International News

အိန္ဒိယ-ကနေဒါ၏ တင်းမာမှုများသည် ဘီလီယံပေါင်းများစွာသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေးကို ထိခိုက်စေမည်လား

Last Updated:

ကနေဒါ၀န်ကြီးချုပ် Justin Trudeau က အိန္ဒိယအစိုးရသည် ပြီးခဲ့သည့်နှစ်က ခါလစ်စတန်ခွဲထွက်ရေးခေါင်းဆောင် Hardeep Singh Nijjar ကို သတ်ဖြတ်မှုနှင့် ဆက်နွှယ်မှုရှိသည်ဟု စွပ်စွဲခဲ့ပြီး တနင်္လာနေ့က အိန္ဒိယထိပ်တန်းသံတမန်တစ်ဦးကို နှင်ထုတ်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် အိန္ဒိယအစိုးရကလည်း  အိန္ဒိယနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံမဟာမင်းကြီး Cameron MacKay ကိုဆင့်ခေါ်ပြီး နှင်ထုတ်ခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

G20 ထိပ်သီးအစည်းအဝေးအတွင်း အိန္ဒိယဝန်ကြီးချုပ်နာရင်ဒြာမိုဒီနှင့် ကနေဒါနိုင်ငံဝန်ကြီးချုပ်တို့အကြား တွေ့ဆုံမှုတွင် အဆင်မပြေမှုများကြုံတွေ့ခဲ့ရကြောင်း၊ မိုဒီမှ Trudeau အား အိန္ဒိယဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်နေသည့် အစွန်းရောက်သမားများနှင့်ပတ်သက်၍ India ၏စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောကြားခဲ့သဖြင့် ဒေါ်လာဘီလီယံနှင့်ချီရှိသော နှစ်နိုင်ငံကြား ကုန်သွယ်မှုအပေါ် သက်ရောက်မှုရှိလာနိုင်ပါကြောင်းနှင့် နိုင်ငံရေးအခြေအနတင်းမာမှုများကြောင့် အိန္ဒိယနှင့်ကနေဒါအကြား လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းမှုများရပ်နားထားကြောင်း သိရ သည်။

အိန္ဒိယနှင့် ကနေဒါနိုင်ငံအကြား သံတမန်ဆက်ဆံရေးတင်းမာမှုများဖြစ်ပေါ်နေသော်လည်း နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများကို ထိခိုက်နိုင်ဖွယ်မရှိဟု ကျွမ်းကျင်သူအချို့က ပြောကြားထားကြောင်း၊ စီးပွားရေးဆိုင်ရာဆက်ဆံမှုများ သည် ကူးသန်းရောင်းဝယ်မှုကိုသာ တွန်းအားပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အခြားသော ကုန်သွယ်မှုလျင်မြန်ချောမွေ့စေမည့်မျှော်လင့်ချက်အတွက် နောက်ထပ်အားသာချက်တစ်ခုမှာ အိန္ဒိယနှင့်ကနေဒါနှစ်နိုင်ငံစလုံးသည် မတူညီသည့်ကုန်ပစ္စည်းများကို ထုတ်လုပ်ကြခြင်းဖြစ်ကြသဖြင့်  ကုန်သွယ်မှုဆက်ဆံရေးသည် ဆက်လက်တိုးတက်နေမည်ဖြစ်ပြီး နိုင်ငံရေးကြောင့် နှစ်နိုင်ငံအကြား နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေသော လူအချင်းချင်းချိတ်ဆက်မှု၊ ကုန်သွယ်မှုနှင့် စီးပွားရေးဆက်ဆံမှုများကို ထိခိုက်နိုင်ဖွယ်မရှိကြောင်း Global Trade Research Initiative(GTRI) ပူးတွဲတည်ထောင်သူ Ajay Srivastava က ပြောကြားထားသည်။

အိန္ဒိယနှင့် ကနေဒါနှစ်နိုင်ငံကြား ကုန်သွယ်မှုသည် မကြာသေးမီနှစ်များအတွင်း သိသိသာသာတိုးတက်လာခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၈.၁၆ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း၊ ကနေဒါသို့ အိန္ဒိယ၏တင်ပို့မှုတွင် ဆေးဝါး၊ ကျောက်မျက်နှင့် လက်ဝတရတနာများ၊ အထည်အလိပ်နှင့် စက်ယန္တရားများပါဝင်ပြီး ကနေဒါမှ အိန္ဒိယသို့ တင်ပို့မှု(ဒေါ်လာ ၄.၀၆ ဘီလီယံ)တွင် ပဲမျိုးစုံ၊ သစ်၊ ပျော့ဖတ်နှင့် စက္ကူနှင့် သတ္တုတွင်းထွက်ပစ္စည်းများပါဝင်ကြောင်း သိရသည်။ 

ရင်းနှီးမြှုပ်နှံမှုများတွင် ကနေဒါပင်စင်ရန်ပုံငွေများကို အမြတ်အစွန်းကြီးမားသော အိန္ဒိယ၏ ကြီးမားသောစျေးကွက်တွင် ဆက်လက်ရင်းနှီးမြှုပ်နှံလိမ့်မည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်ကုန်တွင် ကနေဒါပင်စင်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံကျော်ကို အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံခဲ့ပြီး အိန္ဒိယသည် ကမ္ဘာပေါ်တွင် ကနေဒါရင်းနှီးမြှုပ်နှံမှု၏ စတုတ္ထမြောက်အကြီးဆုံးလက်ခံသူဖြစ်လာခဲ့ပါကြောင်း၊ အိန္ဒိယတွင် ကနေဒါပင်စင်ရန်ပုံငွေရင်းနှီးမြှုပ်နှံမှုများမှာ အခြေခံအဆောက်အအုံ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်၊ နည်းပညာနှင့်ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍများတွင်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ထားသည့်ကုမ္ပဏီများတွင် ICICI ဘဏ်၊ Kotak Mahindra Bank၊ Paytm၊ Zomato၊ Nykaa၊ Delhivery မှ Wipro and Infosys တို့ပါဝင်ကြောင်း သိရှိရသည်။

မွမ်ဘိုင်းအခြေစိုက်ပို့ကုန်လုပ်ငန်းရှင်နှင့် Technocraft Industries ၏ဥက္ကဋ္ဌဖြစ်သူ Sharad Kumar Saraf က အိန္ဒိယနှင့်ကနေဒါကြား လက်ရှိဆက်ဆံရေးတင်းမာမှုသည် စိုးရိမ်စရာအကြောင်းရင်းတစ်ခုဖြစ်ကြောင်း၊ သို့သော် နှစ်နိုင်ငံကုန်သွယ်မှုကို ကူးသန်းရောင်းဝယ်မှုများကသာ အဓိကမောင်းနှင်ခြင်းဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှုသည် ယာယီသဘောသဘာဝဖြစ်သဖြင့် ကုန်သွယ်မှုဆက်ဆံရေးကို ထိခိုက်စေမည် မဟုတ်ကြောင်း၊ တရုတ်နှင့်ပင် အိန္ဒိယသည် နှစ်နိုင်ငံဆက်ဆံရေးတွင် တင်းမာမှုများရှိသော်လည်း  ကုန်သွယ်မှုတွင် ဆက်လက်ကောင်းမွန်နေဆဲဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုသည် နိုင်ငံရေးဆက်ဆံမှုကိုမြှင့်တင်ရန် ထိရောက်သည့်ကိရိယာတစ်ခုဖြစ်သဖြင့် အိန္ဒိယနှင့် ကနေဒါနှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရန် အထူးကြိုးပမ်းရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနှင့် ကနေဒါနိုင်ငံတို့သည် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းကြပြီး  အိန္ဒိယနှင့် ကနေဒါအဖွဲ့အစည်း၊ တက္ကသိုလ်များအကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ၂၀၀ ကျော်ရှိကြောင်း၊ ထို့အပြင် ကနေဒါတက္ကသိုလ်များတွင် အိန္ဒိယကျောင်းသား ၃၁၉,၀၀၀ ကျော် စာရင်းသွင်းထားသောကြောင့် အိန္ဒိယသည် Canada တွင် အကြီးဆုံးနိုင်ငံတကာကျောင်းသားအစုအဖွဲ့ဖြစ်ကြောင်း GTRI ၏အချက်အလက်များအရ သိရသည်။

Canadian Bureau for International Education(CBIE)၏အချက်အလက်များအရ ၂၀၂၁  ခုနှစ်တွင် အိန္ဒိယကျောင်းသားများထံမှ ကနေဒါစီးပွားရေးအတွက် အမေရိကန်ဒေါ်လာ ၄.၉ ဘီလီယံ ရရှိခဲ့ကြောင်း၊ အိန္ဒိယကျောင်းသားများသည် ကနေဒါရှိ အကြီးဆုံးနိုင်ငံတကာ ကျောင်းသားအုပ်စုဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် နိုင်ငံတကာကျောင်းသားအားလုံး၏ ၂၀ ရာခိုင်နှုန်းခန့်ရှိကြောင်းနှင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၏ အကျိုးကျေးဇူးများသည် အပြန်အလှန်အားဖြင့် ဖြစ်သောကြောင့် လက်ရှိ အခြေအနေသည် ယင်းအပေါ် သက်ရောက်မှု မရှိနိုင်ကြောင်း GTRI  အား ပူးတွဲတည်ထောင်သူ Srivastava က ပြောကြားခဲ့သည်။

ကနေဒါနိုင်ငံသည် အိန္ဒိယနိုင်ငံသို့ ကုလားပဲနှင့် ပဲနီလေးတို့ကို တင်ပို့လျက်ရှိပြီး အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့သည့်နိုင်ငံများအနက် မြန်မာနိုင်ငံပြီးလျှင် ဒုတိယအများဆုံးတင်ပို့သည့်နိုင်ငံဖြစ်ပါသည်။ ယခုဖြစ်ပေါ်နေသည့် သံတမန်ရေးရာတင်းမာမှုများအပေါ် စီးပွားရေးပညာရှင်များ၊ ကုန်သည်များမှ အကောင်းဘက်မှ မျှော်မှန်းလျက်ရှိသော်လည်း နှစ်နိုင်ငံ ကုန်သွယ်ရေးညှိနှိုင်းမှများရပ်ဆိုင်းထားခြင်းကို တွေ့မြင်ရသဖြင့် ကုန်သွယ်မှုအပေါ်တွင်လည်း သက်ရောက်မှုရှိသည်ကို တွေ့မြင်ရပါသည်။ ထို့ကြောင့် ကနေဒါမှ တင်ပို့သည့် ပဲနီလေးနှင့် ကုလားပဲများအပေါ်တွင်လည်း သက်ရောက်မှုများ ရှိလာနိုင်သဖြင့် မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်ရေးအတွက် အခွင့်အလမ်းများရရှိလာနိုင်သဖြင့် ဈေးကွက်အခွင့်အလမ်းများ ရရှိလာပါက အမိအရရယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

Source: Does India-Canada’s flaring tensions risk multi-billion trade, investment ties?, The Economic Times, 19 September, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News