(OECD)နှင့် အရှေ့တောင်အာရှဒေသရှိ နိုင်ငံများ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေ
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း(The Organization for Economic Co-operation and Development-OECD)ကို ၁၉၆၀ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံ (၃၈) နိုင်ငံရှိပါသည်။ လက်ရှိတွင် Key Partners အဖြစ် ဘရာဇီးလ်၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် တောင်အာဖရိကနိုင်ငံများကို သတ်မှတ်ထားပါသည်။ အဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမှာ ကမ္ဘာ့စုစုပေါင်းကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု၏ ၈၀ ရာခိုင်နှုန်းကို ကိုယ်စားပြုလျက်ရှိပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများရရှိစေရေးအတွက် OECD အနေဖြင့် အဖွဲ့ဝင်နိုင်ငံများအပြင် အဖွဲ့ဝင်မဟုတ်သည့်နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ OECD အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ပြီဖြစ်ပြီး OECD Southeast Asia Regional Programme(SEARP)ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါအစီအစဉ်အရ ရည်မှန်းချက်(၃)ရပ်ဖြစ်သည့် Regional Integration ၊ Domestic Reform နှင့် OECD Engagement ရရှိစေရေးအတွက် စီးပွားရေးအရ ကြံ့ခိုင်ရည်ရှိမှုကို မြှင့်တင်နိုင်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်များ ပိုမိုလွယ်ကူချောမွေ့လာစေရေး၊ အစိမ်းရောင်နှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းစေရေး၊ ပုဂ္ဂလိကကဏ္ဍအားကောင်းလာစေရေးအတွက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ OECD ၏ Key Partners ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၁၅ ခုနှစ်၌ OECD ကိုယ်စားလှယ်ရုံးကို ဖွင့်လှစ်နိုင်ခဲ့ပြီး OECD နှင့် အင်ဒိုနီးရှား၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင်စသည့်နိုင်ငံများနှင့် နိုင်ငံအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
OECD မှ ကောက်ယူခဲ့သည့် Economic Survey of Japan 2024
ဂျပန်နိုင်ငံ၏ Real GDP Growth Rate မှာ ၂၀၂၃ ဘဏ္ဍာနှစ်တွင် ၁.၉ ရာခိုင်နှုန်းရှိနိုင်ပြီး ၂၀၂၄ ဘဏ္ဍာနှစ်တွင် ၁ ရာခိုင်နှုန်းရှိနိုင်မည်ဖြစ်ပါသည်။ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၃ ဘဏ္ဍာနှစ်တွင် ၃.၂ ရာခိုင်နှုန်းရှိနိုင်ပြီး ၂၀၂၄ ဘဏ္ဍာနှစ်တွင် ၂.၆ ရာခိုင်နှုန်းရှိနိုင်မည်ဖြစ်ပါသည်။ ဂျပန်အစိုးရ၏ ကြွေးမြီမှာ ၂၀၂၃ ဘဏ္ဍာနှစ်တွင် GDP ၏ ၂၄၃.၅ ရာခိုင်နှုန်းနှင့် ၂၀၂၄ ဘဏ္ဍာနှစ်တွင် GDP ၏ ၂၄၃.၃ ရာခိုင်နှုန်းရှိနိုင်မည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံအနေဖြင့် ဘဏ္ဍာရေးတည်ငြိမ်မှုသေချာစေရေး၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်နိုင်ရေး၊ လူဦးရေတိုးပွားလာစေရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုများ ကျော်လွှားနိုင်ရေး စသည့်စိန်ခေါ်မှု(၄)ခုကို အဓိကကြုံတွေ့နေရပါသည်။ ဘဏ္ဍာရေးတည်ငြိမ်မှုသေချာစေရေးအတွက် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ ဂျပန်နိုင်ငံတွင် ဆေးရုံ၌ ကာလရှည်ကြာနေထိုင်စေ၍ ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိခြင်းသည် ကျန်းမာရေးဆိုင်ရာ ကုန်ကျ စရိတ်များကို မြင့်တက်စေပြီး OECD အဖွဲ့ဝင်နိုင်ငံများနှင့်နှိုင်းယှဉ်ပါက ၃ ဆကျော်မြင့်မားလျက်ရှိသည်ကို တွေ့ရှိရသည့်အတွက် ကာလရှည်ကြာကျန်းမာရေးစောင့်ရှောက်မှုကို Long term home care စနစ်သို့ ပြောင်းလဲမည်ဆိုပါက ကုန်ကျစရိတ်များလျှော့ချနိုင်မည်ဖြစ်ပါသည်။ လက်ရှိတွင် ဂျပန်နိုင်ငံ၏ စားသုံးခွန်(Consumption Tax)မှာ OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးနှုန်းထဲ၌ ပါဝင်သောကြောင့် စားသုံးခွန်တိုးမြှင့်ကောက်ခံခြင်းဖြင့် ဘဏ္ဍာငွေများတိုးမြှင့်ရရှိနိုင်မည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုအခြေအနေမှာ OECD နိုင်ငံများ၏ ပျမ်းမျှနှုန်းထက် လျော့နည်းလျက်ရှိပြီး SMEs လုပ်ငန်းများအားလုံးကို ပံ့ပိုးပေးခြင်းထက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်ထုတ်လုပ်မှုကို အဓိကမြှင့်တင်ပေးနိုင်မည့် လုပ်ငန်းများကို အဓိကထားပံ့ပိုးဆောင်ရွက်သင့်ပါသည်။
ဂျပန်နိုင်ငံတွင် အသက် ၆၅ နှစ်အထက် လူဦးရေမှာ ၂၀၂၂ ခုနှစ်တွင် ၂၉ ရာခိုင်နှုန်းရှိပြီး၂၀၅၀ ပြည့်နှစ်တွင် ၅၄ ရာခိုင်နှုန်းအထိ ဆက်လက်မြင့်တက်နိုင်သည့်အတွက် အစိုးရအနေဖြင့် ကလေး မွေးဖွားနှုန်းတိုးမြှင့်နိုင်ရေးအတွက် ကလေးသူငယ်စောင့်ရှောက်ခွင့်(Parental Leave) ကာလတိုးမြှင့် သတ်မှတ်ပေးသင့်ပါသည်။
ဂျပန်အစိုးရအနေဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏလျှော့ချနိုင်ရေးဆောင်ရွက်လျက်ရှိသော်လည်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှုကို မြှင့်တင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်ပါသည်။
အဓိကအားဖြင့် ဂျပန်နိုင်ငံအနေဖြင့် လူဦးရေတိုးပွားစေရေးအစီအမံများအတွက် အသုံးစရိတ်များကျခံသုံးစွဲနိုင်ရေး ဆောင်ရွက်ရန်လိုသကဲ့သို့ နိုင်ငံ့ကြွေးမြီအတွက် လိုအပ်သည့် အခွန်ဘဏ္ဍာများရရှိစေရေးအတွက် အခွန်တိုးမြှင့်ကောက်ခံခြင်းနှင့် ဘဏ္ဍာရေးမူဘောင်များ ပိုမိုအားကောင်းလာစေရေးဆောင်ရွက်သွားရန်၊ ကလေးမွေးဖွားနှုန်းတိုးမြှင့်နိုင်မည့် အစီအမံများရေးဆွဲခြင်း၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများလုပ်ငန်းခွင်တွင် ဝင်ရောက်နိုင်ရေးဆောင်ရွက်ပေးခြင်းနှင့် ပြည်ပမှ လုပ်သားများဆွဲဆောင်ဖိတ်ခေါ်ခြင်းတို့ဖြင့် ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှုကို မြှင့်တင်ရန်၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ ကာဗွန်သုံးစွဲမှုအပေါ် အခွန်ကောက်ခံရန်၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချနိုင်မည့် အစီအမံများဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။
မြန်မာသူဇာ(စီးပွားရေးသံမှူး၊ တိုကျိုမြို့)