International News

၂၀၂၃-၂၄ ခုနှစ် (၂၂) ကြိမ်မြောက် အိန္ဒိယအပြည်ပြည်ဆိုင်ရာမီဂါကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံ ပါဝင်ပြသ

Last Updated:

“၂၀၂၃-၂၄ ခုနှစ်၊ (၂၂) ကြိမ်မြောက် အိန္ဒိယနိုင်ငံအပြည်ပြည်ဆိုင်ရာ မီဂါကုန်စည်ပြပွဲ”(INDIA INTERNATIONAL MEGA TRADE FAIR (IIMTF) 2023–24)ကို အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် G.S. Marketing Associates တို့မှပူးပေါင်းစီစဉ်မှုဖြင့် သိပ္ပံမြို့တော်(Science City)ကော်လ်ကတ္တား မြို့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့အထိ (၁၈)ရက်ကြာ ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံမှ ပါဝင်ပြသလျက်ရှိပါသည်။

အဆိုပါမြန်မာနိုင်ငံပြခန်းအား စီးပွားရေးသံမှူး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့မှ ဦးဆောင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ ပင်လယ်ရပ်ခြားလယ်ယာထွက်ကုန်ကုန်သည်များအသင်း- မြန်မာ(Overseas Agro Traders Association-OATA Myanmar) တို့မှ ပံ့ပိုးကူညီမှုနှင့်အတူ ပါဝင်ပြသလျက်ရှိပါသည်။

အဆိုပါ ၂၀၂၃-၂၄ ခုနှစ် (၂၂) ကြိမ်မြောက် အိန္ဒိယအပြည်ပြည်ဆိုင်ရာမီဂါကုန်စည်ပြပွဲသည် အိန္ဒိယနိုင်ငံ၏ အကြီးဆုံးအပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲများအနက် တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း (၁၇) နိုင်ငံနှင့် အိန္ဒိယနိုင်ငံပြည်နယ် (၂၂)ခုမှ ပြခန်းပေါင်း(၁၂၀၀)ခန့်ပါဝင်ပြသလျက်ရှိပါသည်။ယခုနှစ်တွင် အာဖဂန်နစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က လုပ်ဖေါ်ကိုင်ဖက်နိုင်ငံများ(Partner Countries)အဖြစ်လည်းကောင်း၊ အီရန်နှင့် ထိုင်းနိုင်ငံတို့က အဓိကနိုင်ငံများ(Focus Countries)အဖြစ်လည်းကောင်း၊ ဩစတေးလျနှင့် မြန်မာနိုင်ငံတို့က အလေးပေးဖော်ပြသောနိုင်ငံများ (Highlighted Countries) အဖြစ်လည်းကောင်းသတ်မှတ်၍ ပါဝင်ပြသလျက်ရှိပါသည်။

အဆိုပါမြန်မာပြခန်းတွင် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း၊ သဘာဝရော်ဘာ၊ လက်ဖက်(အချိုခြောက်)၊ အသင့်ဖျော်လက်ဖက်ရည်၊ မြန်မာ့သနပ်ခါးထုတ်ကုန်နမူနာများနှင့်အတူ ကုန်သွယ်မှုမြှင့်တင်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့အတွက် နံရံကပ်ဒီဇိုင်းပိုစတာနှင့် ဓါတ်ပုံများပြသထားခြင်း၊ လက်ကမ်းကြော်ငြာများဝေငှပေးခြင်းစသည့် သတင်းအချက်အလက်များကို မျှဝေပေးလျက်ရှိရာ နေ့စဉ် စိတ်ဝင်တစ်စားလာရောက်ကြည့်ရှုသူနှင့် စုံစမ်းမေးမြန်းသူအရေအတွက် များပြားလျက်ရှိကြောင်း သိရှိရပါသည်။

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News