ဂျပန်နိုင်ငံဟာ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)အားဖြင့် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့ပဉ္စမမြောက်ပို့ကုန်အများဆုံးတင်ပို့သူနှင့် ကမ္ဘာ့စတုတ္ထမြောက် သွင်းကုန်အများဆုံး တင်သွင်းသူလည်းဖြစ်ပါ တယ်။ ဂျပန်နိုင်ငံဟာ ကမ္ဘာ့ ၁၁ နိုင်ငံမြောက် လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ ၁၂၆.၁၅ သန်းရှိပါတယ်။ ဂျပန်နိုင်ငံတွင် စိုက်ပျိုးနိုင်သော မြေဧရိယာမှာ စုစုပေါင်းမြေဧရိယာရဲ့ ၁၁.၅ ရာခိုင်နှုန်းသာရှိသည့်အတွက် နိုင်ငံ့လူဦးရေအတွက် လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်နိုင်မှုမရှိဘဲ အခြားသောနိုင်ငံများမှ တင်သွင်းရလျက်ရှိပါတယ်။
လက်ရှိမှာ ဂျပန်နိုင်ငံအနေနဲ့ စားနပ်ရိက္ခာလိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းကျော်ကို ပြည်ပမှ တင်သွင်းနေရပြီး၊ ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုနှုန်းမှာ ၃၈ ရာခိုင်နှုန်းသာရှိသည့်အတွက် စားနပ်ရိက္ခာဖူလုံစေရေးအတွက် စိန်ခေါ်မှုများကြုံတွေ့လျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ဆန်ဖူလုံမှုအချိုးမှာ ၉၈ ရာခိုင်နှုန်း၊ ဂျုံဖူလုံမှုအချိုးမှာ ၁၇ ရာခိုင်နှုန်း၊ပဲအမျိုးမျိုးဖူလုံမှုအချိုးမှာ ၈ ရာခိုင်နှုန်း၊ ဟင်းသီးဟင်းရွက်ဖူလုံမှုအချိုးမှာ ၇၉ ရာခိုင်နှုန်းနှင့် သစ်သီးဖူလုံမှုအချိုးမှာ ၃၉ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
ဂျပန်နိုင်ငံရဲ့ ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုနှုန်းဟာ စက်မှုထွန်းကားသည့်နိုင်ငံများတွင် အနိမ့်ဆုံးနှုန်းလည်းဖြစ်ပါတယ်။ဂျပန်နိုင်ငံအနေနဲ့ နိုင်ငံအတွင်းစားနပ်ရိက္ခာဖူလုံစေရေးအတွက် ပြည်ပမှ စားသောက်ကုန်များ တင်သွင်းနိုင်မှုအပေါ် အလွန်အမင်းမူတည်အားထားနေရတဲ့အတွက် စားနပ်ရိက္ခာဖူလုံရေးကို အမျိုးသားလုံခြုံရေးအတွက် အရေးပါသည့်လုပ်ငန်းစဉ်တစ်ရပ်အဖြစ် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။
ဂျပန်နိုင်ငံရဲ့ စားသောက်ကုန်နဲ့အဖျော်ယမကာဈေးကွက်ဟာ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၃၅ ဘီလီယံရှိခဲ့ပြီး ကမ္ဘာ့အဆင့် ၃ နေရာမှာရှိခဲ့ပါတယ်။ ထုတ်ပိုးပြီး အသင့်စားစားသောက်ကုန်ဈေးကွက်တန်ဖိုးမှာ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၁၆ ဘီလီယံနီးပါးရှိခဲ့ပါတယ်။ စားသောက်ကုန်တင်သွင်းမှုအနေနဲ့ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၆ ဘီလီယံရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံအနေဖြင့် လယ်ယာထုတ်ကုန်များကို အမေရိကန်၊ တရုတ်၊ ဩစတြေးလျ၊ ကနေဒါ၊ ထိုင်းနှင့် ဘရာဇီးနိုင်ငံတို့မှ အဓိကတင်သွင်းလျက်ရှိပါတယ်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁,၂၁၉.၂၇၄ သန်းတန်ဖိုးရှိ ကုန်စည်များတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၁.၉၈၅ သန်းမှာ လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပါတယ်။ ထို့ကြောင့် လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှာ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ စုစုပေါင်းတင်ပို့မှု၏ ၂.၆၂ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၈၆၃.၀၀၆ သန်းတန်ဖိုးရှိ ကုန်စည်များတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၂.၃၄၃ သန်းမှာ လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပါတယ်။ ထို့ကြောင့် လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှာ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ စုစုပေါင်းတင်ပို့မှု၏ ၂.၅၉ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
ဂျပန်နိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ စားသောက်ကုန်များကို အာရှ(၃၃.၃%)၊ အာဆီယံ (၁၄.၈၇%)၊ အီးယူ(၁၄.၂%)၊ တရုတ်(၁၂.၃၃%)နှင့် အမေရိကန်(၅.၆%)တို့မှ အများဆုံးတင်သွင်းခဲ့ပါတယ်။ အဓိက တင်သွင်းခဲ့တဲ့စားသောက်ကုန်များမှာ ပြောင်း၊ ဝက်သား၊ အမဲသား၊ ဂျုံ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲပိစပ်နှင့် အေးခဲအသီးအနှံများဖြစ်ပါတယ်။ တင်သွင်းသည့်ကုန်စည်များကို အဓိကအားဖြင့် ဈေးဝယ်စင်တာများ၊ Convenience Stores များတွင် ရောင်းချလျက်ရှိပြီး တင်သွင်းကုန်စည်များ၏ လက်လီဈေးနှုန်းမှာ ဂျပန် ပြည်တွင်းထုတ်ကုန်စည်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းမှာ ၂ ဆကျော် များပြားလျက်ရှိသည်ကို တွေ့ရှိရပါတယ်။ ဂျပန်နိုင်ငံတွင် လက်ရှိကုန်စည်ဖြန့်ဖြူးမှုပုံစံမှာ တင်သွင်းသူအနေဖြင့် လက်ကားဆိုင်များနှင့် အများဆုံးချိတ်ဆက်၍သာ ဖြန့်ဖြူးလျက်ရှိပြီး လက်ကားရောင်းချသူများမှ တစ်ဆင့်သာ လက်လီဖြန့်ဖြူးရောင်းချလျက်ရှိပါတယ်။
နိုင်ငံတကာမှ စားသောက်ကုန်ကုမ္ပဏီများအနေဖြင့် ဂျပန်နိုင်ငံတွင် ကိုယ်ပိုင်ရုံးခွဲဖွင့်လှစ်ဆောင်ရွက်ခြင်း၊ ကိုယ်စားလှယ်ခန့်ထားဆောင်ရွက်ခြင်းတို့ဖြင့်လည်း လက်လီလုပ်ငန်းများသို့ တိုက်ရိုက်ဖြန့်ဖြူးရောင်းချနိုင်မှာ ဖြစ်ပါတယ်။ ဈေးကွက်လေ့လာဆန်းစစ်ချက်အရ လက်လီလုပ်ငန်းများသို့ တိုက်ရိုက်ရောင်းချနိုင်ခြင်းဖြင့် ဝယ်လို အား ပိုမိုများပြားပြီး ကုန်စည်တင်ပို့နိုင်မှုမြင့်မားနိုင်သည်ကို တွေ့ရှိရပါတယ်။ လက်လီလုပ်ငန်းများသို့ တိုက်ရိုက်ချိတ်ဆက်ရောင်းချနိုင်ခြင်းဖြင့် ကုန်စည်ဈေးနှုန်းကို ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ သက်သာစေတာကို တွေ့ရှိရပါတယ်။ သို့သော် လက်လီလုပ်ငန်းများကိုသာ တိုက်ရိုက်တင်ပို့ရောင်းချမည်ဆိုပါက ဈေးကွက်ဖြန့်ကျက်နိုင်မှုမှာ Trading Company မှတစ်ဆင့် ဖြန့်ဖြူးခြင်းလောက် ကျယ်ပြန့်နိုင်မည်မဟုတ်သည့်အတွက် အဓိကလက်လီဝယ်လက် ၁ ဦး(သို့မဟုတ်) ၂ ဦးနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး Major Trading Company ၁ ခု(သို့မဟုတ်) Importer ၁ ဦးနှင့် ချိတ်ဆက်ခြင်းဖြင့် Hybrid Model ကို အသုံးပြုဆောင်ရွက်သင့်ပါတယ်။
ဂျပန်နိုင်ငံတွင် စားသောက်ကုန်အဓိကတင်သွင်းလျက်ရှိတဲ့ ကုမ္ပဏီများမှာ Itochu Corporation ၊ Mitsubishi Shokuhin ၊ Mitsui Shokuhin ၊ Wismettac ၊ Suzusho၊ Tomoe ၊ Yutaka Sangyo ၊ Kataoka Bussan ၊ Nichifutsu Boeki နှင့် NIS တို့ဖြစ်ပြီး၊ စားသောက်ကုန်လက်ကားဖြန့်ဖြူးလျက်ရှိသည့် လုပ်ငန်းများမှာ Mitsubishi Shokuhin ၊ Nippon Access ၊ Kokubu Group ၊ Kato Sangyo၊ Mitsui Foods နှင့် Tomoshia Holdings တို့ဖြစ်ကြပါတယ်။
လက်ရှိတွင် ဂျပန်စားသောက်ကုန်ကဏ္ဍတွင် လူကြိုက်များလျက်ရှိသည့် ကုန်စည်များမှာ ကျန်းမာရေးအထောက် အကူပြုစားသောက်ကုန်များ၊ အာရှဒေသထွက်အစားအစာများဖြစ်ပြီး၊ အဆင်ပြေလွယ်ကူစွာ ဝယ်ယူ၊ သယ်ဆောင် နိုင်သည့် Small Pack Sizes များကို ပိုမိုကြိုက်နှစ်သက်ကြပါတယ်။
ဂျပန်နိုင်ငံသို့ စားသောက်ကုန်တင်ပို့သူများအနေဖြင့် အဓိကကြုံတွေ့နေရသည့် စိန်ခေါ်မှုများမှာ ဈေးကွက်ဝယ်လိုအားနှင့် ဈေးကွက်အလားအလာ၊ ယှဉ်ပြိုင်နိုင်စွမ်း၊ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်း၊ ကုန်စည်အရည် အသွေး၊ ဂျပန်နိုင်ငံ၏ စားသောက်ကုန်ဆိုင်ရာ စံနှုန်းများ၊ ငွေလဲလှယ်နှုန်း၊ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်နှင့် ဂျပန်လူမျိုးများ၏ ရှေးရိုးဆန်ပြီး ပြောင်းလဲမှုကို မလိုလားသော အစွဲအလမ်းကြီးသည့်ပုံစံတို့ဖြစ်ပါတယ်။
ဂျပန်ဈေးကွက်သို့ အောင်မြင်စွာ တင်ပို့ရောင်းချလိုပါက တစ်မူထူးခြားသော ကုန်စည်ဖြစ်ရန်လိုအပ်ပြီး၊ အရသာ၊ ထုတ်ပိုးမှုနှင့်ဒီဇိုင်းတို့မှာလည်း ဂျပန်လူမျိုးများကြိုက်နှစ်သက်သည့် ပုံစံဖြစ်ရန်လိုအပ်မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံရှိ Top Trading Company၊ Top Importer နှင့် Top Retailer များကို ရွေးချယ်၍ တင်ပို့ခြင်း၊ ကုန်စည်ကို အရောင်းမြှင့်တင်မှုများဆောင်ရွက်ခြင်းတို့ဖြင့် ဈေးကွက်ထိုးဖောက်နိုင်မှာ ဖြစ်ပါတယ်။
ဂျပန်ဈေးကွက်သို့ အောင်မြင်စွာ ထိုးဖောက်နိုင်ရေးအတွက် စူးစိုက်ဆောင်ရွက်မှုနှင့် ရေရှည်တစိုက်မတ်မတ်ဆောင်ရွက်ရန်လိုအပ်ပါတယ်။ ဂျပန်လူမှုအသိုက်အဝန်းအနေဖြင့် ကျွမ်းကျင်မှုနှင့် အရည်အသွေးကို တန်ဖိုးထားကြပြီး ထိုသို့ကျွမ်းကျင်မှုနှင့် အရည်အသွေးအတွက်လည်း သတ်မှတ်တန်ဖိုးကို လိုလားစွာဝယ်ယူသုံးစွဲကြသည်ကို တွေ့ရှိရပါတယ်။ ဂျပန်နိုင်ငံတွင် ဈေးကွက်ထိုးဖောက်ရန်အတွက် သုံးစွဲသူအုပ်စု(Specific Consumer)ကို သတ်မှတ်၍ ရောင်းချခြင်း (သို့မဟုတ်) ကုန်စည်အမျိုးအစား သီးသန့်သတ်မှတ်၍ (Specific Product) ရောင်းချ ခြင်းဖြင့် လုပ်ငန်းများ ရေရှည်အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
မိမိထိုးဖောက်လိုသည့် ကုန်စည်နှင့်စပ်လျဉ်း၍ သုံးစွဲသူ၏ လိုအပ်ချက်၊ လိုလားချက်နှင့် အခက်အခဲကို ကောင်းစွာ သိရှိခြင်း၊ နေထိုင်စားသောက်မှုပုံစံနှင့် သဘောထားအမြင်များကို နက်နဲစွာသိရှိခြင်းသည် ဈေးကွက်ထိုးဖောက်ရာတွင် အရေးကြီးသောအချက်ဖြစ်သည်ကို တွေ့ရှိရပါတယ်။ ဂျပန်နိုင်ငံရှိ သုံးစွဲသူများအနေဖြင့် ကုန်စည်တွင် ပါဝင်သည့် ပစ္စည်းများနှင့် သွင်ပြင်လက္ခဏာ (Product Features) နှင့်အခြားသောကုန်စည်များနှင့် ယှဉ်ပြိုင်နိုင်မှု မြင့်မားစေသည့် အားသာချက်များ (Advantages)ထက် မည်သို့သော ကောင်းကျိုးများ(Benefits) ရရှိနိုင်မည်ကို ပိုမို၍ အလေးထားကြသည်ကို တွေ့ရှိရပါတယ်။
ဂျပန်နိုင်ငံဟာ နေရာအားဖြင့် ကျယ်ဝန်းပြီး ပြည်နယ်၊ ဒေသများလည်း များပြားသဖြင့် မည်သည့်နေရာဒေသကို ရွေးချယ်၍ ဈေးကွက်ထိုးဖောက်မည်ကိုလည်း သေချာစွာသုံးသပ်၍ Sales Channels ရွေးချယ်ရန် လိုအပ်မှာဖြစ်ပါတယ်။ ဂျပန်ဈေးကွက်သည် ယှဉ်ပြိုင်နိုင်စွမ်းအလွန်မြင့်မားသည့် ဈေးကွက်ဖြစ်သည့်အားလျော်စွာ ဈေးကွက်အတွင်းမဝင်ရောက်မီ မိမိ၏ကုန်စည်သည် ဈေးကွက်အတွင်း ဝင်ဆံ့နိုင်သည့် အရည်အသွေးဖြစ်စေရန်နှင့် ကုန်စည်၏ အရည်အသွေးကို သေချာစွာ စဉ်ဆက်မပြတ်ထိန်းသိမ်းထားနိုင်ရန် အထူးအလေးထားဆောင်ရွက်သင့် ပါတယ်။
ဂျပန်နိုင်ငံသည် အရည်အသွေးအပြင် ယုံကြည်မှုနှင့် ဝန်ဆောင်မှုကိုလည်း အထူးအလေးထားသော နိုင်ငံဖြစ်သည့် အားလျော်စွာ ဂျပန်ဈေးကွက်သို့ ကာလကြာရှည်အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်လိုသူများအနေဖြင့် ဈေးကွက်အခြေအနေကို ကောင်းစွာနားလည်သိရှိရန်နှင့်ဝယ်ယူသူများ၏ အလေ့အထနှင့်ဓလေ့စရိုက်များကို နားလည်သိရှိစေရန်အတွက် On Ground Team ဖွဲ့စည်းထားရှိမည်ဆိုပါက ဈေးကွက်ကို ပိုမိုထိုးဖောက်ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ လုပ်ငန်းများအနေဖြင့် On Ground Team မထားရှိနိုင်ပါက On Ground Team ရှိပြီးသား လုပ်ငန်းများနှင့် ချိတ်ဆက်၍ ကုန်စည်များထိုးဖောက်နိုင်ရေးဆောင်ရွက်ခြင်းဖြင့် ဈေးကွက်ကို လျင်မြန်စွာထိုးဖောက်နိုင်မှာ ဖြစ်ပါတယ်။
ဂျပန်ဈေးကွက်သည် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသလို ဆုံးရှုံးနိုင်ခြေလည်း မြင့်မားသည့်အတွက် အောင်မြင်စွာ ထိုးဖောက်နိုင်ရေးအတွက် ကာလရှည်ကြာဆောင်ရွက်ရန် လိုအပ်သည့်အပြင် စိတ်ရှည်မှု၊ ဇွဲရှိမှုတို့လိုအပ်မှာဖြစ်ပါကြောင်း လေ့လာတင်ပြလိုက်ရပါတယ်။
မြန်မာသူဇာ(စီးပွားရေးသံမှူး၊ တိုကျိုမြို့)