International News

၂၀၂၃-၂၄ ခုနှစ် (၂၂) ကြိမ်မြောက် အိန္ဒိယအပြည်ပြည်ဆိုင်ရာ မီဂါကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားသို့ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် မြန်မာကောင်စစ်ဝန်ချုပ်တက်ရောက်

Last Updated:

၂၀၂၃-၂၄ ခုနှစ်၊ (၂၂)ကြိမ်မြောက် အိန္ဒိယအပြည်ပြည်ဆိုင်ရာမီဂါကုန်စည်ပြပွဲ(22nd INDIA INTERNATIONAL MEGA TRADE FAIR (IIMTF) 2023–24)၏ဖွင့်ပွဲအခမ်းအနားကို ၁၆-၁၂-၂၀၂၃ ရက်၊ ဒေသစံတော်ချိန် ၁၆ ၀၀ နာရီတွင် ကော်လ်ကတ္တားမြို့၊ သိပ္ပံမြို့တော်(Science City)တွင် ကျင်းပပြုလုပ်ခဲ့ရာ ကောင်စစ်ဝန်ချုပ်၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး၊ ၎င်းနှင့်အတူ မြန်မာစီးပွားရေးသံမှူးလည်း လိုက်ပါတက်ရောက်ခဲ့ပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ အနောက်ဘင်္ဂလားပြည်နယ်အစိုးရ စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများဝန်ကြီးဌာနဝန်ကြီး Dr Shashi Panja၊ Shri အနောက်ဘင်္ဂလားပြည်နယ်အစိုးရ မီးဘေးနှင့် အရေးပေါ်ဝန်ဆောင်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Sujit Bose၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုတိယမဟာမင်းကြီးရုံးမှ ဒုတိယမဟာမင်းကြီး Janab Andalib Elias၊ ဘင်္ဂလားကုန်သည်စက်မှုအသင်းချုပ်ဥက္ကဌ Mr. Gautam Ray၊ GS Marketing Associates ဥက္ကဌ Mr Prakash Shah နှင့် အမှုဆောင်အရာရှိချုပ် Mrs Suparna Dasgupta တို့နှင့်အတူ အမျိုးသားဂုံလျှော်ဘုတ်အဖွဲ့(National Jute Board)၊ LIC၊ NSIC နှင့် လက်မှုပစ္စည်းများပို့ကုန်မြှင့်တင်ရေးကောင်စီ (Export Promotion Council of Handicrafts)တို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ ၂၀၂၃-၂၄ ခုနှစ် (၂၂)ကြိမ်မြောက် အိန္ဒိယအပြည်ပြည်ဆိုင်ရာမီဂါကုန်စည်ပြပွဲသည် အိန္ဒိယနိုင်ငံ၏ အကြီးဆုံးအပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲများအနက် တစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့အထိ (၁၈)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ နိုင်ငံပေါင်း(၁၇)နိုင်ငံနှင့် အိန္ဒိယနိုင်ငံပြည်နယ်(၂၂)ခုမှ ပြခန်းပေါင်း(၁၂၀၀)ခန့် ပါဝင်ပြသလျက်ရှိပြီး၊ ယခုနှစ်တွင် အာဖဂန်နစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က လုပ်ဖေါ်ကိုင်ဖက်နိုင်ငံများ(Partner Countries)အဖြစ်လည်းကောင်း၊အီရန်နှင့်ထိုင်းနိုင်ငံတို့က အဓိက နိုင်ငံများ(Focus Countries)အဖြစ်လည်းကောင်း၊ ဩစတေးလျနှင့် မြန်မာနိုင်ငံတို့က အလေးပေးဖော်ပြသောနိုင်ငံများ(Highlighted Countries)အဖြစ်လည်းကောင်း သတ်မှတ်၍ ပါဝင်ပြသလျက်ရှိကြောင်း သိရှိရပါသည်။

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News