International News

အိန္ဒိယနိုင်ငံ၏ သကြားထုတ်လုပ်မှုသည် ဇန်နဝါရီ ၁၅ ရက်အထိ ၅.၂၈ ရာခိုင်နှုန်းကျဆင်း

Last Updated:

အိန္ဒိယ၏ သကြားထုတ်လုပ်မှုသည် ၂၀၂၃-၂၄ နှစ်(အောက်တိုဘာလမှ နိုဝင်ဘာလ)တွင် ဇန်နဝါရီ ၁၅ ရက်အထိ ၅.၂၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းနှင့် ယမန်နှစ်တွင် ထိပ်တန်းသကြားထုတ်လုပ်သည့်ပြည်နယ်ဖြစ်သည့် Maharashtra ရှိ သကြားထုတ်လုပ်မှုသည် 16% ကျဆင်းခဲ့သည်ဟု အိန္ဒိယသကြားစက်များအသင်း(India Sugar Mills Association - ISMA)မှ ပြောကြားခဲ့ကြောင်း သိရသည်။

ISMA ၏အဆိုအရ အိန္ဒိယနိုင်ငံသည် ဇန်နဝါရီ ၁၅ ရက်အထိ သကြားတန်ချိန် ၁၄၉.၅၂ သိန်းထုတ်လုပ်ခဲ့ပြီး ယခင်နှစ်အလားတူကာလတွင် တန်ချိန် ၁၅၇.၈၇ သန်းထုတ်လုပ်မှုထက် ကျဆင်းခဲ့ကြောင်း၊ Maharashtra ပြည်နယ်၏ သကြားထုတ်လုပ်မှုသည် ယခင်နှစ်တွင်တန်ချိန် ၆၀.၂၆ သိန်းရှိခဲ့ရာမှ ယခုနှစ်တွင် 50.73 သိန်းကျော်သာ ထုတ်လုပ်ထားနိုင်ကြောင်း၊ သို့ရာတွင် Uttar Pradesh (UP)မှ သကြားထုတ်လုပ်မှုသည် ယခင်နှစ်တွင် တန်ချိန် 40.65 သိန်းကျော်သာ ထုတ်လုပ်နိုင်ခဲ့ရာမှ ယခုနှစ်တွင် တန်ချိန် ၄၅.၇၃ သိန်းအထိ ထုတ်လုပ်ထားနိုင်ပြီး 12.5% ပိုမိုထုတ်လုပ်ထားကြောင်း သိရသည်။

Maharashtra နှင့် Karnataka တို့တွင် မိုးခေါင်ရေရှားအခြေအနေများကြောင့် အိန္ဒိယနိုင်ငံ၏ ကြံအထွက်နှုန်းကျဆင်းသွားဖွယ်ရှိသောကြောင့်  အိန္ဒိယအစိုးရသည် အီသနောအတွက် သကြားရည်နှင့် တင်လဲရည်သုံးစွဲမှုကို တားမြစ်ထားကြောင်း၊ အစီရင်ခံစာများအရ သကြားထုတ်လုပ်မှုသည် ယခင်နှစ်ထက် နည်းပါးနိုင်သော်လည်း ယခုအခါ သကြားထုတ်လုပ်မှုသည် အစောပိုင်းက မျှော်လင့်ထားသည်ထက် ပိုမိုမြင့်မားဖွယ်ရှိသည်ဟု ISMA မှ ပြောကြားထားကြောင်း၊ Uttar Pradesh၊ Maharashtra နှင့် Karnataka ကဲ့သို့သော ကြံစိုက်ပျိုးသည့် အဓိကပြည်နယ်များတွင် မကြာသေးမီက ရာသီဥတုကောင်းမွန်ခဲ့ပြီး ၎င်းတို့၏ 2023-24 သကြားရာသီ သကြားထုတ်လုပ်မှု ခန့်မှန်းချက်တွင် 5 မှ 10 ရာခိုင်နှုန်းအထိ တိုးတက်ထုတ်လုပ်နိုင်မည်ဟု ISMA မှ မီဒီယာထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ကြောင်းနှင့် သကြားထုတ်လုပ်မှုတိုးမြင့်လာမှုအပေါ်အခြေခံ၍ အီသနောထုတ်လုပ်မှုအတွက် နောက်ထပ်သကြားတန်ချိန် 10 သိန်း မှ 12 သိန်းသို့ ပြောင်းလဲခွင့်ပြုရန်နှင့် အီသနောစျေးနှုန်းကို တိုးမြှင့်ပေးရန် ISMA က အစိုးရအား တောင်းဆိုထားကြောင်း သိရသည်။

အိန္ဒိယအစိုးရက မကြာသေးမီက ပြောင်းဖူးမှ ထုတ်လုပ်သော အီသနောအား မက်လုံးပေးကြေညာခဲ့သော်လည်း ကြံသီးနှံသည် ရေ/အာဟာရ/မြေအသုံးချမှု သို့မဟုတ် ကာဗွန်စုဆောင်းမှုတွင် ပိုမိုထိရောက်သောကြောင့် ပြောင်းမှထုတ်လုပ်သည့် အီသနောနှင့်နှိုင်းယှဉ်ပါက အစိုးရ၏ပံ့ပိုးကူညီမှု ပိုမိုရရှိသင့်ကြောင်းနှင့် 2023-24(နိုဝင်ဘာမှအောက်တိုဘာလ)အတွက် သကြားရည်နှင့် တင်လဲရည်တို့မှထုတ်လုပ်သည့် အီသနောဝယ်ယူရေးဆိုင်ရာဈေးနှုန်းများကို ပြန်လည်ပြင်ဆင်၍ ချက်ချင်းထုတ်ပြန်ကြေညာသင့်ကြောင်း ISMA က ၎င်းတို့၏ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊  ဇန်နဝါရီလ ၁၅ ရက်အထိ သကြားထုတ်လုပ်မှုများမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ကျဆင်းလျက်ရှိသော်လည်း အိန္ဒိယသကြားစက်များအသင်းက သကြားပိုမိုထွက်ရှိနိုင်မည်ဟု ခန့်မှန်းလျက်ရှိပြီး သကြားရည်နှင့်တင်လဲရည်တို့မှ ထုတ်လုပ်သည့် အီသနောအပေါ် အစိုးရက ဝယ်ယူသည့်ဈေးနှုန်းများကို ပြန်လည်ပြင်ဆင်သတ်မှတ်ပေးရန် ဖိအားပေးဆောင်ရွက်နေမှုအခြေအနေများကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: India’s year-on sugar production till January 15 lags by 5.28%, The Economic Times, January 23, 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News