Local News

မအူပင်မြို့နယ်တွင် ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသည့် ကြက်သွန်နီများ အ‌ရောင်းအဝယ်ကောင်းနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသည့် ကြက်သွန်နီများ အရောင်းအဝယ်ကောင်းနေကြောင်း မအူပင်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သီရိက ပြောပြ၍ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်သို့ ရှမ်းပြည်နယ်မှထွက်ရှိသည့် ကြက်သွန်နီများ ပုံမှန်ဝင်ရောက်လျက်ရှိပြီး နိုဝင်ဘာလ ပထမပတ်မှစတင်၍ အရောင်းအဝယ်ကောင်းနေကြောင်း၊ ယခုလက်ရှိ ကြက်သွန်နီ ပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၄၀၀၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

“ရှမ်းပြည်နယ်မှာ အရင်နှစ်တွေကထက် ဒီနှစ် ကြက်သွန်နီတွေ အထွက်နှုန်းနည်းနေတယ်လို့ သိရပါတယ်။ အထွက်နှုန်းနည်းနေပေမဲ့ ပုံမှန်ဝင်‌ရောက်နေပါတယ်။ အခြားဒေသတွေကနေ ဧရာဝတီတိုင်းဒေသကြီးဘက်ကို ကြက်သွန်နီတင်ပို့တာလဲနည်းတယ်။ လက်ရှိပေါက်နေတဲ့ ကြက်သွန်နီဈေးကလဲ သင့်တင့်တယ်လို့ ပြောရမယ်။ လက်ရှိ ပိဿာချိန်တော်တော်များများ အရောင်းအဝယ်ဖြစ်နေတယ်။ ပွင့်လင်းရာသီ ရောက်လာတာနဲ့အမျှ ကြက်သွန်နီက အရောင်းအဝယ်တော်တော်ကောင်းနေပါတယ်။ လက်ရှိ ပိဿာချိန် ၁၀၀၀ နဲ့အထက်မှာပဲ အရောင်းအဝယ်ဖြစ်နေပါတယ်” ဟု မအူပင်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သီရိက ပြောပြသည်။

မအူပင်မြို့နယ်တွင် ယခုလက်ရှိ တစ်ရက်လျှင် ကြက်သွန်နီ ပိဿာချိန် ၁၀၀၀ မှ ၁၄၀၀ ထိ အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကြက်သွန်နီများ အရောင်းအဝယ်ကောင်းနေခြင်းကြောင့် ကြက်သွန်နီစိုက်ပျိုးသူများ၊ ကုန်စည်သယ်ယူတင်ပို့သည့် လုပ်ငန်းရှင်များ၊ ကုန်တင်၊ ကုန်ချလုပ်သားများ အလုပ်အကိုင်ကောင်းနေကြောင်း ၎င်းကဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News