International News

၂၀၂၃ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း ယူအေအီးနိုင်ငံ၏ အစိုးရဝင်ငွေ AED ၁၅၅.၉ ဘီလီယံအထိ ရောက်ရှိခဲ့

Last Updated:

ယူအေအီးနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာန(MoF)သည် ၂၀၂၃ ခုနှစ် စတုတ္ထသုံးလပတ်အတွက် ယူအေအီးအစိုးရ ဘဏ္ဍာရေးစာရင်းအင်းအစီရင်ခံစာ၏ ပဏာမရလဒ်များကို မနေ့ကထုတ်ပြန်ခဲ့ပြီး အစိုးရ၀င်ငွေမှာ AED ၁၅၅.၉ ဘီလီယံရှိကြောင်း ထုတ်ပြန်ခဲ့ပါသည်။

ယူအေအီးနိုင်ငံ၏ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဖော်ပြထားသောအချက်အလက်များအရ စုစုပေါင်းအသုံးစရိတ်တန်ဖိုးမှာ ဝန်ထမ်းများ၏လုပ်ခလစာ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုမှု၊ ပုံသေမတည်ရင်းနှီးသုံးစွဲမှု၊ ပေးဆောင်သောအတိုး၊ အထောက်အပံ့များ၊ ထောက်ပံ့ကြေးများ၊ လူမှုရေးအကျိုးခံစားခွင့်များနှင့် အခြားလွှဲပြောင်းမှုများအပါအဝင် ငွေကြေးမဟုတ်သော ပိုင်ဆိုင်မှုများနှင့်လက်ရှိအသုံးစရိတ်များတွင် အသားတင်ရင်းနှီးမြုပ်နှံမှုတို့ပါဝင်သော စုစုပေါင်းအသုံးစရိတ်သည် AED ၁၃၁.၃ ဘီလီယံဖြစ်ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း ငွေကြေးလွှဲပြောင်းမှုများ၏ ရလဒ်များအရ အသားတင်ချေးငွေ/အသားတင်ချေးယူမှုတန်ဖိုးသည် AED ၂၄.၆ ဘီလီယံအထိရှိခဲ့ပြီး အသားတင်ထုတ်ချေးခြင်း/အသားတင်ချေးယူမှုတန်ဖိုးသည် အစိုးရတစ်ရပ်၏ချေးငှားနိုင်မှု သို့မဟုတ် ၎င်းတို့၏ချေးယူလိုမှု၏ အနှစ်ချုပ်အတိုင်းအတာတစ်ခုဖြစ်ပြီး စီးပွားရေးအခြားကဏ္ဍများတွင် အစိုးရ၏ဘဏ္ဍာရေးဆိုင်ရာအကျိုးသက်ရောက်မှုကို ညွှန်ပြသည့်အချက်ဖြစ်ကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် Younis Haji Al Khoori က ယူအေအီးအစိုးရမှ ဘဏ္ဍာရေးအရင်းအမြစ်များကို အကောင်းဆုံးအသုံးပြုမှုနှင့် အစိုးရအသုံးစရိတ်များ၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးသည့်အပြင် ၀င်ငွေအရင်းအမြစ်များကိုကွဲပြားစေရန် စိတ်အားထက်သန်စွာ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဤအချက်သည် ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍအားလုံးအပေါ်တွင် အပြုသဘောဆောင်ပြီး နိုင်ငံ၏ယှဉ်ပြိုင်နိုင်စွမ်းနှင့် စီးပွားရေးရေရှည်တည်တံ့ခိုင်မြဲမှုအား မြှင့်တင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယူအေအီးနိုင်ငံအနေဖြင့် ၎င်း၏ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်နေပြီး တက်ကြွသောစီးပွားရေးပတ်ဝန်းကျင်ကိုမွေးထုတ်ရန်နှင့်အခွန်ကောက်ခံမှုစနစ်ပိုမိုကောင်းမွန်လာစေရန် ကတိကဝတ်ပြုထားကြောင်း ယင်းတို့သည် စီးပွားရေးလုပ်ငန်းများကို ကွဲပြားခြားနားစေကာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအချက်အချာဒေသအဖြစ် နိုင်ငံ၏ရပ်တည်ချက်များကို စုစည်းဆောင်ရွက်မည့် မဟာဗျူဟာရည်မှန်းချက်များနှင့်အညီဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။

ယူအေအီးအစိုးရဘဏ္ဍာရေးစာရင်းအင်းအစီရင်ခံစာ၏ ပဏာမရလဒ်များကို ၂၀၂၃ ခုနှစ် စတုတ္ထသုံးလပတ်အတွက်ထုတ်ပြန်ခြင်းသည် ယူအေအီးနိုင်ငံ၏လိုက်နာရမည့် စာရင်းဇယားအချက်အလက်မူဝါဒနှင့်အညီ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှထုတ်ပြန်သော အစိုးရဘဏ္ဍာရေးစာရင်းအင်းလက်စွဲ၏ စံနှုန်းများအပေါ်အခြေခံထားခြင်းဖြစ်ပါသည်။ အစိုးရဘဏ္ဍာရေးစာရင်းအင်း(GFS)သည် နိုင်ငံအတွင်း အစိုးရလုပ်ငန်းဆောင်ရွက်မှု စုစုပေါင်းပမာဏကိုပြသလျှက်ရှိပြီး စီးပွားရေးတစ်ခုတွင် အစိုးရ၏ဘဏ္ဍာရေးဆိုင်ရာလုပ်ဆောင်ချက်များနှင့် အစိုးရ၏အရင်းအမြစ် များခွဲဝေပေးမှုအတိုင်းအတာကို ဖော်ပြထားကြောင်း ဖော်ပြပါရှိပါသည်။

အဆိုပါစာရင်းအင်းများသည် ခိုင်မာသောဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ပြည်သူ့အသုံးစရိတ်များကိုစောင့်ကြည့်ခြင်းဖြစ်စဉ်တွင် မရှိမဖြစ်လိုအပ်သောအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဘဏ္ဍာရေးအစီအစဉ်များသတ်မှတ်ခြင်းနှင့် စီးပွားရေးမူဝါဒများကိုစောင့်ကြည့်ခြင်းတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ၎င်းသည် နိုင်ငံရေးခေါင်းဆောင်များ၊ ဆုံးဖြတ်ချက်ချသူများ၊ သုတေသီများနှင့် ဘဏ္ဍာရေးကဏ္ဍကို စိတ်ဝင်စားသူများအား အဓိကဝန်ဆောင်မှုပေးသည့် မက်ခရိုစီးပွားရေးစာရင်းအင်းအမျိုးအစားတစ်ခုဖြစ်ပြီး ပြည်တွင်းနှင့်နိုင်ငံတကာမှ စိတ်ဝင်စားမှုမြင့်မားသော စာရင်းအင်းအချက်အလက်များအနက် တစ်ခုဖြစ်ပါသည်။ သို့ဖြစ်၍ ယူအေအီးနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော အချက်အလက် Data Portal သည် စီးပွားရေးလုပ်ငန်းဆောင်ရွက်ကြသူများ၊ သုတေသနပညာရှင်များ၊ သတင်းမီဒီယာများနှင့်အများပြည်သူတို့အား အစိုးရဆိုင်ရာ အချက်အလက်များအား ဒစ်ဂျစ်တယ်ခေတ်သို့အသွင်ကူးပြောင်းမှုနှင့်အညီ ပွင့်လင်းမြင်သာစွာဖော်ထုတ်ပြသထားကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News