတင်းပတ်က မြေဆီလွှာစိုစွတ်မှု အခြေအနေ ပိုမိုတိုးတက်ကောင်းမွန်ခဲ့ကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

အိန္ဒိယနိုင်ငံသည် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးမှုဧရိယာမှာ လွန်ခဲ့သောနှစ်ကထက် ၅ ရာခိုင် နှုန်းခန့်ကျဆင်းခဲ့ပါသည်။ ဂျုံကို ပြည်နယ်အချို့တွင် ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုးခဲ့သော်လည်း ကျန်ပြည်နယ်အများအပြားတွင် စိုက်ပျိုးမှုကျဆင်းခဲ့သည်ကို တွေ့ရှိရပါသည်။ ပဲမျိုးစုံကဏ္ဍတွင် ပဲနီလေးစိုက်ဧကတိုးတက်ခဲ့ပြီး၊ ကျန်ပဲအမျိုးမျိုး၏ စိုက်ပျိုးဧရိယာများကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။ ဆီထွက်သီးနှံကဏ္ဍတွင် မုန်ညှင်းစိုက်ပျိုးဧရိယာများပြားပြီး၊ ကျန်ဆီထွက်သီးနှံများ စိုက်ပျိုးမှုကျဆင်းခဲ့ပါသည်။ စပါးစိုက်ဧကသည် ယခင်နှစ်ကထက် အနည်းငယ်သာ ကျဆင်းခဲ့သည်ကို တွေ့ရှိရပါသည်။ သို့ပါ၍ အိန္ဒိယနိုင်ငံ၏ ဆောင်းသီးနှံများစိုက်ပျိုးမှုသည် ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ကျဆင်းလျက်ရှိသည့်အခြေအနေကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။ The Hindu Business Line သတင်းဌာန၊ “Sowing area of Rabi crops down 5% at 434.66 lakh hectares”၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်။        

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News