International News

အိန္ဒိယ၏ ဟင်းခတ်အမွှေးအကြိုင်များတွင် ဓါတုပစ္စည်းတစ်မျိုးဖြစ်သည့် Ethylene Oxide ပါဝင်မှုနှင့်စပ်လျဉ်း၍ အမြန်မဖြေရှင်းပါက တင်ပို့မှု၄၀ ရာခိုင်နှုန်း ကျဆင်းနိုင်သည်ဟု FISS က ပြောကြား

Last Updated:

အိန္ဒိယဟင်းခတ်အမွှေးအကြိုင်လုပ်ငန်းရှင်များအသင်း(Federation of Indian Spice Stakeholders -FISS) က အိန္ဒိယ၏ဟင်းခတ်အမွှေးအကြိုင်တင်ပို့မှုတွင်  Ethylene Oxide သို့မဟုတ် EtO ပါဝင်မှုပြဿနာကို အစောဆုံးမဖြေရှင်းနိုင်ပါက ၂၀၂၅ ဘဏ္ဍာနှစ်တွင် အိန္ဒိယ၏ဟင်းခတ်အမွှေးအကြိုင်တင်ပို့မှုမှာ ၄၀ ရာခိုင်နှုန်းနီးပါးကျဆင်းသွားနိုင်ကြောင်း သောကြာနေ့က ပြောကြားခဲ့သည်။ ၎င်းတို့၏ ဟင်းခတ်အမွှေးအကြိုင်များတွင် ကင်ဆာဖြစ်စေနိုင်သော ဓာတုပစ္စည်းဖြစ်သည့် Ethylene Oxide ကိုတွေ့ရှိပြီးနောက် လူကြိုက်များသည့် MDH နှင့် Everest အမှတ်တံဆိပ်များရောင်းချခြင်းကို ဟောင်ကောင်နှင့် စင်္ကာပူတို့က တားမြစ်ပိတ်ပင်လိုက်ခြင်းနှင့် အရောင်းဆိုင်များမှ ပြန်လည်သိမ်းဆည်းခြင်းများဆောင်ရွက်မှုတို့ကြောင့် ယခုကဲ့သို့ထုတ်ပြန်ကြေငြာချက်များထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

2023-24 ခုနှစ်အတွင်း အိန္ဒိယ၏ဟင်းခတ်အမွှေးအကြိုင်တင်ပို့မှုစုစုပေါင်းသည် အမေရိကန်ဒေါ်လာ 4.25 ဘီလီယံရှိပြီး ကမ္ဘာလုံးဆိုင်ရာ ဟင်းခတ်အမွှေးအကြိုင်တင်ပို့မှု၏ 12 ရာခိုင်နှုန်းအထိ ရရှိထားသည်။

ဟင်းခတ်အမွှေးအကြိုင်တင်ပို့သူတော်တော်များများက ၎င်းတို့၏လက်ထဲတွင် အမှာစာများရရှိထားကြသော်လည်း ယခုဖြစ်ရပ်ကြောင့် အတိုင်းအတာတစ်ခုအထိရပ်ဆိုင်းထားရကြောင်း၊ ခန့်မှန်းချက်အရ Ethylene Oxide ပါဝင်မှုပြဿနာကို မြန်မြန်မဖြေရှင်းနိုင်ပါက ယခုနှစ်တွင် တင်ပို့မှုပမာဏ၏ ၄၀ ရာခိုင်နှုန်းခန့်ထိခိုက်နိုင်ကြောင်း FISS ၏အတွင်းရေးမှူး Tejas Gandhi က ပြောကြားထားသည်။  

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် FISS ဥက္ကဋ္ဌဖြစ်သူ Ashwin Nayak ကလည်း အိန္ဒိယကုမ္ပဏီများသည် အမေရိကန်နှင့် ကမ္ဘာအနှံ့သို့ EtO ပါဝင်သော ဟင်းခတ်အမွှေးအကြိုင်များကို တင်ပို့နေသည်မှာ နှစ်ပေါင်း 30 မှ 40 နီးပါးအထိရှိပြီဖြစ်ကြောင်းနှင့် ယခုအခါ EtO နှင့် ပတ်သက်သည့် သတင်းမှားများပျံ့နှံ့နေခြင်းဖြစ်ကြောင်း၊ EtO သည် သီးနှံများပေါ်တွင် တိုက်ရိုက်ဖျန်းသည့်ပိုးသတ်ဆေးမဟုတ်ကြောင်း၊ EtO သည် အီးကိုလီ၊ ကော်လီဖော်၊ အက်ဖ်လာတော်ဆင်နှင့် တဆေးစသည့်အမွှေးအကြိုင်များမှ အန္တရာယ်ရှိသော အဏုဇီဝနှင့် ဘက်တီးရီးယားဒြပ်စင်များကို ဖယ်ရှားရန် သို့မဟုတ် ထိန်းချုပ်ရန်အတွက် အသိအမှတ်ပြုထားသော အဖွဲ့အစည်းမှသာ အသုံးပြုသော ဓါတုပစ္စည်းဖြစ်ပြီး ကမ္ဘာ့နေရာအများစုတွင် အသုံးများသည့်နည်းစနစ်တစ်ခုဖြစ်သည်ဟု Nayak က သတင်းထောက်များအား ပြောကြားခဲ့သည်။

အိန္ဒိယ၏ဟင်းခတ်အမွှေးအကြိုင်တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄ ဘီလီယံရှိပါ ကြောင်း၊ EtO ပါဝင်မှုနှင့်ပတ်သက်သည့် ပြောဆိုမှုအချို့ကြောင့် တင်ပို့မှုမရပ်တန့်စေရေးအတွက်  အိန္ဒိယအစိုးရကို ချက်ခြင်းဖြေရှင်းဆောင်ရွက်‌ပေးရန် တိုက်တွန်းထားပါကြောင်း၊ ထို့အတူ ဟင်းခတ်အမွှေးအကြိုင်ဘုတ်အဖွဲ့ကိုလည်း တင်ပို့သည့်ပစ္စည်းများ၏ နမူနာပစ္စည်းများကို နိုင်ငံတိုင်း၏သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိစစ်ဆေးဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း ၎င်းက ပြောကြားထားသည်။

FISS ၏ပူးတွဲဥက္ကဌ U Karthik ၏အဆိုအရ နိုင်ငံအများစုသည် EtO ၏အများဆုံးအကြွင်းအကျန်ကန့်သတ်ချက် (Maximum residue Limit - MRL)ကို သတ်မှတ်ထားကြကြောင်း၊ ဥပမာအားဖြင့် အမေရိကန်သည် 7 ppm(parts per million)ဖြင့် ခွင့်ပြုထားပြီး ဥရောပသမဂ္ဂနိုင်ငံများကမူ 0.1 ppm သာခွင့်ပြုကြောင်းသိရသည်။

EtO သည် အပူချိန် 10 ဒီဂရီစင်တီဂရိတ်တွင် အငွေ့ပျံပြီး လူသားများအတွက် အန္တရာယ်မရှိကြောင်း၊ မှတ်သားဖွယ်ရာအချက်တစ်ခုမှာ EtO သည် ဆေးဘက်ဆိုင်ရာပစ္စည်းများကို ပိုးသတ်ရန်အတွက်လည်း အသုံးပြုပါကြောင်း၊ အချို့သောနိုင်ငံများတွင် MRL ကန့်သတ်ချက်ကို ချမှတ်ထားပြီးဖြစ်သော်လည်း နိုင်ငံတစ်ချို့တွင် သတ်မှတ်ထားခြင်းမရှိဟု သိရှိရကြောင်း၊ ဟင်းခတ်အမွှေးအကြိုင် ဘုတ်အဖွဲ့မှ ယင်းကန့်သတ်ချက်များသတ်မှတ်နိုင်ရန် အဆိုပါနိုင်ငံများအား  ဆက်သွယ်နေသည်ဟု ကြားသိရကြောင်း Karthik က ပြောကြားခဲ့သည်။

ထိုပြင် ၎င်းက EtO ကိစ္စသည် မီဒီယာတွင် ဖော်ပြထားသကဲ့သို့ မပြင်းထန်ကြောင်း၊ ဟောင်ကောင်သည် MRL ကန့်သတ်ချက်မသတ်မှတ်ထားပါက EtO သည် သတ်မှတ်ထားသည့် ကန့်သတ်ချက်ထက် ပိုနေသည်ဟုပြောဆို၍ မရနိုင်ပါကြောင်း၊ ရေနွေးငွေ့ဖြင့်ပိုးသတ်ခြင်းသည် EtO ၏အစားထိုးနည်းလမ်းတစ်ခုဖြစ်သော်လည်း ကုန်ကျ စရိတ်ကြီးမြင့်ပါကြောင်း၊ ပိုးသတ်ရာတွင် EtO ဖြင့် ဆောင်ရွက်ပါက တစ်ကီလိုလျှင် ၃ ရူပီးသာ ကုန်ကျသော်လည်း၊ ရေနွေးငွေ့ဖြင့် ပိုးသတ်ခြင်းမှာ တစ်ကီလိုလျှင် ၁၅ ရူပီးနီးပါးကုန်ကျပါကြောင်း၊အမေရိကန်တွင်လည်း ဟင်းခတ်အမွှေးအကြိုင်များ အတွက် EtO ပိုးသတ်သည့်စနစ်များဆောင်ရွက်ကြောင်း ပြောကြားထားသည်။

Source: India’s spice export may fall 40 pc if EtO contamination issue not resolved quickly: FISS, The Economic Times, May 17, 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News