International News

သစ်သီးများအား ရင့်မှည့်စေသည့်ကိစ္စနှင့်စပ်လျဉ်း၍ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ နှင့်အညီဆောင်ရွက်ကြရန် အိန္ဒိယနိုင်ငံ စားသောက်ကုန်လုံခြုံစိတ်ချမှုနှင့် စံချိန်စံညွှန်းများဆိုင်ရာ အာဏာပိုင်အဖွဲ့ (FSSAI) တိုက်တွန်းပြောကြား

Last Updated:

အိန္ဒိယနိုင်ငံစားသောက်ကုန်လုံခြုံစိတ်ချမှုနှင့်စံချိန်စံညွှန်းများဆိုင်ရာအာဏာပိုင်အဖွဲ့(FSSAI)သည် သစ်သီးများအား သဘာဝမဟုတ်သောနည်းလမ်းဖြင့် ရင့်မှည့်စေသည့်ကိစ္စနှင့်စပ်လျဉ်း၍ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီဆောင်ရွက်ကြရန် ကုန်သည်များ၊ သစ်သီးဒိုင်များနှင့် စားသောက်ကုန်ရောင်းချသူများ (Food Business Operators-FBOs)တို့အား ပြောကြားခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် သရက်သီးပေါ်သည့်ရာသီအတွင်း အဆိုပါအစိုးရ၏အကြံပြုပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေအားလုံးရှိ စားသောက်ကုန်လုံခြုံစိတ်ချရေးဌာနများအနေဖြင့် ဆောင်ရွက်နေကျထက် ဂရုတစိုက်ပိုမိုဆောင်ရွက်ရန် FSSAI မှ ညွှန်ကြားထားသည်။ ၂၀၀၆ ခုနှစ်၊ FSS အက်ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းပါပြဌာန်းချက်များအရ သတ်မှတ်ထားသော တရားဥပဒေနှင့်မညီညွှတ်သည့် အလေ့ အကျင့်များနှင့်စပ်လျဉ်း၍ တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဆောင်ရွက်ကြရန် အဆိုပါညွှန်ကြားချက်၌ ဖော်ပြထားကြောင်း သိရသည်။

သရက်သီးကဲ့သို့ သစ်သီးများကို ရင့်မှည့်စေရန်အသုံးပြုလေ့ရှိသော ကယ်လ်ဆီယမ်ကာဗိုက်(calcium carbide) သည် အာဆင်းနစ်(arsenic)နှင့် ဖော့စ်ဖော်ရပ်စ်(phosphorus)ကဲ့သို့လူကို ထိခိုက်စေသောဓါတ်များပါဝင်သည့် အဆီတလင်း(acetylene)ဓါတ်ငွေ့ကို ထုတ်လွှတ်ကြောင်း အဆိုပါထုတ်ပြန်ကြေညာချက်၌ ဖော်ပြထားသည်။

အဆိုပါအရာဝတ္ထုများသည် ဦးခေါင်းမကြည်ခြင်း၊ မကြာခဏရေငတ်ခြင်း၊ စိတ်တိုစိတ်ဆတ်ခြင်း၊ အင်အားချိနဲ့ခြင်း၊ အစားအစာများမြိုချရန်ခက်ခဲစေခြင်း၊ အန်ခြင်းနှင့် အရေပြားနာ(skin ulcers) ကဲ့သို့ပြင်းထန်သော ကျန်းမာရေးပြဿနာများကိုဖြစ်စေကြောင်း သိရသည်။ အဆီတလင်း(acetylene) ဓါတ်ငွေ့ကြောင့်လည်း အလားတူအန္တရာယ်များကို ဖြစ်စေတတ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ ကယ်လ်ဆီယမ်ကာဗိုက်အား သစ်သီးများရင့်မှည့်စေရန် အသုံးပြုရာတွင် တိုက်ရိုက်ထိတွေ့မှုဖြစ်စေနိုင်ပြီး၊ သစ်သီးပေါ်တွင် အာဆင်းနစ်(arsenic)နှင့် ဖော့စ်ဖော်ရပ်စ် (phosphorus)ဓါတ်ကြွင်းများကို ကျန်ရစ်စေသည်ဟု အဆိုပါထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယင်းသို့အန္တရာယ်ရှိစေသည့်အတွက် ၂၀၁၁ ခုနှစ် စားသောက်ကုန်လုံခြုံစိတ်ချမှုနှင့် စံချိန်စံညွှန်းများဆိုင်ရာစည်းမျဉ်းစည်းကမ်း(ရောင်းချရန်တားမြစ်ကန့်သတ်ချက်)အရ ကယ်လ်ဆီယမ်ကာဗိုက်အား သစ်သီးများရင့်မှည့်စေရန် အသုံးပြုမှုကို တားမြစ်ထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါစည်းမျဉ်းတွင် မည်သည့်ပုဂ္ဂိုလ်မဆို ကာဗိုက်ဓါတ်ငွေ့ဟု လူအများသိရှိထားသော အဆီတလင်း (acetylene) ဓါတ်ငွေ့အား အသုံးပြုပြီး ရင့်မှည့်အောင်ပြုလုပ်ထားသော သစ်သီးများကို ရောင်းချခြင်း၊ ရောင်းချရန်ကမ်းလှမ်းခြင်းနှင့် ရောင်းချရန်ရည်ရွယ်၍ လက်ဝယ်ထားရှိခြင်းမပြုလုပ်ရဟု ဖော်ပြထားပြီးဖြစ်ကြောင်း FSSAI က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် သစ်သီးများအား ရင့်မှည့်အောင်ပြုလုပ်ရာတွင် အဆီတလင်း(acetylene) ဓါတ်ငွေ့အစား ပိုမို၍ ဘေးအန္တရာယ်ကင်းသော အီသလင်းဓါတ်ငွေ့(ethylene gas)ကိုသာ အသုံးပြုရန် ခွင့်ပြုထားကြောင်း သိရသည်။

ရည်ညွှန်း။          The Hindu businessline, FSSAI asks traders and FBOs to comply with norms for artificial ripening of fruits, May 18, 2024

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News