International News

အိန္ဒိယနိုင်ငံသည် ဥရောပလွတ်လပ်စွာ ကုန်သွယ်ရေးအသင်း(European Free Trade Association-EFTA)နှင့် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုး

Last Updated:

အိန္ဒိယနိုင်ငံသည် ဆွစ်ဇာလန်၊ နော်ဝေ၊ လစ်တင်စတိုင်(Liechtenstein)နှင့် အိုက်စ်လန်းနိုင်ငံတို့ပါဝင်သော ဥရောပလွတ်လပ်စွာကုန်သွယ်ရေးအသင်း(European Free Trade Association-EFTA)နှင့် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်အား ယခုလ(၁၀)ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါသဘောတူညီချက်တွင် လာမည့်(၁၅)နှစ်တာကာလအတွင်း အိန္ဒိယနိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)ကို တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိ တိုးမြှင့်စီးဝင်နိုင်ရေး ကတိကဝတ်ပါရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် အဆိုပါရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် အလုပ်အကိုင်ဖန်တီးမှု(၁)သန်းမျှရရှိနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါသဘောတူညီချက်တွင် gaming and animation၊ စာရင်းကိုင်နှင့် ဥပဒေအတိုင်ပင်ခံလုပ်ငန်းကဲ့သို့ ဝန်ဆောင်မှုကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုလွှမ်းခြုံပါဝင်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဝန်ဆောင်မှုဆိုင်ရာ ကန်ထရိုက်တာများနှင့် အသက်မွေးဝမ်းကျောင်းပညာရှင်များအတွက် ပြည်ဝင်ခွင့်အမျိုးအစားအမျိုးမျိုးကို အပြန် အလှန်လွယ်ကူချောမွေ့စွာရရှိနိုင်ရေး ဆောင်ရွက်ပေးရန် ကိစ္စရပ်များပါဝင်ကြောင်း သိရသည်။

အဆိုပါသဘောတူညီချက်ကြောင့် အိန္ဒိယနိုင်ငံနှင့် ဥရောပနိုင်ငံများအကြား ကုန်သွယ်မှုဆက်ဆံရေးပိုမိုးတိုးတက်ရေးနှင့်ပတ်သက်၍ သိသာထင်ရှားသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် ပို့ကုန်မြှင့်တင်နိုင်မည့် အလားအလာများကို အရှိန်အဟုန်တိုးမြှင့်စေနိုင်သလို၊ ဥရောပသမဂ္ဂဈေးကွက်သို့ ဝင်ရောက်နိုင်မည့် အခွင့်အလမ်းများရရှိစေနိုင်သည်။

အဆိုပါသဘောတူညီချက်အရ ပြုပြင်ပြီး စိုက်ပျိုးရေးထုတ်ကုန်များ၊ ဆွစ်ဇာလန်နိုင်ငံမှ နာရီများ၊ ချောကလက်နှင့် စက်ကိရိယာပစ္စည်းများအပါအဝင် ထုတ်ကုန်ပစ္စည်းအမျိုးမျိုးအား အဆင့်အလိုက်သွင်းကုန်ခွန်များ လျှော့ချသတ်မှတ်ပေးရမည်ဖြစ်သည်။

ပထမ(၁၀)နှစ်အတွင်း အိန္ဒိယနိုင်ငံသို့ FDI စီးဝင်မှု အမေရိကန်ဒေါ်လာ (၅၀) ဘီလီယံရရှိရန်နှင့် နောက်ထပ် (၅)နှစတာကာလအတွင်း အမေရိကန်ဒေါ်လာ(၅၀)ဘီလီယံ ထပ်မံစီးဝင်ရန် မျှော်လင့်ထားကြောင်း သိရသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုစီးဝင်မှုသည် မျှော်လင့်ထားသည်ထက် ပိုမိုများပြားနိုင်ကြောင်း အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး Piyush Goyal က ပြောကြားခဲ့သည်။

အဆိုပါကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်သည် လွန်ခဲ့သော(၃)နှစ်တာကာလအတွင်း အိန္ဒိယနိုင်ငံအနေဖြင့် ပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ်မြောက် သဘောတူညီချက်ဖြစ်ကြောင်း၊ ဩစတေးလျ၊ မောရစ်သျှ၊ ယူအေအီးနိုင်ငံတို့နှင့် အလားတူနှစ်နိုင်ငံ သဘောတူညီမှုများဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သို့ပါ၍ အိန္ဒိယနိုင်ငံသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးတက်ရရှိရေးအတွက် ဥရောပလွတ်လပ်စွာ ကုန်သွယ်ရေးအသင်း(European Free Trade Association-EFTA)၊ ဩစတေးလျ၊ မောရစ်သျှ၊ ယူအေအီးနိုင်ငံတို့နှင့် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီမှုများပြုလုပ်၍ ဆောင်ရွက်လျက်ရှိသည့်အခြေ အနေကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

ရည်ညွှန်း။      Economic Times, India Inks Pact with EFTA, Gets $100B Commitment

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News