International News

ကော်လ်ကတ္တားမြို့အခြေစိုက်စီးပွားရေးကွန်ယက်အဖွဲ့ EVO Connect ၏ အခန်းကဏ္ဍသစ် (New Chapter) ဖွင့်လှစ်ပွဲသို့ စီးပွားရေးသံမှူးတက်ရောက်

Last Updated:

ကော်လ်ကတ္တားမြို့အခြေစိုက်စီးပွားရေးကွန်ယက်အဖွဲ့ EVO Connect ၏အခန်းကဏ္ဍသစ်(New Chapter) ဖွင့်လှစ်ပွဲကို ယခုလ ၉ ရက်၊ ညနေ ၅ နာရီ ၃၀ မိနစ်မှ ၉ နာရီအထိ အမှတ် ၃၅၆၊ Canal လမ်း၊ နာရီစင်အဆောက် အဦး(Clock tower) တတိယထပ်ရှိ Adharv Banquet ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အထူးဧည့်သည်တော်အဖြစ် စီးပွားရေးသံမှူးပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါ EVO Connect အဖွဲ့သည့် အဖွဲ့ဝင်များ၏စီးပွားရေးကွန်ယက်ချိတ်ဆက်ခြင်း၊ ချဲ့ထွင်ခြင်းနှင့်အချင်းအချင်းရင်းနှီးမှုရရှိအောင်ဆောင်ရွက်ပေးခြင်း(Networking, Business, Socializing)တို့အတွက် အဓိကရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ Chapter တစ်ခုလျှင် အဖွဲ့ဝင်ဦးရေ (၅၀)ခန့်ပါဝင်ပြီး၊ တစ်လလျှင် (၂)ကြိမ်ပုံမှန်တွေ့ဆုံခြင်းအပြင် အခြားစီးပွားရေးမြှင့်တင်မှုလုပ်ဆောင်ချက်များပြုလုပ်ခြင်းနှင့် ယခုကဲ့သို့ အခါအားလျော်စွာ ပြင်ပမှ အထူးဧည့်သည်တော်များဖိတ်ကြား၍ ဟောပြောဝေမျှသည့် အခမ်းအနားများကျင်းပခြင်း၊ လူမှုကွန်ယက်အသုံးပြု၍ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ကြော်ငြာချိတ်ဆက်ပေးခြင်းများ ပြုလုပ်ကြောင်း သိရပါသည်။

အဆိုပါအဖွဲ့၏ပထမဦးဆုံးအခန်းကဏ္ဍ EVO Royal ကို လွန်ခဲ့သော (၆)လခန့်က စတင်ဖွင့်လှစ်ခဲ့ပြီး အဖွဲ့ဝင်ပေါင်း (၅၀)သို့ရောက်ရှိခဲ့ပြီဖြစ်သည့်အတွက် ယခုအခါ အခန်းကဏ္ဍသစ် EVO Victory ကို စတင်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် လက်ရှိ Chapter တွင် ယခုအချိန်အထိ အဖွဲ့ဝင်(၁၈)ဦးခန့်ရရှိထားပြီးဖြစ်ကြောင်း သိရပါသည်။ ၎င်းတို့၏ စီးပွားရေးကွန်ယက်ကို ယခုနှစ်ကုန်တွင် အဖွဲ့ဝင်ပေါင်း (၃၅၀) ရရှိရန်နှင့် လာမည့် ၂၀၂၄ ခုနှစ်၊ နှစ်ကုန်တွင် အဖွဲ့ဝင်ပေါင်း (၂၅၀၀)နှင့် အခန်းကဏ္ဍပေါင်း (၂၆) ခုအထိ တိုးချဲ့သွားနိုင်ရန် မျှော်မှန်းထားကြောင်း သိရပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ EVO Connect ၏တည်ထောင်သူ Mr.LAKSHYYA JAISWAL၊ EVO Royal ဥက္ကဌ Mr.Pashupati Kundu နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း(၂၅)ဦးခန့်တက်ရောက် ခဲ့ကြကြောင်း သိရှိရပါသည်။

အဆိုပါ EVO Connect ကဲ့သို့ကွန်ယက်အဖွဲ့အစည်းများကို တည်ထောင်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း ရင်းနှီးမှုရရှိပြီး ကွန်ယက်ချဲ့ထွင်နိုင်ခြင်း အကျိုးကျေးဇူးများစွာရရှိနိုင်ပါသဖြင့် မြန်မာနိုင်ငံရှိ MSME လုပ်ငန်းများအနေဖြင့် ယင်းကဲ့သို့အဖွဲ့အစည်းကွန်ယက်များတည်ထောင်၍ စုစည်းလုပ်ကိုင်ဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News