International News

စင်ကာပူ - MERCOSUR လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် လက်မှတ်ရေးထိုး

Last Updated:

စင်ကာပူ-MERCOSUR လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်(ERCOSUR-Singapore Free Trade Agreement - MCSFTA) ကို 63rd Summit of Heads of State of MERCOSUR and Associate States တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ စာချုပ်ဝင်နိုင်ငံများသည် နိုင်ငံအလိုက် စာချုပ်အသက်ဝင်စေရေး လုပ်ထုံးလုပ်နည်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဆိုပါသဘောတူစာချုပ်သည် စင်ကာပူနိုင်ငံနှင့် MERCOSUR နိုင်ငံများအကြား ပထမဦးဆုံးသော ကုန်သွယ်ရေးသဘောတူစာချုပ်ဖြစ်ပြီး MERCOSUR နိုင်ငံများအနေဖြင့်လည်း အရှေ့တောင်အာရှနိုင်ငံတစ်ခုနှင့် ပထမဦးဆုံးကုန်သွယ်ရေးသဘောတူစာချုပ်ဖြစ်ပါသည်။ သဘောတူစာချုပ်သည် အခွန်နှုန်းထားအနိမ့်ဖြင့် ကုန်စည်စီးဆင်းမှုပိုမိုဖြစ်ထွန်းစေရေး ဆောင်ရွက်ပေးခြင်း၊ ပွင့်လင်းမြင်သာပြီး ခန့်မှန်းနိုင်သည့် ရင်းနှီးမြှုပ်နှံမှုအခြေအနေများဖန်တီးခြင်း၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေခြင်း၊ စွန့်ဦးတီထွင်မှု၊ ဒီဂျစ်တယ်စနစ်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု၊ စားနပ်ရိက္ခာဖူလုံရေး၊ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှု စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းစေခြင်းဖြင့် စင်ကာပူနိုင်ငံနှင့်တောင်အမေရိကနိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုဖြစ်ထွန်းစေမည်ဖြစ်ပါသည်။

သဘောတူစာချုပ်ကို ၄ နှစ်ကျော်ညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း၊ MCSFTA သည် အရှေ့တောင်အာရှနှင့် တောင်အမေရိကကို ချိတ်ဆက်ပေးမည့် ချိတ်ဆက်မှုအသစ်တစ်ခုဖြစ်ကြောင်း၊ MERCOSUR နိုင်ငံများမှ ကုမ္ပဏီများအနေဖြင့် စင်ကာပူနိုင်ငံတွင်လာရောက်အခြေစိုက်၍ အရှေ့တောင်အာရှဈေးကွက်ကို ရရှိနိုင်ရန်ကြိုဆိုပါကြောင်း စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Dr Vivian Balakrishnan က ပြောကြားခဲ့ပါသည်။

MCSFTA သည် စီးပွားရေးလမ်းဖွင့်ပေးမှုနှင့် ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှုကို ဆောင်ရွက်လျက်ရှိသည့် စင်ကာပူနိုင်ငံ၏ကတိကဝတ်ကို ထင်ဟပ်စေကြောင်း၊ ဒေသတွင်း၊ ကုမ္ပဏီများနှင့် ပြည်သူလူထုများကို ပိုမိုနီးကပ်မှုရှိစေမည်ဖြစ်ကြောင်း၊ MCSFTA သည် စင်ကာပူနိုင်ငံ၏ လက်တင်အမေရိကနှင့် ကုန်သွယ်ရေးနယ်ပယ်ချဲ့ထွင်နိုင်မှုကို အားကောင်းစေမည်ဖြစ်ပြီး စီးပွားရေးဆောင်ရွက်ရာတွင် ကုန်ကျစရိတ်သက်သာစေခြင်း၊ အခွန်နှုန်းထားနှင့် လုပ်ထုံးလုပ်နည်းကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်း၊ e-Commerce၊ လယ်ယာ-ကုန်သွယ်မှု၊ အစိုးရအကူအညီအထောက်အပံ့စသည်တို့တွင် စီးပွားရေးအခွင့်အလမ်းအသစ်များကို ဖွင့်လှစ်ပေးခြင်းဖြင့် ကုမ္ပဏီများကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ၊ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး Gan Kim Yong က ပြောကြားခဲ့ပါသည်။

MERCOSUR သည် အာဂျင်တီးနားနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ပါရာကွေးနိုင်ငံ၊ ဥရုကွေးနိုင်ငံတို့ ပါဝင်ဖွဲ့စည်းထားသည့် လက်တင်အမေရိကအဖွဲ့တစ်ခုဖြစ်ပြီး စီးပွားရေးတွင် ကမ္ဘာ့အဆင့် ၈၊ ဂျီဒီပီ အမေရိကန်ဒေါ်လာ ၂.၇ ထရီလီယံနှင့် လူဦးရေ ၂၇၂ သန်းရှိသည့် ဈေးကွက်ရှိပါသည်။ ၂၀၂၂ ခုနှစ်တွင် စင်ကာပူနိုင်ငံနှင့် MERCOSUR နိုင်ငံများအကြား ကုန်သွယ်မှုမှာ စင်ကာပူနိုင်ငံ စုစုပေါင်းကုန်သွယ်မှု၏ ၄၅ ရာခိုင်နှုန်း(စင်ကာပူဒေါ်လာ ၁၃.၈ ဘီလီယံ) ရှိပါသည်။

စင်ကာပူနိုင်ငံအနေဖြင့် ၎င်း၏စီးပွားရေးလုပ်ငန်းများ ပြည်ပနိုင်ငံများတွင် ဈေးကွက်ဝင်ရောက်မှု ပိုမိုရရှိစေရေးအတွက် ဈေးကွက်ချဲ့ထွင်ရေးနည်းလမ်းတစ်ခုအဖြစ် နှစ်နိုင်ငံလွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်များ၊ ဒေသတွင်းကုန်သွယ်ရေးသဘောတူစာချုပ်များကို အသုံးပြုလျက်ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ရင်းမြစ်။        The Ministry of Trade and Industry

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News