ဂျပန်နိုင်ငံတွင် အခြားသော အရှေ့အာရှနိုင်ငံများ၌ ကြုံတွေ့နေရသကဲ့သို့ပင် ၂၀၂၂ ခုနှစ်၌ လူဦးရေ ၈၀၀,၀၀၀ ကျော်လျော့ကျခဲ့ပြီး လူဦးရေကျဆင်းမှုဆိုင်ရာ စိန်ခေါ်မှုများမှာ မြင့်တက်လာလျက်ရှိကြောင်း သတင်းစာတွင် “Japan’s population fell by 800,000 last year as demographic crisis accelerates” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် ဂျပန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ ဂျပန်နိုင်ငံသားများနှင့် ဂျပန်နိုင်ငံတွင် နေထိုင်ကြသည့် နိုင်ငံခြားသားများအပါအဝင် ဂျပန်နိုင်ငံ၏လူဦးရေမှာ ၁၂၅.၄ သန်းရှိပါကြောင်း၊ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင် ဂျပန်နိုင်ငံ၌ နေထိုင်ကြသည့် နိုင်ငံခြားသားအရေအတွက်မှာ ၁၀ ရာခိုင်နှုန်းကျော် သိသိသာသာတိုးတက်ခဲ့ပြီး ၂၈၉,၅၀၀ နီးပါး များပြားလာခဲ့ကြောင်း ဖော်ပြထားပါသည်။
သို့သော် ၂၀၀၉ ခုနှစ်မှစ၍ ဂျပန်နိုင်ငံတွင် ဂျပန်နိုင်ငံသားဦးရေမှာ ဆက်တိုက်ကျဆင်းခဲ့ပြီး ၁၄ နှစ်မြောက်ကျဆင်းမှုအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ၈၀၀,၅၂၃ ဦးလျော့ကျခဲ့ကြောင်းနှင့်ထိုသို့လူဉီးရေလျော့ကျမှုမှာ ဂျပန်နိုင်ငံတစ်ဝန်းလုံးရှိ ပြည်နယ်များအားလုံးတွင် ပထမဆုံးအကြိမ်အနေဖြင့် လျော့ကျခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် တိုကျိုတွင် နိုင်ငံခြားသားများနေထိုင်မှု များပြားလာခြင်းကြောင့် လူဦးရေအနည်းငယ်တိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ ၂၀၂၂ ခုနှစ်တွင် သေဆုံးသူဦးရေမှာ စံချိန်တင်များပြားခဲ့ပြီး လူဦးရေ ၁.၅၆ သန်းရှိခဲ့ကြောင်း၊ မွေးဖွားခဲ့သည့် ကလေးဦးရေမှာ ၇၇၁,၈၀၁ ဦးရှိခဲ့ပြီး ကလေးမွေးဖွားမှုမှာ သေဆုံးသူဦးရေ၏ ထက်ဝက်နီးပါးသာရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရှိ တာဝန်ရှိသူက ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံတွင် သေဆုံးမှုများပြားခဲ့ခြင်းမှာ ဆယ်စုနှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး၊ ကမ္ဘာ့စီးပွားရေးတတိယအင်အားအကြီးဆုံးနိုင်ငံ၏ ခေါင်းဆောင်များအပေါ် စိန်ခေါ်မှုများ ပိုမိုများပြားစေခဲ့ကြောင်း၊ လက်ရှိတွင် ဂျပန်နိုင်ငံ၌ အသက်အရွယ်အိုမင်းသူများပြားလာခြင်းနှင့် အဆိုပါသက်ကြီးရွယ်အိုများအား ပင်စင်စရိတ်ထောက်ပံ့ပေးရန်နှင့် ပြုစုစောင့်ရှောက်ရန်အတွက် လုပ်သားအင်အားလျော့နည်းလာခြင်းတို့ကို ကြုံတွေ့ရလျက်ရှိကြောင်း၊ ၁၉၈၀ ခုနှစ်ကာလများတွင် ဂျပန်နိုင်ငံ၌ စီးပွားရေးတဟုန်ထိုးတိုးတက်ခဲ့သည့်အချိန်မှစ၍ လူဦးရေမှာ ပုံမှန်ကျဆင်းလာခဲ့ကြောင်း၊ ဂျပန်နိုင်ငံသို့ ပြောင်းရွှေ့အခြေချနေထိုင်သူများမရှိပါက လူဦးရေကို ထိန်းသိမ်းထားရန်အတွက် မွေးဖွားနှုန်းမှာ ၂.၁ ရာခိုင်နှုန်းရှိရန် လိုအပ်သော်လည်း ၁.၃ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံသားများသည် ကမ္ဘာတွင် သက်တမ်းအရှည်ကြာဆုံးနေထိုင်ရသည့် လူမျိုးများဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် အသက် ၁၀၀ နှင့်အထက်လူဦးရေမှာ လူ ၁၅၀၀ ဦးလျှင် ၁ ဦးနီးပါးရှိကြောင်း အစိုးရ၏ထုတ်ပြန်ချက်များအရ သိရှိရကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံ၏ အိမ်နီး ချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ တောင်ကိုရီးယား၊ စင်ကာပူနှင့် ထိုင်ဝမ်တို့တွင်လည်း လူဦးရေကျဆင်းမှုဆိုင်ရာပြဿနာများ အလားတူကြုံတွေ့နေရကြောင်း၊ လူမှုဆိုင်ရာပြဿနာများပြားလာခြင်းနှင့် နေထိုင်မှုကုန်ကျစရိတ်များကြီးမြင့်လာခြင်းတို့ကြောင့် လူငယ်လူရွယ်များအား ကလေးယူရန် တွန်းအားပေးရာတွင်လည်း စိန်ခေါ်မှုများကြုံတွေ့နေရကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံတွင် လူဉီးရေလျော့ကျလာမှုကို ထိန်းသိမ်းနိုင်ရေးအတွက် ဂျပန်အစိုးရအနေဖြင့် ပြည်ပမှ လာရောက်နေထိုင်သူများနှင့် အလုပ် သမားများပိုမိုများပြားလာစေရန် ဆောင်ရွက်ခဲ့သော်လည်း စိန်ခေါ်မှုများကြုံတွေ့နေဆဲဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ဂျပန်အစိုးရအနေဖြင့် ကျွမ်းကျင်မှုမြင့်မားပြီး လစာနည်းသည့်လုပ်ငန်းခွင်တွင် ပြည်ပလုပ်သား ၃၄၀,၀၀၀ ဦးအား ပြည်ဝင်ခွင့်ပြုရန်အတွက် ဗီဇာအမျိုးအစားအသစ်တစ်ခုကို ဖော်ဆောင်ခဲ့ကြောင်း၊ အဓိကအပြောင်းအလဲတစ်ရပ်အနေဖြင့် သတ်မှတ်ထားသည့် ကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းများတွင် နိုင်ငံခြားးသားများအား အချိန်ကာလအကန့်အသတ်မရှိ နေထိုင်လုပ်ကိုင်ခွင့်ပြုနိုင်ရေး စဉ်းစားဆောင်ရွက်လျက်ရှိကြောင်း ဂျပန်အစိုးရအနေ ဖြင့် ၂၀၂၁ ခုနှစ်တွင် ပြောကြားခဲ့ကြောင်း၊ သို့သော် ကိုဗစ်-၁၉ ဆိုင်ရာကန့်သတ်ချက်များကြောင့် အဆိုပါကိစ္စကို ရပ်နားထားခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် တိုကျိုအခြေစိုက် သုတေသနအဖွဲ့တစ်ခုက ပြုလုပ်ထားသည့် တွေ့ရှိချက်အရ အစိုးရ၏ စီးပွားရေးဆိုင်ရာ ရည်မှန်းချက်များ ပြည့်မီနိုင်ရေးအတွက် ၂၀၄၀ ပြည့်နှစ်တွင် ၂၀၂၀ ခုနှစ်၌ရှိခဲ့သည့် နိုင်ငံခြားသားလုပ်သားဦးရေ၏ ၄ ဆနီးပါးရှိရန် လိုအပ်ကြောင်း ဖော်ပြထားကြောင်း၊ သို့သော် ထိုသို့ဆောင်ရွက်ရန် ရွှေ့ပြောင်းလုပ်သားများအတွက် လူ့အခွင့်အရေးဆိုင်ရာပံ့ပိုးပေးနိုင်သည့် ဝန်းကျင်တစ်ရပ်ကို ကနဦးဖော်ဆောင်ပေးရန်လိုအပ်ပြီး နိုင်ငံခြားသားများအား ပိုမိုလက်ခံနိုင်သည့် လူ့အသိုက်အဝန်းတစ်ရပ်သို့ ကူးပြောင်းနိုင်ရေး တွန်းအားပေးဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း ဖော်ပြထားပါသည်။
သုံးသပ်တင်ပြချက်
ဂျပန်နိုင်ငံတွင် ကလေးမွေးဖွားနှုန်း နှစ်စဉ်ကျဆင်းလာခြင်း၊ လူဦးရေလျော့နည်းလာခြင်းနှင့် သက်ကြီးရွယ်အိုဦးရေ ပိုမိုများပြားလာခြင်း၊ လုပ်သားအင်အား ရှားပါးလာခြင်း၊လုပ်အားခဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် ကုန်ထုတ်လုပ်မှုနှုန်း ကျဆင်းလာခြင်းတို့ကြောင့် နိုင်ငံအတွက် အရေးပါသည့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရေး စိန်ခေါ်မှုများကြုံတွေ့ရလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကလေးမွေးဖွားနှုန်း ဆက်လက်ကျဆင်းလာခြင်းသည် နိုင်ငံ၏လူမှုစီးပွားရေးဆိုင်ရာ လုပ်ငန်းများအားလုံးအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်ပြီး ဂျပန်နိုင်ငံ၏ လူမှုစီးပွားရေးစနစ်ကို ထိန်းသိမ်းနိုင်ရန် ခက်ခဲစေမည်ဖြစ်သည့်အပြင် ကမ္ဘာ့တတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်မှုအပေါ် ဆိုးကျိုးသက်ရောက်စေမည်ဖြစ်သည့်အတွက် အစိုးရအနေဖြင့် နိုင်ငံ၏ အဓိကလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် အလေးအနက်ထားဆောင်ရွက်လျက်ရှိပြီး အဆိုပါစိန်ခေါ်မှုများအား ကျော်လွှားနိုင်ရေးအတွက် ကလေးသူငယ်စောင့်ရှောက်ရေးမူဝါဒ(Child Care Policy)ကဲ့သို့သော ကလေးမွေးဖွားမှုကို တွန်းအားပေးသည့်မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
Source: The CNN News (၂၇-၇-၂၀၂၃)
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)