International News

ယူအေအီးနိုင်ငံအခြေစိုက် DP World ရေကြောင်းဝန်ဆောင်မှုလုပ်ငန်းမှ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ကို ချဲ့ထွင်သည့်အနေဖြင့် ကိုလံဘီယာ-ပနားမားရေလမ်းကြောင်းသစ်ကို စတင်ဆောင်ရွက်

Last Updated:

DP World ရေကြောင်းဝန်ဆောင်မှုလုပ်ငန်း၏ပင်မအစိတ်အပိုင်းတစ်ခုဖြစ်သည့် Unifeeder အုပ်စုမှ ကိုလံဘီယာရှိ ဆိပ်ကမ်းလေးခုနှင့် ပနားမားရှိ မန်ဇန်နီလိုဆိပ်ကမ်းများတို့အား တိုက်ရိုက်ဆက်သွယ်မည့် ဝန်ဆောင်မှုအသစ်ကိုစတင်လိုက်ပြီဖြစ်ပြီး အမေရိကဒေသရှိ သစ်သီးဝလံထုတ်လုပ်တင်ပို့သူများအတွက် ပို့ကုန်လမ်းကြောင်းအသစ်တစ်ခုအဖြစ် ထပ်မံတိုးချဲ့ခဲ့ပါသည်။ ၎င်းဝန်ဆောင်မှုကို ကမ္ဘာပေါ်ရှိ ထိပ်တန်းဒေသပေါင်းစုံအတွက် ကွန်တိန်နာသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများအနက် တစ်ခုဖြစ်သည့် Unifeeder အုပ်စုမှ စီမံခန့်ခွဲသွားမည်ဖြစ်ပါ သည်။

အဆိုပါလမ်းကြောင်းသစ်သည် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင်စတင်ခဲ့သော အိန္ဒိယအရှေ့အလယ်ပိုင်းဝန်ဆောင်မှု (IMS)၏ အစပျိုးဆောင်ရွက်ချက်တစ်ရပ်ဖြစ်ပြီး၊ ခေတ်မီဆန်းသစ်သော နာဗာရှီဗာနှင့် မွန်ဒရာကုန်သင်္ဘောဆိပ်ကမ်းများမှ ယူအေအီးနိုင်ငံရှိ ဂျက်ဘံအလီဆိပ်ကမ်းသို့ ဝန်ဆောင်မှုများအား အပတ်စဉ်မိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၎င်းလမ်းကြောင်းတွင်အပတ်စဉ်တိုင်း ပေ ၂၀ ကွန်တိန်နာပေါင်း ၁,၇၀၀ သည် အိန္ဒိယ၏ အနောက်ဘက်ကမ်းနှင့် အရှေ့အလယ်ပိုင်းဒေသအကြား သယ်ယူပို့ဆောင်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အိန္ဒိယနှင့်ယူအေအီးအကြား ကုန်သွယ်မှုဆက်ဆံရေးကို အားကောင်းလာစေမည်ဖြစ်ကာ ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(CEPA)၏တစ်စိတ်တစ်ပိုင်းအဖြစ် ကြီးမားသောရည်မှန်းချက်များကို ပံ့ပိုးပေးလျက်ရှိကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

ကိုလံဘီယာ-ပနားမားဝန်ဆောင်မှုလုပ်ငန်းသစ်သည် ပနားမားရှိ တာဘို၊ ဆန်တာမာတာ၊ ကာတာဂီနာ၊ ဘာရန်ကီလာနှင့်မန်ဇန်နီလိုစသည့် မြောက်ကိုလံဘီယာဆိပ်ကမ်းများအကြား ကွန်တိန်နာသင်္ဘောဖြင့် ကုန်တင်ပို့သူများအတွက် အကောင်းဆုံးလွှမ်းခြုံပေးစွမ်းပြီး လျင်မြန်သောအကူးအပြောင်းအချိန်များကို ပေးဆောင်သွားမည်ဖြစ်ကာ အထူးသဖြင့် လတ်ဆတ်သောသစ်သီးဝလံများကဲ့သို့သော အချိန်မီပို့ဆောင်ရမည့်ပို့ကုန်များနှင့် ဆက်ဆံဆောင်ရွက်ရသည့် ကုမ္ပဏီများအတွက် ပို့ကုန်တင်ပို့ရန် အထူးဝန်ဆောင်ပေးသွားမည်ဖြစ်ပါသည်။

အဆိုပါဝန်ဆောင်မှုသည် အချက်အချာကျသောဆိပ်ကမ်းများတွင် ပြောင်းလွယ်ပြင်လွယ်သော လမ်းကြောင်းတစ်ခုကို ထပ်မံပေါင်းစည်းထည့်သွင်းထားခြင်းဖြစ်ပြီး အပိုကုန်သင်္ဘောဆိပ်ကမ်းများကို ခွင့်ပြုထားပါသည်(ကုန်တင်ပမာဏလုံလောက်စွာရရှိပြီး အဆင်သင့်ဖြစ်ပါက သင်္ဘောများမှ ဆိပ်ကမ်းသို့ ကြိုတင်စာရင်းသွင်းရန်ဖုန်းခေါ်ဆိုရပါမည်)။ ၎င်းလမ်းကြောင်းအသစ်ကို စတင်လိုက်ခြင်းသည် DP World နှင့် Unifeeder တို့မှ နိုင်ငံတကာကုန်သွယ်မှုအခင်းအကျင်း၏ တိုးတက်ပြောင်းလဲနေသော တောင်းဆိုချက်များကိုတုံ့ပြန်ရန်အတွက် ထိရောက်သော၊ ယုံကြည်စိတ်ချရပြီး ပြည့်စုံသော ပို့ဆောင်ရေးဖြေရှင်းချက်များအား ပေးအပ်ရန် ကတိကဝတ်များကို ပြသထားခြင်းဖြစ်ပြီး၊ အစမှအဆုံးထောက်ပံ့ရေးကွင်းဆက်များ၏ ရှုပ်ထွေးသောစိန်ခေါ်မှုများကို ဖြေရှင်းကူညီပေးခြင်းဖြစ်ပါသည်။

DP World ရေကြောင်းဝန်ဆောင်မှုလုပ်ငန်းသည် ပထဝီဝင်နယ်မြေဒေသချဲ့ထွင်မှုများကို ပံ့ပိုးပေးရန်အတွက် ၎င်းတို့၏ဝန်ဆောင်မှုများမှ ဆောင်ရွက်နိုင်မှုပမာဏများနှင့်ယုံကြည်စိတ်ချရမှုတို့ကိုတိုးမြှင့်ရန် အဓိကထားဆောင်ရွက်လျက်ရှိပါသည်။ ကုမ္ပဏီမှ သင်္ဘောအသစ်များကို ဗျူဟာမြောက်ဖြန့်ကျက်ပြီး လုပ်ငန်းလည်ပတ်မှုများကို ပိုမိုကောင်းမွန်စေရန်ဆောင်ရွက်လျက်ရှိကာ ထိရောက်သော ရေကြောင်းဖြေရှင်းချက်များအတွက် ကြီးမားလာနေသောလိုအပ်ချက်များအား ဖြည့်ဆည်းရန်အတွက် သယ်ယူပို့ဆောင်သည့်ဝန်ဆောင်မှုများကို မိတ်ဆက်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါသည်။

DP World မှ ရေကြောင်းဝန်ဆောင်မှုလုပ်ငန်း အုပ်စုအရာရှိချုပ်ဖြစ်သူ Jesper Kristensen က ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာကွန်ရက်ကို သိသာထင်ရှားစေသော DP World ရေကြောင်းဝန်ဆောင်မှု လုပ်ငန်း၏ပြိုင်ဘက်ကင်းသော သင်္ဘောကုန်တင်သယ်ယူပို့ဆောင်ရေးဖြေရှင်းချက်များအား ပေးအပ်ရန် ကတိကဝတ်များကိုအားဖြည့်ပေးလျက်ရှိပြီး ၎င်းတို့၏ရည်ရွယ်ချက်မှာ မတူကွဲပြားသော ကုန်သွယ်မှုလမ်းကြောင်းများတစ်လျှောက် ယုံကြည်စိတ်ချရပြီးထိရောက်သော ဝန်ဆောင်မှုများကို ပေးဆောင်ခြင်းဖြင့် ဖောက်သည်များ၏မျှော်လင့်ချက်များကို ပြည့်ဝသွားစေရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DP World ရေကြောင်းဝန်ဆောင်မှုလုပ်ငန်းသည် ရေကြောင်းဝန်ဆောင်မှုလုပ်ငန်းများ၏ ရှေ့တန်းတွင် ဆက်လက်ရပ်တည်လျက်ကြောင်းသေချာစေရန်အတွက် ၎င်းတို့၏ရေယာဉ်စုများ၊ နည်းပညာနှင့် အခြေခံအဆောက်အအုံများတွင် ဆက်လက်ရင်းနှီးမြှုပ်နှံလျက်ရှိပါသည်။ ကုမ္ပဏီ၏ တီထွင်ဆန်းသစ်မှု၊ ယုံကြည်စိတ်ချရမှုနှင့် ဖောက်သည်စိတ်ကျေနပ်မှုအဆင့်အတန်းများအတွက် အဆိုပါကုမ္ပဏီသည် ကမ္ဘာတစ်ဝှမ်းရှိ သင်္ဘောဖြင့်တင်ပို့သူများအတွက် ဦးစားပေးရွေးချယ်မှုတစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း ဖော်ပြပါရှိပါသည်။

သုံးသပ်တင်ပြချက်

ယူအေအီးနိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသတွင် ကုန်စည်ပို့ဆောင်မှုအတွက်  မဟာဗျူဟာကျသော တည်နေရာတွင်တည်ရှိပြီး ခေတ်မီကြီးမားသော နိုင်ငံတကာဆိပ်ကမ်းများနှင့် ကျယ်ပြန့်သော ထောက်ပံ့ပို့ဆောင်ရေးအခြေခံအဆောက်အအုံများသည် ကမ္ဘာ့ကုန်သွယ်မှုကဏ္ဍတွင် အဓိကအချက်အချာဒေသတစ်ခုဖြစ်လာစေခဲ့ပါသည်။ နိုင်ငံ တကာသို့ ကုန်စည်သယ်ယူပို့ဆောင်မှုများအနေဖြင့် ကုန်ပစ္စည်းအမျိုးအစားအလိုက်၊ ကုန်စည်ပမာဏအလိုက် အချိန်မီလျှင်မြန်ချောမွေ့စွာ အဆင်ပြေပြေသယ်ယူတင်ပို့နိုင်ရေးသည် ကုန်တင်သင်္ဘောဖြင့် ကုန်စည်တင်ပို့ကြသူ များလိုလားသည့် အဓိကအကြောင်းအချက်ဖြစ်ပြီး ယခုအချိန်တွင် ၎င်းတို့၏ကုန်စည်များအား ထိုကဲ့သို့တင်ပို့နိုင်ရေးအတွက် စိတ်ချယုံကြည်ရသည့် ကုန်စည်သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကုမ္ပဏီများအပေါ်တွင် ရွေးချယ်မှုပိုမိုများပြားလာခဲ့ကြောင်း တင်ပြလိုက်ရပါသည်။

Source: Dubai Media Office

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News