International News

နှစ်နိုင်ငံသံတမန်ဆက်ဆံရေးတင်းမာလျက်ရှိသော်လည်း အိန္ဒိယအနေဖြင့် ကနေဒါမှ သွင်းကုန်နှင့် ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်သွားရန်မရှိ

Last Updated:

အိန္ဒိယနိုင်ငံနှင့် ကနေဒါနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေးအခြေအနေ တင်းမာလျက်ရှိသော်လည်း အိန္ဒိယအနေဖြင့် ကနေဒါမှ သွင်းကုန်နှင့်ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်သွားရန်အစီအစဉ်မရှိဟု အိန္ဒိယအစိုးရအဆင့်မြင့် သတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့ကြောင်း Reuters သတင်းတစ်ပုဒ်အားကိုးကား၍ The Mint သတင်းဌာနက ယခုလ ၂၀ ရက်နေ့တွင် ဖော်ပြသည်။

ပြီးခဲ့သည့်စက်တင်ဘာလက ကနေဒါဝန်ကြီးချုပ် Justin Trudeau က ခါလစ္စတန်အကြမ်းဖက်သမား Hardeep Singh Nijjar ပစ်ခတ်ခံရမှုတွင် အိန္ဒိယအေးဂျင့်များနှင့် ဆက်နွှယ်ပတ်သက်မှုရှိကြောင်း ထောက်လှမ်းရေးဌာနအသီးသီးက စွပ်စွဲပြောကြားမှုများရှိခဲ့သည့်အပေါ် ထုတ်ဖေါ်ပြောဆိုခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးအခြေအနေမှာ သိသိသာသာထိခိုက်ယိုယွင်းခဲ့သည်။

တစ်ချိန်တည်းတွင် ကနေဒါနိုင်ငံသည် ယခုလ ၁၃ ရက်နေ့က ဘန်ဂါလုရု၊ ချန်ဒီဂါနှင့် မွန်ဘိုင်းမြို့တို့ရှိ ၎င်း၏ကောင်စစ်ဝန်ချုပ်ရုံးအသီးသီးတွင် ကောင်စစ်ဆိုင်ရာလုပ်ငန်းစဉ်များကို ယာယီပိတ်ပင်ခဲ့ကြောင်း သိရသည်။ထို့အပြင် အိန္ဒိယနိုင်ငံမှကနေဒါနိုင်ငံသို့ လာရောက်ရန် ပြည်ဝင်ခွင့်လျှောက်ထားသူများအနေဖြင့် လာမည့်လ အနည်းငယ်ကြာအောင် ပြည်ဝင်ခွင့်ထုတ်ပေးမည့်လုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာဖွယ်ရှိကြောင်း ကနေဒါအစိုးရက ပြောကြားခဲ့သည်။

သို့သော် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ကနေဒါမဟာမင်းကြီးရုံးတွင်မူ ကောင်စစ်ဆိုင်ရာ ဝန်ဆောင်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။ ကနေဒါနိုင်ငံသည် ၎င်း၏သံတမန်(၄၁)ဦးအပါ အဝင် မိသားစုဝင်(၄၂)ဦးကို အိန္ဒိယနိုင်ငံမှ ထွက်ခွာစေခဲ့ပြီးဖြစ်ကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး Melanie Joly က ယခုလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

သုံးသပ်တင်ပြချက်

ကနေဒါနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ ၃၅ နိုင်ငံမြောက်ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး၊ ၂၀၂၂ ခုနှစ်က နှစ်နိုင်ငံ ကုန်စည်ကုန်သွယ်မှုတန်ဖိုးမှာ ကနေဒါဒေါ်လာ ၁၂ ဘီလီယံသို့ရောက်ရှိခဲ့ပြီး၊ ပြီးခဲ့သည့်ကာလတူကထက် ၅၇ ရာခိုင်နှုန်းတိုးတက်ခဲ့ကာ နှစ်နိုင်ငံဝန်ဆောင်မှုကုန်သွယ်မှုတန်ဖိုးမှာ ကနေဒါဒေါ်လာ ၈ ဒသမ ၉ ဘီလီယံရှိကြောင်း နှစ်နိုင်ငံပူးတွဲထုတ်ပြန်ချက်အရ သိရသည်။ ရင်းနှီးမြှုပ်နှံမှုတွင် ကနေဒါနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ ၁၈ နိုင်ငံမြောက် အများဆုံးရင်းနှီးမြှုပ်နှံမှုပြုထားသော နိုင်ငံတစ်ခုဖြစ်ကြောင်း Invest India ၏ အချက်အလက်များက ဖော်ပြထားသည်။

နှစ်နိုင်ငံသံတမန်ဆက်ဆံအခြေအနေတင်းမာမှုကြောင့် နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုအပေါ် အနည်းနှင့်အများဆိုသကဲ့သို့ သက်ရောက်ရှိနေကြောင်း တွေ့ရှိရပါသည်။မူလက စီစဉ်ထားရှိပြီးဖြစ်သော နှစ်နိုင်ငံကုန်သွယ်ရေးသဘော တူညီချက်ဆိုင်ရာ ဆွေးနွေးပွဲများရပ်တန့်ခဲ့သလို ယခုနှစ်၊ အောက်တိုဘာလတွင် အိန္ဒိယသို့ လာရောက်ရန်စီစဉ်ထားသော ကနေဒါ၏ကုန်သွယ်ရေးခရီးစဉ်ကိုလည်း ရက်ရွေ့ဆိုင်းခဲ့ပါသည်။ ယခုအခါ အိန္ဒိယနိုင်ငံအနေဖြင့် နှစ်နိုင်ငံသံတမန်ဆက်ဆံအခြေအနေ တင်းမာလျက်ရှိသော်လည်း ကနေဒါနိုင်ငံမှ သွင်းကုန်နှင့် ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်သွားရန်အစီအစဉ်မရှိဟု မီဒီယာများကတစ်ဆင့် ပြောကြားလာသည့်အပေါ် သိရှိနိုင်ရေး လေ့လာသုံးသပ် တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။ The Mint သတင်းဌာန၊ “India may not restrict imports or investments from Canada despite diplomatic tensions: Report”၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်။

(ကောင်းထွဋ်‌အောင်၊  စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News