International News

ရုရှားနိုင်ငံ၏ ရေထွက်ကုန်များတင်သွင်းမှုသည် ၂၀၂၃ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်းတိုးတက်ခဲ့

Last Updated:

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ပထမဆယ်လတွင် ရုရှားနိုင်ငံ၏ရေထွက်ကုန်များတင်သွင်းမှုပမာဏသည် တန်ချိန် ၄၉၂,၅၀၀ သို့ရောက်ရှိခဲ့ပြီး ၁၈ ရာခိုင်နှုန်းမြှင့်တက်ခဲ့ကြောင်း၊ ၎င်းသည် ၂၀၂၂ ခုနှစ်၊ အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၆.၅ ရာခိုင်နှုန်းတိုးတက်လာပြီး အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း ရုရှားငါးလုပ်ငန်းဆိုင်ရာဖက်ဒရယ်အေဂျင်စီ(Russia’s Federal Agency for Fishery)က သတင်းထုတ်ပြန်ခဲ့ပါသည်။

အဓိကတင်သွင်းသည့် ရေထွက်ကုန်များမှာ အေးခဲထားသောငါးများ၊ ငါးအသားလွှာများနှင့် အခြားငါးအသားများ၊ ပုစွန်များ၊ ခရုများ၊ ရေနေသတ္တဝါများ၊ ငါးဥများ၊ စည်သွပ်ငါးများ၊ စည်သွပ်ပုစွန်နှင့် ခရုများတို့ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်ပထမဆယ်လတွင် ရုရှားရေထွက်ကုန်များတင်ပို့မှုပမာဏသည် တန်ချိန် ၁.၉ သန်း ခန့်ရှိပြီး ၂၀၂၂ ခုနှစ်၊ အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်းတိုးတက်လာကြောင်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄.၈ ဘီလျံအထိရောက်ရှိခဲ့ကြောင်း အဆိုပါအေဂျင်စီ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားပါသည်။

အဓိကတင်ပို့သည့်ရေထွက်ကုန်များမှာ အေးခဲထားသောငါးများ၊ ငါးအသားလွှာများနှင့် အခြားငါးအသားများ၊ ပုစွန်များ၊ ခရုများနှင့် ရေနေသတ္တဝါများဖြစ်ပါသည်။

ထို့အပြင် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ ရေထွက်ကုန်တင်ပို့မှုပမာဏသည် ပြီးခဲ့သည့်ဆယ်လအတွင်း နှစ်ဆတိုးလာခဲ့ပြီး တန်ချိန် ၉၄၄,၀၀၀ အထိရောက်ရှိလာခဲ့ကြောင်း၊ ရုရှားနှင့် တရုတ်နိုင်ငံ အကြား ရေထုတ်ကုန်များအပြန် အလှန်ကုန်သွယ်မှုပမာဏသည် ၂၀၂၂ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၉၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး တန်ချိန် ၁ သန်းအထိ ရောက်ရှိခဲ့ကြောင်း ယင်းအေဂျင်စီက မှတ်ချက်ပြုခဲ့သည်။

Source :  https://tass.ru/ekonomika/19231295

              https://fishnews.ru/news/48598

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News