International News

ရွှေရောင်လွှမ်းသော ရက်သတ္တပတ်အတွင်း အခမဲ့ဗီဇာဖြင့် ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့သို့ တရုတ်ခရီးသွားအများအပြား လာရောက်ခဲ့ကြ

Last Updated:

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ကဲ့သို့ နာမည်ကျော်လူကြိုက်များသော ခရီးသွားဒေသများတွင် အခမဲ့ဗီဇာနှင့် လေယာဉ် စီးခရီးသည်ပိုမိုစီးနင်းပျံသန်းစေရန် တိုးချဲ့လာမှုများကြောင့် တရုတ်နိုင်ငံ၏ရှစ်ရက်ကြာ အားလပ်ရက်ဖြစ်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၇ ရက်ကြာ ရွှေရောင်လွှမ်းသောရက်သတ္တပတ်ကာလ(Golden Week) ပိတ်ရက်အတွင်း အရှေ့အလယ်ပိုင်းဒေသသို့ တရုတ်ခရီးသွားများ အများအပြားရောက်ရှိလာခဲ့ကြောင်း Trip.com Group ခရီးသွားသတင်းဌာနမှ သိရှိရပါသည်။

အရှေ့အလယ်ပိုင်းဒေသတွင်းသို့ တရုတ်ခရီးသွားဧည့်သည်များ တစ်နှစ်ထက်တစ်နှစ် လာရောက်လည်ပတ်မှုသည် ကိန်းဂဏန်းသုံးလုံးအထိ မြင့်တက်လာကြောင်း Trip.com မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Jane Sun က အင်္ဂါနေ့ တွင် Bloomberg TV သတင်းဌာနနှင့် အင်တာဗျူးရာတွင် ကိန်းဂဏန်းအရေအတွက်အတိအကျဖော်ပြခြင်းမပြုဘဲ ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ၏တင်းကျပ်သော Covid Zero စည်းမျဉ်းများသည် တရုတ်ခရီးသွားဧည့်သည် များ၏ ပြည်တွင်းနှင့်ပြည်ပခရီးသွားလာမှုများအပေါ် အတားအဆီးများဖြစ်စေခဲ့သည့်အတွက် ယမန်နှစ်က တရုတ် ခရီးသွားဧည့်သည်များ ခရီးသွားလာမှုပမာဏလျော့ကျခဲ့ကြောင်း အဆိုပါခရီးသွားလုပ်ငန်းဌာနမှ ဖော်ပြထားပါ သည်။

တရုတ်ခရီးသွားများကို အခမဲ့ဗီဇာထုတ်ပေးလျက်ရှိသည့် ထိုင်းနိုင်ငံသည်လည်း အလားတူနာမည်ကျော်လူကြိုက် များလျက်ရှိကြောင်း Sun က ဆိုပါသည်။ စင်ကာပူနိုင်ငံသည်လည်း လေယာဉ်စီးခရီးသည် ပိုမိုစီးနင်းပျံသန်းစေရန် တိုးချဲ့လာခြင်းကြောင့် ဒေသတွင်းတွင် ဦးဆောင်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ကမ္ဘာပေါ်တွင် ခရီးသွားလာမှုပမာဏအကြီးမားဆုံးသော အရင်းအမြစ်ဖြစ်ခဲ့ပြီး ခရီးသွားလာမှုများပြန်လည်ဦးမော့လာမှုသည် ကမ္ဘာ့ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အရေးပါသောအချက်တစ်ခု ဖြစ်ပါသည်။ သို့သော်လည်း ယခုအချိန်အထိ တရုတ်ခရီးသွားအများစုသည် ဇာတိဒေသနှင့်ပို၍နီးသော ပြည်တွင်း ခရီးနှင့် အခြားအတွေ့အကြုံများကိုရရှိရန်အတွက်သာ ၎င်းတို့၏ငွေကြေးများကိုသုံးစွဲရန်ဆန္ဒရှိကြပြီး စရိတ်ကြီး သောနိုင်ငံခြားခရီးများကို သွားလာလည်ပတ်ခြင်းများအပေါ်တွင် စိုးထိတ်နေကြဆဲဖြစ်ကြောင်း ဖေါ်ပြပါရှိပါသည်။

Sun ၏အဆိုအရ ပြည်ပခရီးသွားလာမှုပြန်လည်ကောင်းမွန်လာစေရန် အတားအဆီးများမှာ အချို့သောခရီးစဉ် ဒေသများအတွက် အချိန်ကြာမြင့်သော ဗီဇာလျှောက်ထားခြင်းလုပ်ငန်းစဉ်များအပြင် လေယာဉ်စီးခရီးသည်စီးနင်း ပျံသန်းနိုင်မှု ကန့်သတ်ချက်များကြောင့်လည်းပါဝင်ကြောင်း သိရှိရပါသည်။ ဥရောပတိုက်ကခရီးစဉ်ဒေသများကို သွားချင်သည့် ခရီးသွားများအတွက် Schengen ဗီဇာရရန် ခြောက်လ သို့မဟုတ် ၎င်းထက်ပိုမိုကြာမြင့်နိုင်ကြောင်း သူမ၏အဆိုအရ သိရှိရပါသည်။

အဆိုပါကန့်သတ်ချက်များသည် ဥရောပနှင့် အမေရိကန်တို့ကဲ့သို့သောနေရာများသို့ သွားရောက်ရာတွင် တရုတ် ခရီးသွားဧည့်သည်များအကြား နိုင်ငံတကာခရီးဝေးခရီးသွားလာမှုများအား ပြန်လည်ဦးမော့စေမည့်အရှိန်ကို နှေးကွေးစေခဲ့ပါသည်။ Trip.com ခရီးသွားလုပ်ငန်းဌာနမှတစ်ဆင့် ခရီးစဉ်ရှာဖွေမှုစုစုပေါင်းအရေအတွက်သည် ၂၀၁၉ ခုနှစ်က အဆင့်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း Sun မှ ဆက်လက်ပြောကြားခဲ့ပါသည်။

သုံးသပ်တင်ပြချက်

ကိုဗစ်-၁၉ ကပ်ရောဂါကာလနောက်ပိုင်း တရုတ်နိုင်ငံမှကမ္ဘာတစ်ဝှမ်းရှိ ခရီးစဉ်ဒေသများသို့ သွားရောက်လည်ပတ် ကြသည့် တရုတ်ခရီးသွားဧည်သည်များသည် ပုဂ္ဂလိကသီးသန့်ဆန်သောကိုယ်ပိုင်အတွေ့အကြုံများနှင့်အွန်လိုင်းမှ ခရီးစဉ်ကြိုတင်မှာကြားမှုလမ်းကြောင်းများနှင့် ခရီးသွား App များ လွယ်လင့်တကူရရှိနိုင်မှုတို့ကြောင့် ယခင်က ကဲ့သို့အဖွဲ့လိုက်အုပ်စုလိုက်ခရီးသွားလာကြခြင်းထက် သီးခြားလွတ်လပ်စွာခရီးသွားလာခြင်းကို ပိုမိုရွေးချယ်လာ ကြကြောင်း တွေ့ရှိရပါသည်။

တရုတ်နိုင်ငံ၏ လူလတ်တန်းစားလူဦးရေသည်လည်း ဆက်လက်တိုးပွားလာပြီး အရှေ့တောင်အာရှ၊ ဥရောပ၊ အမေရိကန်နှင့် သြစတြေးလျတို့အပါအဝင် လူကြိုက်များသော ပြည်ပရှိနိုင်ငံတကာခရီးစဉ်ဒေသများကို စူးစမ်း လေ့လာလိုသည့် တရုတ်ခရီးသွားအရေအတွက်မှာလည်း ပိုမိုများပြားလာခဲ့‌ကာ တရုတ်ခရီးသွားများသည် Alipay နှင့် WeChat Pay ကဲ့သို့သော မိုဘိုင်းငွေပေးချေမှုလမ်းကြောင်းများကို မှီခိုအားထားသည့်အတွက် သက်ဆိုင်ရာ ခရီးစဉ်ဒေသများအနေဖြင့် ၎င်းတရုတ်ခရီးသွားဧည့်သည်များကို ဆွဲဆောင်ရာတွင် ၎င်းတို့အတွက်မရှိမဖြစ်လိုအပ် သော အဆိုပါငွေပေးချေမှုနည်းလမ်းများကို လက်ခံဆောင်ရွက်ပေးနိုင်မှုသည်လည်း ဆွဲဆောင်မှုရှိစေသည့် ဆောင်ရွက်ချက်တစ်ရပ်ဖြစ်ပါသည်။

COVID-19 ကပ်ရောဂါသည် နိုင်ငံတကာခရီးသွားဧည့်သည်များအတွက် ခရီးသွားလာမှုအပေါ်တွင် သိသိသာသာ သက်ရောက်မှုများရှိခဲ့ပါသည်။ ခရီးသွားလာမှုကန့်သတ်ချက်များနှင့် ဘေးကင်းရေးဆိုင်ရာလိုအပ်ချက်များ၊ စည်းမျဉ်းများအပေါ် ကြောင့်ကြမှုများဆက်လက်ရှိနေသဖြင့် တရုတ်ခရီးသွားဧည့်သည်များသည် စိတ်ချယုံကြည် ရသည့် ကျန်းမာရေးနှင့်ဘေးကင်းရေးအစီအမံများဖြင့် ခရီးစဉ်များသွားလာရာတွင် စီစဉ်ထားရှိရန် မျှော်လင့်ထား ကြောင်း တွေ့ရှိရပါသည်။

တရုတ်ခရီးသွားဧည့်သည်များအကြားတွင် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ရေးဆိုင်ရာ အသိပညာပေးမှုများ ကြောင့် အသိအမြင်များတိုးတက်လာခဲ့ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့်သဘာဝပတ်ဝန်းကျင်နှင့် သဟ ဇာတဖြစ်ပြီး တာဝန်သိသောခရီးသွားလာခြင်းကဏ္ဍအတွက် ရွေးချယ်မှုများပြုလုပ်ခဲ့ကြကြောင်း တွေ့ရှိရသကဲ့ သို့    တရုတ်ခရီးသွားဧည့်သည်များသည် ဒေသဆိုင်ရာ ယဉ်ကျေးမှု၊ဓလေ့ထုံးစံများနှင့် အစားအသောက်များအပေါ် ကွဲပြားခြားနားသည့်အတွေ့အကြုံကို ရရှိခံစားရန်အတွက် စိတ်ဝင်စားမှုများမှာ ယခင်ကထက် ပိုမိုများပြားလာခဲ့ ကြောင်း ခြုံငုံသုံးသပ်လိုက်ရပါသည်။

Source : gulfnews.com

(ဦးနန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News