International News

တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု များပြားခဲ့သည့်အတွက် ဂျပန်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုပမာဏမှာ၂ လဆက်တိုက် မြင့်တက်ခဲ့

Last Updated:

တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမြင့်တက်ခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ဂျပန်နိုင်ငံ၏ပို့ကုန်တင်ပို့မှုမှာ ၂ လဆက်တိုက်မြင့်တက်ခဲ့ပါသည်။ အဆိုပါသတင်းတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ဂျပန်နိုင်ငံ၏ပို့ကုန်တင်ပို့မှုမှာ ၁၁.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ သွင်းကုန်တင်သွင်းမှုမှာ ၉.၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းနှင့် ကုန်သွယ်မှုလိုငွေမှာ ယန်း ၁.၇၅၈ ထရီလီယံရှိခဲ့ကြောင်း ဂျပန်၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၁-၂-၂၀၂၄ ရက်နေ့ထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။

မော်တော်ယာဉ်တင်ပို့မှုပမာဏမှာ ၃၁.၆ ရာခိုင်နှုန်းနှင့် Chip ထုတ်လုပ်သည့် စက်ပစ္စည်းများတင်ပို့မှုပမာဏမှာ ၂၇.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ၂၉.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ၂ လဆက်တိုက် မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ထို့အတူ အမေရိကန်နှင့်အီးယူသို့တင်ပို့မှုမှာလည်း ၁၅.၆ ရာခိုင်နှုန်းနှင့် ၁၃.၈ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်း ဖော်ပြ ထားပါသည်။

ယခင်အပတ်က ထုတ်ပြန်ခဲ့သည့် ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး(GDP)အရ ဂျပန်နိုင်ငံ၏ စီးပွားရေးမှာ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ၃ လပတ်ကာလတွင် ကျဆင်းခဲ့မှုကြောင့် ဂျပန်နိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေးတတိယအင်အားအကြီးဆုံးနေရာမှ စတုတ္ထနေရာသို့ ရောက်ရှိခဲ့ပြီး ဂျာမနီနိုင်ငံအောက်သို့ အဆင့်ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်                                      

ဂျပန်နိုင်ငံ၏ပို့ကုန်မှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ပထမဆုံးအကြိမ်အဖြစ် ၉.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ၁၁.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။ ပို့ကုန်တင်ပို့မှုအနေဖြင့် ကနေဒါနိုင်ငံသို့ ၄၇.၄ ရာခိုင်နှုန်း၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံသို့ ၄၁.၅ ရာခိုင်နှုန်း၊ ဟောင်ကောင်သို့ ၃၆.၉ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံသို့ ၂၉.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ကို တွေ့ရှိရပါသည်။ လေယာဉ်တင်ပို့မှုမှာ ၉၃.၄ ရာခိုင်နှုန်း၊ မော်တော်ကားတင်ပို့မှုမှာ ၃၇.၁ ရာခိုင်နှုန်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့် စက်ပစ္စည်းများတင်ပို့မှုမှာ ၂၇.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ကို တွေ့ရှိရပါသည်။

 Source: The Nikkei Asia (၂၁-၂-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News